ကညင်ဆီတိုင်
ကညင်ဆီတိုင်သည် မြန်မာကျေးရွာများ၌ မီးထွန်းရန်နှင့် မီးမွှေးရန် အသုံးပြုသော ပစ္စည်း ဖြစ်သည်။ ကညင်ပင်မှရသော ကညင်ဆီဖြင့် ပြုလုပ်ထားသည်။ ကညင်ဆီကို ထုတ်ယူပုံမှာ တောတောင်၌ ပေါက်ရောက် သော လုံးပတ် ၅ တောင်မှ ၈ တောင်အထိ ကြီးမားသည့် ကညင်ပင်ကြီးတွင် အောက်ခြေအမြစ်မှ အထက် ၃ တောင်ကွာ ခန့်၌ ပြက် ၂ တောင်၊ စောက် ၂ တောင်ခန့် ဓားပုဆိန်နှင့် ထွင်းဖောက်၍ တွင်းဂလိုင် ၁ တောင်ခန့် အကျယ်ရလျှင်၊ သစ် စ သစ်ပေါက်များကို ဖယ်ရှင်း၍ သစ်ကိုင်းခြောက်များဖြင့် မီး တိုက်ရသည်။ တစ်နေ့နှင့် တစ်ညဉ့်တိုက်သော် မီးလောင်ပြီး တွင်းဂလိုင်ထဲသို့ ကညင်ဆီများ ယိုစီးကျသည်ကို ခပ်ယူရ သည်။
အပင်ကြီးလျှင် ၅ ပိဿာမှ ၇ ပိဿာအထိ ရရှိ၍ အပင် ငယ်လျှင် ၂ ပိဿာမှ ၃ ပိဿာအထိ ရရှိသည်။ ရသော ကညင် ဆီကို ကြသောင်းဝါးကျည်ဖြင့်ဖြစ်စေ၊ ကျွဲချိုခွံဖြင့်ဖြစ်စေ ထည့် ရသည်။ မြေအိုးဖြင့် မထည့်ရချေ။ ထိုနောက် ညောင်သား၊ ပေါက်သား၊ အောက်ချင်းစာသား၊ ကျည်သား၊ သရက်သား၊ သစ်ပင် အခြောက်အဆွေးများကို ထု ချေ၍ သစ်သားပျဉ်ပေါ်တွင် ကညင်ဆီနှင့် သမအောင်နယ်ကာ သဘော့ရွက်ခြောက်တွင် သင့်ရုံထည့်၍ အရွက်ချင်း ခေါက်အုပ် ပြီးလျှင် ဝါးနှီးဖြင့် လုံစွာ ၄-၅ ချက် စည်းရသည်။ ယင်းကို ကညင်ဆီတိုင်၊ ကညင်ဆီထုပ်၊ ကညင်ဆီချောင်း ဟုခေါ်သည်။
ကညင်ဆီတိုင်၏ အရွယ်ပမာဏမှာ အရှည်သုံးမိုက်ခန့်၊ လုံးပတ်ဒင်္ဂါးပြားခန့် ရှိသည်။ ကညင်ဆီ တစ်ပိဿာလျှင် အတိုင် ၅ဝ ခန့် ရနိုင်သည်။ ကညင်ဆီကို နကျယ်ကောင်များ ကြိုက်တတ်၍ ဝါးကျည်ကို လုံစွာပိတ်ရသည်။ အဆို့မလုံသော် ခိုဝင်နေသော နကျယ်ကောင်ထွက်၍ အတုပ်ခံရလေ့ရှိသည်။ ကညင်ဆီတစ်တိုင်လျှင် ပြား ၄ဝ-၅ဝ ခန့်ပေး၍ ဝယ်ယူရ သည်။ ရှမ်းနှင့် ကရင်လူမျိုးတို့ အများအပြား လုပ်ကိုင်ရောင်း ချလေ့ရှိသည်။[၁]
ကိုးကား
ပြင်ဆင်ရန်- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)