ကနကဒဏ်ထီးမှာ သုဒဿနစကြာမင်းလက်ထက် ကျွန်းဦးဇမ္ဗုသပြေရွှေကို ထီးအရိုးလုပ်သဖြင့် ကနကဒဏ် ခေါ်ဝေါ်သည်ဆိုသည်။ ကဝိလက္ခဏဒီပနီတွင် အထက်ဖော်ပြရာပါ ရာဇဘိသေကဟူသော သက္ကဋကျမ်းဂန်မရောက်မီ၊ မြန်မာနိုင်ငံ ရွှေထီးရွှေနန်း အဆက်ဆက် ဥကင်တော် သီဟာသန ရာဇပလ္လင်တွင် လက်ဝဲထီးဖြူလေးစင်း၊ လက်ျာထီးဖြူလေးစင်း၊ နှစ်ခုပေါင်းသော် ထီးဖြူရှစ်စင်းရသည်ကို လက်မွန်ရှေးဦး ပညာရှိတို့က အမည်သညာ သမုတ်ထားနှင့်သည်ဟု မှတ်ယူရမည်ဖြစ်ကြောင်း ဖော်ပြထားလေသည်။ ထိုထီးဖြူရှစ်စင်းတို့မှာ -

  • ကနကဒဏ်ထီး နှစ်စင်း၊
  • တမွတ်ထီး နှစ်စင်း၊
  • ယာဉ်ထီး လေးစင်းဖြစ်သည်ဟု လောကဗျူဟာခေါ် အင်ရုံစာတမ်း၌လာသည်။

ကနကဒဏ်ထီးသည် ပကတိရွှေသားကို အရိုးလုပ်သောကြောင့် ကနကဒဏ်ထီးဟုခေါ်သည်။ တမွတ်ထီးမှာ ရှေးစကားဟောင်း ကြီးမြတ်သည်ဟု အဓိပ္ပာယ်ရသော တမွတ်သဒ္ဒါကိုစွဲ၍ မှည့်ခေါ်သောထီးဖြစ်၍ ကြီးမြတ်သော ထီးဟု အဓိပ္ပာယ်ရသည်။ ယာဉ်ထီးမှာ ဧကရာဇ်မင်းမြတ်တို့ဝယ် ဆင်ယာဉ်၊ ရထားယာဉ်၊ လှေယာဉ်သုံးပါး၌ ထီးဆောက်သည် ဖြစ်၍ ယာဉ်ထီးဟုခေါ်လေသည်။ လောကဗျူဟာစာတမ်းအလို လက်ျာ ထီးဖြူလေးစင်းဟူသည်မှာ ကမ္ဗုထီး၊ စန္ဒထီး၊ ပဒုမထီး၊ သမ္မုတိထီးဖြစ်သည်။ လက်ဝဲထီးဖြူလေးစင်းမှာ ကနကဒဏ်ထီး၊ သူရိယထီး၊ ဝိသုကမ္မထီး သမုက္ခထီးဖြစ်သည်။

ကနကဒဏ္ဍရွှေရိုးဆိုလိုသည်။ ထီးဆိုသမျှသည် ရွှေသား ပုဇွန်ခွံမွမ်း ရွှေရိုးလုပ်သည်တွင် ဂုဏ်ထူး၍ ပကတိရွှေသားအရိုး လုပ်လေသောကြောင့် ကနကဒဏ် ခေါ်ဝေါ်သမုတ်သည်လည်း ဆိုသည်။ တမွတ်မှာ ရှေးစကားဟောင်း ဖြစ်သည်။ ကြီးသည် မြတ်သည်ကို တမွတ်ဆိုသည်။ ရှေးစာများတွင်လည်း တမွတ်ရတနာဟူ၍ လည်းကောင်း၊ လူတို့တမွတ် မင်းများထွတ်လျှင်ဟူ၍လည်းကောင်း၊ မယိုင်မညွှတ် ခေါင်တမွတ်သို့ဟူ၍လည်းကောင်း၊ အာဏာလွှံ့ပတ်၊ ညီတော်လတ်ကို၊ တမွတ်ဘုန်းသန့်၊ နှင်း၍ဖြန့်ရှင်ဟူ၍လည်းကောင်း၊ ကျော်ရှိန်မပြတ်၊ အနာဂတ်၌၊ တမွတ်တော်ထားဟူ၍လည်းကောင်း စပ်ဆိုသည်များကို ထောက်၍ သိရသည်။

ယာဉ်ထီးမှာ ဧကရာဇ်မင်းမြတ်တို့ ဝတ်ဆင်ယာဉ်၊ လေယာဉ်၊ ရထားယာဉ်သုံးပါး၌ ဆောက်သည်ဖြစ်၍ ယာဉ်တွင် ဆောက်သည့်ထီးကို ယာဉ်ထီးခေါ်ဝါ်ခြင်း ဖြစ်သည်။ ဧကရာဇ်မင်းမြတ်တို့သည် ကနကဒဏ်ရိပ်ကို မပြတ်ခိုရာ၏ဆိုသည်အတိုင်း ဥကင်မုတ်ထွတ်အနီး၌ ကနကဒဏ်ထီးကို လက်ရင်းထားလေသည်။ နန်းမနန်းဦး၌ ထီးကို မပြတ်ဆောက်လျက် ထီးရိပ်တွင် ဧကရာဇ်မင်းမြတ်တို့ စံပါယ်ပသနေကြောင်းကို လည်း ပညာရှိတို့ စပ်ဆိုသည်မှာ ထီးဖြူအောက်၌၊ တောက်သားမီးနှယ်၊ လျှပ်စစ်နွယ်သို့၊ စလွယ်သင်းကျစ်၊ ဦးရစ်ရွှေပေါင်း၊ နတ်ရုပ်ဆောင်းလျက်ဟူ၍ စပ်ဆိုသည်ကို ထောက်သဖြင့် သိရသည်။ အင်းဝမင်း နရပတိကို အမှတ်တမဲ့ လုပ်ကြံသည်တွင် ထီးရိုးကို ဓားချက်ကျ၍ မင်းနရပတိ ထီးဖြူအုပ်မိသည်။ သောကြာနှင့် ရေနံ့သာစားတို့ ထွေးလုံးကြသည် ဆိုသည့်စကားကို ထောက်၍လည်း ထီးဖြူအောက်၌ မပြတ်စံပါယ်ကြောင်းကို သိရသည်။ ဗြူစောထီးမင်းမှာလည်း ထီးအများကို မဆို၊ လုံးပတ်သုံးထွာ၊ သန္တာအရိုး ကိုးတောင်နှစ်မိုက်၊ အထွတ် ပတ္တမြားတပ်သော ထီးတစ်စီးကိုသာ ဆိုသည်ကိုထောက်လျှင် နန်းဦး၌ မပြတ်အရိပ်ခိုသည် ယူရန်ရှိသည်။

ရှေးစာဟောင်းများတွင်လည်း

"ရွှေပြည်ရိမဒ်၊ ဘူမိထွတ်ဝယ်၊
ကြာဝတ်ဆံသား၊ ရိုးသန္တာတည့်၊
သုံးထွာလုံးပတ်၊ ကိုးတောင်မြတ်ထက်၊
ချက်ထွတ်မဏိ၊ ထီးစန္ဒိနှင့်၊
သီရိပဝရ၊ တေဇကြီးမော၊
ဖြူမင်းစောမှ၊ မုနောင်ခေါင်ချာ" ဟူ၍

စပ်ဆိုလေသည်ဟူ၍ ဖော်ပြထားသည့်ပြင် ရာဇသေဝကမည်သော မင်းခစားတို့ လိုက်နာရန် ကျမ်း၌လည်း ထီးဟူသည်ကား သေတစ္ဆတ္တံဟူ၍ သံကိစ္စ၌လာသောကြောင့်၎င်း။ ဆတ္တဉ္စပဏ္ဍရံဟူ၍ တေမိဇာတ်တော်၌ လာသောကြောင့်၎င်း။ မင်းမြောက်တန်ဆာ ငါးပါးအရာ၌ ထီးဖြူသာတည်း။ ထိုထီးဖြူကား ထီးရွက်ကိုးဆင့်၊ ထီးရိုးဆယ်တောင်ရှိသော နဝဒဏ္ဍထီး။ ထီးရွက်ကား အမှတ်မရှိ၊ ထီးရိုး ငါးတောင်ရှိသော အာတပတ္တထီး။ ထီးရွက်အမှတ်မရှိ။ ထီးရိုးလေးတောင်ရှိသော ဗီယတြထီးအားဖြင့် လေးပါး အပြားရှိ၏။ ထိုလေးပါးတို့တွင် ရှေ့သုံးစင်းတို့ကား ရာဇပလ္လင်မှာ ဆောင်းသောထီးတို့တည်း။ စတုတ္ထထီးကား သွားလေရာရာ ဆောင်းသောထီးတည်း။ ထို့ကြောင့် ရာဇဘိသေကကျမ်း၌

"သောဏ္ဏကုမ္ဘံ နဝဒဏ္ဍံ၊ မနောဟရံ အာတပတ္တံ၊
သဗ္ဗယတြ ဗီဇယတြ၊ ဒဏ္ဍပမာဏောဒသဆဋ္ဌပဉ္စ၊
စတုဟတ္ထော၊ ပရိပရိညေယျော၊
တပ္ပမာဏောဣကောစ္စတေ" ဟူ၍ လာ၏။ ရွတ်ဖတ်လွယ်စေခြင်းငှါ မဂဓပြန်၍ ရေးလိုက်သည်။

အနက်ကား

သောဏ္ဏံကုမ္ဘံ၊ ရွှမြေူတာအိုးအထွတ်ရှိသော။ နဝဒဏ္ဍံ၊ နဝဒဏ္ဍမည်သောထီး။ မနောဟရံ၊ မနောဟရမည်သောထီး။ အာတပတ္တံ၊ အာတပတ္တမည်သောထီး။ သဗယတြံ၊ အခါခပ်သိမ်း သွားလေရာရာဆောင်

အပ်သော။ ဗီဇယတြံ ဗီဇယတြမည်သောထီး။ ဣတိ၊ ဤသို့၊ စတုဗ္ဗိဓံ၊ လေးပါးအပြားရှိသောထီးကို။ ဥစ္စတေ၊ ဆိုအပ်၏။ ဒသဆဋ္ဌပဉ္စစတုဟတ္ထော၊ ဆယ်တောင် ခြောက်တောင် ငါးတောင် လေးတောင်ရှိသော။ ဒဏ္ဍပမာဏော၊ ထီးရိုးအတိုင်းအရှည်ကို။ ပရိညေယျော၊ သိအပ်၏။ တပ္ပမာဏော၊ ထိုသို့အတိုင်းအရှည်ကို။ ဣဟ၊ ဤအရာ၌။ ဥစ္စတေ၊ ဆိုအပ်၏(အစဉ်အတိုင်း ဟပ်၍ယူ)


ထီးကို စီရင်လိုသည်ရှိသော် ထီးရိုးကို၎င်း၊ ထီးချက်ကို၎င်း၊ ထီးလက်ကိုင်းကို၎င်း၊ ကြိုးကို၎င်း၊ ထီးရွက် ကို၎င်း၊ ကလန့်ကို၎င်း၊ အထွတ်မြူတာကို၎င်း စီရင်အပ်၏။ ထီးထွတ်ငှက်မြတ်နား၌ကား၊ ဟင်္သာငှက်ရုပ်ကို၎င်း၊ နွားမြီးဆွဲငှက်ရုပ်ကို၎င်း။ ကျေးငှက်ရုပ်ကို၎င်း၊ မင်း၏ချမ်းသာကို ဆောင်တတ်သောကြောင့် ဘန်ဆင်းစီရင်တတ်၏ဟူ၍ ရာဇဘိသေကကျမ်းများမှာ ဆိုသည်။ ထီးရိုးကိုကား ရွှဖြေင့် အလုံးစုံမွမ်းမံအပ်သည်ရှိသော်၊ ထူးမြတ် ကောင်းမွန်လှစွာ၏ဟူ၍ ရာဇာဘိသေကကျမ်းများမှာ ဆိုသည်။

ထီးခရိုင်စသည်၌ ဘွဲ့သောကြိုးကိုကား ချည်ကိုပင် သုံးလွန်းတင်၊ ကိုးလွန်းတင်၊ ခြောက်လွန်းတင်ကျစ်အပ် ၏။ ထီးချက်ပမာဏကိုကား နှစ်ဆယ့်ရှစ်သစ်အလွန်ရှိသော တစ်ရာသော လက်သစ်ပမာဏအထူးကို ပြုစီရင်အပ် ၏ဟူ၍ ဗျာသမုနိရသေ့မိန့်ဆိုကြောင်းကို ရာဇဘိသေကကျမ်းများ၌ ဆိုသည်။ အချင်းငါးတောင်တမိုက် ဖြစ်ရကား၊ တစ်ဖက်တစ်ဖက်သည် နှစ်တောင့်ထွာနှင့်လေးသစ် ဖြစ်၏။ ဤကား နဝဒဏ္ဍထီး၌ အောက်ဆင့်ကိုသာဆိုသည်။ သင့်တင့်အောင် အထက်ရှစ်ဆင့်ကို စီရင်အပ်၏။ ကြွင်းသော ထီးသုံးစင်း၌ကား တစ်ဆင့်သာ ဤအတိုင်းအရှည်ကို စီရင်အပ်၏။ နဝဒဏ္ဍထီးမှာ ပြာဿာဒ်ကဲ့သို့ အဆင့်တက် ၏။ ရွှေညောင်ရွက် တစ်ရာ့ရှစ်ခုတို့ဖြင့် ဖန်ဆင်းစီမံအပ်၏။ ထက်ဝန်းကျင်မှာ ဆွဲအပ်၏။ မြပတ္တမြား၊ သန္တာ စသော ပန်းပွားတို့ကို ထိုရွှေညောင်ရွက်၏အကြား၌ ဆွဲထားစီခြယ်လှည့်ရာ၏။ ဤအတိုင်းအရှည်ကို နဝဒဏ္ဍထီးမှာ ယူလေ။ ကြွင်းသော ထီးသုံးစင်းမှာ ရွှေညောင်ရွက်အရေအတွက် ပမာဏကို ရာဇဘိသေကကျမ်းများမှာ မပြ။ ထို့ကြောင့် လျောက်ပတ် တင့်တယ်အောင် လုပ်ရာ၏။ ထီးသုံးစင်း မင်းသုံးပါးတို့ကို ရောနှော၍ ဟောနည်းများကို ရာဇဘိသေကကျမ်းများမှာ ဆို၏။ ထိုစကားကို ယူဆောင်၍ ရာဇသေဝကဒီပနီ မည်သောကျမ်း၌ မပြလိုက်ပြီ။ ကျမ်းကြီးအံ့သည်မှာ ကြောက်သောကြောင့်တည်း။ လောကဗျူဟာကျမ်း၌ကား ကနကဒဏ်နှစ်စင်း။ တမွတ်နှစ်စင်း၊ ယင်းထီးလေးစင်းဟူ၍ လာသည်။ ကမ္ဗုထီး၊ စန္ဒထီး၊ ပဒုမထီး၊ သမုဒ္ဒဇာထီးဟူ၍ လကျာ်လေးစင်း၊ ကနကဒဏ်ထီး၊ သူရိယထီး၊ ဝိသုကမ္မထီး၊ သမု က္ခထီးဟူ၍ လက်ဝဲလေးစင်းဖြင့် ပေါင်း ရှစ်စင်းဟူ၍ ဒိသာဇေယျာ စာတမ်းများမှာ လာသည်။ တမွတ်ထီးကို ကမ္ဗုထီးနှင့်မကွဲမပြား အတူတူဟူ၍လည်းယူရသည်။

ရတနာပူရစတုတ္ထမြို့တည် နန်းတည်မင်းတရားကြီး အဘိသေက စာတမ်းတွင် ထီးဖြူတော်ကို မင်းတရားကြီးလက်တော်နှင့်အချင်းလေးတောင် ခြောက်သစ်၊ အချင်းအဝန်း မုခ်ပေါင်း လေးဆယ့်ကိုးကို ရှစ်ခုစား။ တစ်ခုကြွင်းရကား နေခြည်ကာသောထီးဟူ၍ အကြောင်းကြံလျက် စွန်သုတ်နား ထောင့်တဆယ့်နှစ်ပေါက်၊ ထီးတံသုံး ဆယ့်ခြောက်၊ ကြာယပ်သုံးဆင့်၊ ညောင်ရွက်တရာ့ရှစ်ခု၊ ပုလဲဆိုင်း၊ သန္တာဆိုင်းတရာ့ရှစ်သွယ်၊ ထီးချက် အချင်း တထောင်၊ စောက်တတောင်တမိုက်၊ ထီးရိုးထီးဝန်းနှင့်အမျှ လုပ်ကြောင်းကို ဆိုသည်။

ရတ္တမဏိဝဏ္ဏံ ကမ္ဗလ ပရိယောနဒ္ဓံ သေနာပတိ ဆတ္တံအဒံသုဟူ၍ သီဟစစ်သူကြီးအား ပတ္တမြားနီသ ဖွယ်၊ ကမ္ဗလာနီဖြင့်၊ မြေးရှက်အပ်သော ထီးကို လိစ္ဆဝီမင်းတို့ပေးကြောင်းကို သတ္တနိပါတ် အင်္ဂုတ္တိုရ် အဋ္ဌကထာ တွင် ဆိုသောကြောင့် မှူးတော်မတ်တော် သေနာပတိတို့အား ထီးနီသာ ဖြစ်သင့်၏ဟူ၍ ဆရာတို့ဆိုကြသည်ကား အပြစ်တင်ရန် မကင်းဖြစ်သည်။ အဘယ်သို့ အပြစ်တင်ရန် မကင်းဖြစ်သနည်းဟူမူကား၊ စစ်သူကြီးအား ထီးနီ ပေးကြောင်းကို ဆိုခါမျှဖြင့် မှူးတော်မတ်တော်အားလုံးကို ထီးနီသာပေးသင့်၏ ဖြစ်သင့်၏ မဆိုတန်၊ မှူးတော် မတ်တော်အားလုံးအား ထီးနီကိုချည်းပေးက အထွေးထွေး အရှက်ရှက် သေနာပတိဌာနန္တရ ရာထူးသည် ကျေးဇူးမထင် ဂုဏ်အင်မပြား ဖြစ်ရာသဖြင့် အောက်ကပြခဲ့သော နေရုတောင်ကဲ့သို့ ရေမြေ့သဌ်နင်းမင်းတို့၏ကျေးဇူး တော် ဆုတ်ယုတ်နည်းပါးရာသည်။

ထို့ကြောင့် စစ်သူကြီး စစ်မက်ရေးအရာ လိမ္မာကုန်သော စစ်ခေါင်မြေဝး အမှုတော်ကို ထမ်းရွက်နိုင်မည့် စွမ်းရည်သတ္တိရှိကုန်သော သူတို့အားသာ ထီးနီကို ချီးမြှင့်အပ်သည်ဟုထင်သည်။ သို့မှလည်း ယခင် လိစ္ဆဝီမင်းတို့ ထုံးစံကို ပြသော အဋ္ဌကထာနှင့်ညီမည်။ ထီး အဆောင်အရွက်စသည်တို့မှာ ရေမြေရှင်မင်းတို့ သမုတ်ရာ အယုတ်၊ အလတ်၊ အမြတ်ဖြစ်သင့်ရကား ထိုသို့အဆောင်အရွက် အစီးအနင်း မှန်သမျှကိုပင် ဆုတ်တက်နိမ့်မြင့်အားဖြင့် ထားပြီးလျှင် အမှုထမ်းရည် သတ္တိရှိ မရှိ၊ အနည်းအများကို ထောက်ထား၍ ချီးမြှောက်ခြင်းသာ သင့်လျော်ရာသည် ဟူ၍ ဖော်ပြထားပေ၏။

ပြုလုပ်ပုံ

ပြင်ဆင်ရန်

ထိုမင်းခမ်းမင်းနားဆိုင်ရာ ထီးတို့ကို ပြုလုပ်ရာ၌ ထီးရိုး၊ ထီးချက်၊ ထီးလက်၊ ကြိုး၊ ထီးရွက်၊ ကလန့်၊ အထွတ်မြူတာ စသည့်အစိတ်အပိုင်းတို့ကို ပြုလုပ်ရသည်။

  • ထီးထွတ် ငှက်မြတ်နား၌ ဟင်္သာငှက်ရုပ်ကို၎င်း၊ နွားမြီးဆွဲငှက်ရုပ်ကို၎င်း၊ ကျေးငှက်ရုပ်ကို၎င်း၊ ကြက်ရုပ်ကို၎င်း စီရင်ရသည်။
  • ထီးရိုးကို ရွှေဖြင့်လုပ်သော် ထူးမြတ်ကောင်းမွန်၏ဟုဆိုသည်။
  • ထီးခရိုင် စသည်တို့ကို ဖွဲ့သောကြိုးအား ချည်ပင် သုံးလွန်းတင်၊ ခြောက်လွန်းတင်၊ ကိုးလွန်းတင် ကျစ်ရသည်။
  • ထီးချက် ပမာဏကို ကား ၂၈ လက်သစ်မှသည် ၁၀ဝ သော လက်သစ် ပမာဏအထိ ပြုလုပ်ရသည်။
  • ထီး၏အချင်းမှာ အောက်ဆုံးအဆင့်၌ ငါးတောင်တမိုက်ရှိ၍၊
  • ထီးရွက် ကိုးဆင့်ရှိသော နဝဒဏ္ဍထီးတွင် အထက်ရှစ်ဆင့်ကို သင့်တင့်အောင် စီရင်ရသည်။ ကြွင်းသော ထီးတို့၌ တစ်ဆင့်သာရှိ၏။ နဝဒဏ္ဍထီးတွင် ရွှေညောင်ရွက် တစ်ရာ့ရှစ်ရွက်ကို ထက်ဝန်းကျင်၌ ဆွဲရသည်။ ရွှေညောင်ရွက်တို့၏ အကြားတွင် မြပတ္တမြားသန္တာ စသောပန်းပွားတို့ကို ဆွဲရသည်။


ရတနာပူရစတုတ္ထမြို့တည် နန်းတည် မင်းတရားကြီး အဘိသေက စာတမ်းတွင် ထီးဖြူတော်ကို မင်းတရားကြီးလက်တော်နှှင့် အချင်းလေးတောင် ခြောက်သစ်၊ စွန်သုတ်နားထောင့် တဆယ့်နှစ်ပေါက်၊ ထီးတံသုံးဆယ့်ခြောက်၊ ကြာယပ် သုံးဆင့်၊ ညောင်ရွက်တစ်ရာ့ရှစ်ရွက်၊ ပုလဲသန္တာဆိုင် တစ်ရာ့ရှစ်သွယ်၊ ထီးချက် အချင်းတထောင်၊ စောက်တတောင်တမိုက်၊ ထီးရိုးထီးဝန်းနှင့်အမျှလုပ်ကြောင်းကိုဆိုသည်။

ထို့ပြင် မှူးကြီးမတ်ရာ သေနာပတိတို့အတွက် အဆောင်အယောင်အဖြစ် ပေးအပ်သော ထီးနီလည်းရှိသေးသည်။ ပုံစံအားဖြင့် ခန်းပတ်မင်းကြီး၏ အဆောင်အယောင်ဖြစ်သော ထီးနီတွင် ထီးရွက်အနီနှစ်ဆင့်တက်သည်။ ထိုနှစ်ရွက်ဆင့် ထီးနီ၌ ရွှေညောင်ရွက် သုံးဆင့်ရှိသည်။ ညောင်ရွက်ရေမှာ ၃၆ ရွက်ဖြစ် သည်။ အချက်၊ အထွတ်နှင့် အရိုးကိုရွှေချသည်။ ထီးရိုးမှာ ကြံဆစ်ပုံရှိသည်။

တစ်ပါးနိုင်ငံတွင် ထီးကို ရာထူးအဆင့်အတန်းပြသော ပစ္စည်းအဖြစ်ဖြင့် သုံးစွဲကြသည်။ အီဂျစ်နှင့် အဆီးရီးယားပြည်တို့တွင် ထီးကို ရာထူးလိုက် အမျိုးမျိုးသုံးစွဲကြသည်။ ရှေးခေတ် ဂရိနှင့် ရောမနိုင်ငံတို့တွင် ထီးမှာ မိန်းမသုံးပစ္စည်း ဖြစ်သည်။ အင်္ဂလန်ပြည်တွင် အန်ဘုရင်မ လက်ထက်သို့ ရောက်ခါမှ ထီးကို ယောက်ျား မိန်းမ မဟူ အများသုံးလာကြသည်။ []

  1. ဟံသာဝတီ-ဦးဘရင် ရေး၊ ၁၉၇၂-ခုနှစ်၊ ဇွန်လထုတ်၊ သွေးသောက်မဂ္ဂဇင်း၊ အမှတ်(၃၁၈)၊ စာမျက်နှာ(၈၁ မှ ၈၃ ထိ)