ကဇန်းပင်
ကဇန်းပင် | |
---|---|
en:Benstonea affinis from Sambas Regency, West Kalimantan, အင်ဒိုနီးရှားနိုင်ငံ | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Plantae |
Clade: | Angiosperms |
Clade: | Monocots |
မျိုးစဉ်: | Pandanales |
မျိုးရင်း: | Pandanaceae |
မျိုးစု: | Benstonea Callm. and Buerki |
ကဇန်းပင်ကို တောင်သပေါ့ပင်၊ ကဇောင်းပင် ဟုလည်း ခေါ်ကြသည်။ အင်္ဂလိပ်အမည်မှာ urchin-fruited pandan/ thatch screwpine/ scrub breadfruit/ mat palm ဖြစ်သည်။ သိပ္ပံအမည် မျိုးရင်းမှာ Benstonea monticola Callm. & Burki. (Pandanaceae) ဖြစ်သည်။ လက်တင်ဘာသာအရ Benstonea ဆိုသည်မှာ မလေးရှား၊ ဖိလစ်ပိုင်နှင့် ကယ်လီဖိုးနီးယား ကလဲမွန့် တက္ကသိုလ်တို့တွင် ဆရာလုပ်ခဲ့သူ ရုက္ခဗေဒပါမောက္ခ Benjamin Stone အမှတ်တရအမည်ဖြစ်သည်။ အရှေ့တောင်အာရှမှ Pandanus မျိုးများကို သရုပ်ခွဲ သုတေသနပြုခဲ့သူဖြစ်သည်။ ၂၀၁၄-ခုနှစ်ကပင် အထက်ပါမျိုးစုအမည်ကို ပြောင်းခဲ့သော်လည်း (IPNI) The International Plant Names Index တွင် Pandanus monticola ဟု ဖော်ပြထားဆဲ ဖြစ်သည်။ Pandanus ဆိုသည်မှာ သပေါ့ ကဇန်းစသော မျိုးများကို မလေးဘာသာဖြင့် ခေါ်သော အမည် Pandan မှ လက်တင်က တိုက်ရိုက်ယူထားခြင်း ဖြစ်သည်။ monticola ဆိုသည်မှာ တောင်ကုန်းတောင်တန်း စသည်ဖြင့် အဓိပ္ပာယ် ရသော လက်တင်စကား mons- နှင့် နေထိုင်သည်။ တည်ရှိသည်။ ပေါက်ရောက်သည် စသည့် သဘောပြ လက်တင်စကား colo တို့၏ ပေါင်းစပ်အဓိပ္ပာယ် ဖြစ်သည်။ -a ဟူသော နောက်ဆက်ကို ထည့်ပေါင်းလိုက်လျှင် နာမ်ပုဒ် ဖြစ်သွားသဖြင့် monticola ဆိုလျှင် တောင်ပေါ်နေသူ၊ တောင်ပေါ်မှာ ပေါက်သည့်အပင် စသည့်အဓိပ္ပာယ် ဖြစ်သည်။ Benjamin Stone အတွက် Benstone (Ben Stone) ဆိုသည့် စကားလုံးကိုယူပြီး Benstones ဟု အမှတ်တရ မျိုးစုအမည်ပေးခြင်း ဖြစ်သည်။ ဘင်စတုန်း၏ တောင်ပေါ်ပင်ဟု ဆိုနိုင်သည်။
သိမှတ်စရာ
ပြင်ဆင်ရန်သပေါ့ပင်တစ်မျိုး ဖြစ်သည်။ အများအားဖြင့် တောင်ကုန်းများတွင်သာ ပေါက်တတ်သောကြောင့် တောင်သပေါ့(ဇာ) ဟုပင်ခေါ်ကြသည်။ ကဇန်းဟု လူသိပိုများသည်။ ရိုးရိုးသပေါ့ပင်များက ပိုမိုသိပ်သည်းစွာ အုံကျင်းဖွဲ့ ပေါက်တတ်သည်။ ကဇန်းခေါ် တောင်သပေါ့ပင်မှာ သပေါ့လို အုံနှင့်ကျင်းနှင့် မတွေ့ရ။ သပေါ့က အမြစ်မှ တဖြေးဖြေး ပွားတတ်သော်လည်း ကဇန်းက အမြစ်လျှောက်ပြီး မျိုးမပွားတတ်၊ အဖုတ်လိုက်သာ ပေါက်တတ်သည်။ အရွက်များမှာ သပေါ့ပင်၏ အရွက်များကဲ့သို့ ရွက်ပြားရှည်မျိုး ဖြစ်သော်လည်း ကဇန်းရွက်က ပိုထူ၊ ကြမ်းပြီး ပိုရျည်သည်။ ဆူးများမှာ သပေါ့ပင်ဆူးလို ရန်လိုသည့် ဆူးကြီးများမဟုတ်။ အရွက်နှုတ်ခမ်းမှ ဆူးများမှာလည်း သပေါ့ဆူးကဲ့သို့ မမာ မကြီးပေ။ တောသူတောင်သားများ ကဇန်းတောကို ဖြတ်သွားနိုင်သည်။ သပေါ့တောကို မဖြတ်နိုင်။ ဝါဆိုဝါခေါင်လများတွင် ကဇန်းပွင့်သည်။ အပွင့်မှာ ဆပ်သွားဖူးနှင့်တူသည်။ တချို့က မွှေးသည်ဟု ဆိုသော်လည်း နှစ်လိုဘွယ် မရှိသဖြင့် ဆပ်သွားဖူးကဲ့သို့ မသုံးကြချေ။ အသီးမှာ မော်လမြိုင်ဒူးရင်းသီး အငယ်စားနှင့် ဆင်တူသည်။ သီးညှာတံကြီး၍ ရှည်သည်။ တစ်ပင်၏ အဖူးမှာ တစ်လုံးမှ သုံးလုံးခန့်ထိ သီးသည်။ မှည့်လျှင် ချိုအီသောအနံ့ထွက်လာသည်။ ပျော်ကျသွားလျှင် ကြောင်များနှင့် ငှက်များ၏ အစာဖြစ်သည်။
ကဇန်းတောများကို ခုတ်ပြီး တောင်ယာလုပ်ကိုင်သော်လည်း မလုပ်နိုင်သော နှစ်များတွင် မြေအောက်အမြစ်မှ ကဇန်းပင်များ ပြန်ပေါက်တတ်သည်။ ကဇန်းအရွက်များကို ရှေးခေတ်တောသူတောင်သားတို့က အိပ်ယာခင်းများ၊ စပါးလှန်းဖျာ စသည်တို့ ယက်လုပ်ကြသည်။ သို့သော် အချို့က ကဇန်းဖျာပေါ်တွင် အိပ်လျှင် ယောက်ျားဆိုပါက တဖြေးဖြေး ပိန်လာတတ်သည်။ သို့မဟုတ် အသားအရည် ပွစိစိဖြစ်ပြီး သွေးဆုတ်တတ်သည်။ မိန်းမဆိုလျှင် ဓမ္မတာရောဂါများ ဖြစ်တတ်သည်ဟု ဆိုကာ ကဇန်းဖျာများပေါ်တွင် မအိပ်ဝံ့ကြ။ တောကျေးလက်တွင် ကလေးဝက်သက်ပေါက်လျှင် ကဇန်းမြစ်ကို သွေးလိမ်းပေးသည်။ [၁]
ကိုးကား
ပြင်ဆင်ရန်- ↑ ဝင်းတင်ဝင်း၏ တက္ကသိုလ် သုတအဘိဓာန် မြန်မာအပင်များ၊ စာ-၁၊ ၂၀၁၉-ခုနှစ်၊ ပကြိမ်
ဤ အပင် ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |