ပင်မမီနူးကို ဖွင့်ရန်

ကနေဒါနိုင်ငံ၏ သွင်ပြင်အနေအထားကို သဘာဝဒေသကြီး ၅ ခုဖြင့် ခွဲဝေပိုင်းခြားနိုင်သည်။ ယင်းတို့မှာ လောရင်းရှန်း ကုန်းပြင်မြင့်၊ အတ္တလန္တိတ် ကမ်းခြေဒေသ၊ စိန်လောရင် မြစ်ဝှမ်းဒေသ၊ ပရေရီ လွင်ပြင်ဒေသနှင့် အနောက်ဘက် တောင်တန်းဒေသတို့ ဖြစ်ကြသည်။

လောရင်းရှန်း ကုန်းပြင်မြင့်သည် အာတိတ်သမုဒ္ဒရာ ကမ်းခြေတို့မှ တဖြည်းဖြည်း မြင့်တက်လျက် တောင်ဖက်အိုင်ကြီး ၅ အိုင်နှင့် စိန်လောရင့်မြစ်အထိ ကျယ်ပြန့်စွာ တည်ရှိသည်။ အကျယ်အဝန်းအားဖြင့် ကနေဒါ၏ သုံးပုံနှစ်ပုံခန့်ရှိ၍ သစ်တောများဖြင့် ဖုံးအုပ်လျက်ရှိသည့်ပြင် ရေအိုင်များလည်း အထူးပေါများသည်။ ထိုကုန်းပြင်မြင့်၏ ထက်ဝက်ခန့်မှာ ပေ ၁၀၀၀ ပင် မမြင့်တတ်ကြသော်လည်း အချို့နေရာတို့၌မူ ပေ ၆၀၀၀ အထိ မြင့်လေသည်။ မြောက်ဘက်ဖျားမှာ ရာသီဥတု အလွန်အေး၍ သစ်ပင်ကြီးများ မပေါက်နိုင်သည့်အတွက် ကျတ်တီးပြင်ဒေသဟု ခေါ်ကြသည်။ မြေဩဇာ ခေါင်းပါးသဖြင့် လယ်ယာလုပ်ငန်း မထွန်းကားသော်လည်း၊ တွင်းထွက်ပစ္စည်း ပြည့်စုံခြင်း၊ သစ်တောများမှ သစ်ပျော့ဖတ်နှင့် သားမွေးကောင်များ ရရှိခြင်း၊ ရေအားသုံးလျှပ်စစ်ဓာတ်အား ကြွယ်ဝခြင်းတို့ကြောင့် ထိုကုန်းပြင်မြင့်သည် ကနေဒါနိုင်ငံအတွက် အထူးအရေးပါလေသည်။

အတ္တလန္တိတ် ကမ်းခြေဒေသတွင် ကမ်းရိုးတန်းနယ်များဖြစ်သော နယူးဗရန်ဇွစ်၊ နယူးဖောင်းလန်း၊ နိုဗါစကိုးရှားနှင့် ပရင့်အက်ဒွပ်ကျွန်းများ ပါဝင်ကြ၏။ အက်ပလက်ချီယန်တောင်၏ အဆက်ဖြစ်သော တောင်ရိုးတောင်ကုန်းများ ရှိသဖြင့် မြေမျက်နှာပြင်မှာ မညီညာလှပဲ လှိုင်းထသကဲ့သို့ ဖြစ်နေသည်။ နယူးဖောင်းလန်းသည် လားဗရာဒေါ ရေအေးစီးကြောင်း ရှိသည့်အတွက် အလွန်အေးသော်လည်း၊ ကျန်နယ်များတွင် ရာသီဥတု မျှတညီညွတ်သည်။ အဖိုးတန်သစ်တောများ ရှိသည့်အပြင် မြေဩဇာကောင်းသော နေရာကွက်များလည်း အနှံ့အပြားရှိသည်။ ကမ်းခြေတလျှောက်တွင် နက်ရှိုင်းကောင်းမွန်သော သင်္ဘောဆိပ်များ ပေါများ၏။

စိန်လောရင့်မြစ်ဝှမ်းဒေသသည် ကနေဒါ၏ သဘာဝဒေသတို့တွင် အငယ်ဆုံးဖြစ်သော်လည်း လူဦးရေအများဆုံး နေထိုင်ရာဒေသ ဖြစ်သည်။ လယ်ယာလုပ်န်းအတွက် ကောင်းမွန်သော ဒေသဖြစ်သည့်ပြင် ရေအားပေါများသဖြင့် စက်မှုလုပ်ငန်း ထွန်းကားသည်။ ကွီဗက်မြို့၊ မွန်းထရီးအောမြို့၊ အော့တဝါမြို့ ကဲ့သို့သော မြို့ကြီးများသည် ထိုမြစ်ဝှမ်းဒေသ၌ ရှိကြသည်။

ပရေရီလွင်ပြင်ဒေသသည် လောရင်းရှန်း ကုန်းပြင်မြင့်ဆုံးရာ ဝင်နီပက်မြို့၏ အရှေ့ဖက်နားမှ ရော့ကီးတောင်တန်းများအထိ မိုင်ပေါင်း ၈၀၀ ခန့် ကျယ်ပြန့်သည်။ ထိုဒေသတွင် မနီတိုးဗါးနယ်၊ ဆက်စကက်ချီဝမ်နယ်နှင့် အယ်လဗါးတားနယ်များ ပါဝင်ကြသည်။ မြောက်ဘက်ပိုင်းတွင် သစ်တောများ ပေါက်ရောက်၍ တောင်ဘက်ပိုင်းသည် ညီညာပျံ့ပျူးလေသည်။ မြေဩဇာ ကောင်းမွန်ထက်သန်သည့် အလျောက် လယ်ယာလုပ်ငန်း ထွန်းကားသည့် အချက်အခြာ ဒေသကြီးဖြစ်ရာ ထိုဒေသသည် ကနေဒါနိုင်ငံအဖို့ မြေကြီးမှ ရွှေသီးရာအရပ်ပင် ဖြစ်သည်။

အနောက်ဘက် တောင်တန်းဒေသသည် ဗြိတိသျှကိုလံဘီယာနယ်၊ ယူးကွန်းနယ်နှင့် အယ်လဗါးတားနယ် အနောက်ဘက်နယ်စပ် တလျှောက်တွင် ကျရောက်၍ တောင်စဉ်တောင်တန်းများ ယှဉ်ပြိုင်လျက် တည်ရှိသည်။ အရှေ့ဘက်ဆုံး တောင်တန်းမှာ ရော့ကီးတောင်ဖြစ်၍ အနောက်ဘက်မှ ယှဉ်နေသော တောင်တန်းများမှာ ဆဲလကတ်တောင်နှင့် ကမ်းရိုးတန်းတောင်များ ဖြစ်ကြသည်။ ရော့ကီးတောင်တန်းမှာ ပေ ၇,၀၀၀ မှ ၁၃,၀၀၀ ကျော်အထိ မြင့်၏။ သို့ရာတွင် အမြင့်ဆုံး တောင်ထိပ်များမှာ ယူးကွန်းနယ်တွင်ရှိသော လိုဂန်တောင်ထိပ် (ပေ ၁၁၈,၈၅၀) နှင့် စိန်အီလိုင်းယက်တောင်ထိပ် (ပေ ၁၈,၀၀၀) တို့ ဖြစ်ကြ၏။ ဗြိတိလျှကိုလံဘီယာနယ်တွင် မြေဩဇာကောင်းသော ချိုင့်ဝှမ်းဒေသ ရှိသဖြင့် သစ်သီးပင်များ စိုက်ပျိုးကြ၍ နို့ထွက်ပစ္စည်း ထုတ်လုပ်ကြသည်။

ပစိဖိတ် သမုဒ္ဒရာနှင့် အတ္တလန္တိတ်သမုဒ္ဒရာဖက်တွင် မိုင်ပေါင်း ၁၃,၀၀၀ ခန့်ရှည်သော ကမ်းရိုးတန်းရှိလျက် အတ္တလန္တိတ် သမုဒ္ဒရာဖက်ရှိ ကမ်းရိုးတန်းမှာ အကွေ့အကောက် အလွန်များ၏။ ဟဒ်ဆန် ပင်လယ်အော်နှင့် စိန်လောရင့်ကွေ့တို့မှ ကနေဒါနိုင်ငံ၏ အလယ်ဗဟိုခန့်သို့ ရောက်အောင် ရေကြောင်းခရီးဖြင့် အလွယ်တကူ သွားရောက်နိုင်သည်။ ကနေဒါနိုင်ငံတွင် အထင်ရှားဆုံးသော မြစ်မှာ စိန်လော့ရစ်မြစ် ဖြစ်သည်။ မိုင် ၁၉,၀၀၀ ခန့်ရှိ၍ အတ္တလန္တိတ် သမုဒ္ဒရာထဲသို့ စီးဝင်၏။ နယ်လဆင်မြစ်၊ ချာချီမြစ်နှင့် ဆက်စကက် ချီဝမ်မြစ်များသည် ဟဒ်ဆန် ပင်လယ်အော်ထဲသို့ စီးဝင်ကြ၍ ၂,၅၁၄ မိုင် ရှည်သော မက္ကင်ဇီမြစ်သည် အာတိတ် သမုဒ္ဒရာထဲ့သို့ စီးဝင်ကြသည်။ အနောက်ဘက်တွင် ကိုလမ္ဗီးယားမြစ်၊ ဖရေဇာမြစ်နှင့် ယူးကွန်းမြစ်တို့သည် ပစိဖိတ် သမုဒ္ဒရာထဲသို့ စီးဝင်ကြသည်။

ကနေဒါနိုင်ငံတွင် တောင်ဘက်နယ်စပ်ရှိ အိုင်ကြီး ၅ အိုင်အပြင် ကုန်းတွင်းရေအိုင် အမြောက်အမြားလည်း ရှိသည်။ ထိုအိုင်များမှာ အင်းငယ်၊ အိုင်ငယ်ကလေးများမှ မိုင်ပေါင်းများစွာ ကျယ်ဝန်းသည့် ရေအိုင်ကြီးများအထိ အရွယ်ရွယ် အစားစား ဖြစ်ကြသည်။ ထင်ရှားသော အိုင်ကြီးများမှာ မနီတိုးဗါး၊ ဝင်နီပက်၊ ဂရိတ်ဗဲယား၊ ဂရိတ်ဆလေ့ စသည်တို့ ဖြစ်ကြ၏။ အတော်အတန်ကြီးမားသော ရေချိုအိုင်များစွာလည်း ရှိသေးသည်။ ကနေဒါနိုင်ငံတွင် မြစ်များ၊ အိုင်များ၏ စုစုပေါင်း အကျယ်အဝန်းမှာ စတုရန်းမိုင်ပေါင်း ၂၂၈,၀၀၀ မျှရှိသည်။

ရာသီဥတုပြင်ဆင်

ကနေဒါနိုင်ငံသည် ကြီးမားကျယ်ဝန်း၍ အာတိတ်ဇုန်နှင့် သမပိုင်းဇုန်တို့တွင် ကျရောက်တည်ရှိသည့်အလျောက် ရာသီဥတု အမျိုးမျိုး ကွဲပြားသည်။ ယေဘုယျအားဖြင့် ဒေသအများတို့မှာ ဆောင်းရာသီတွင် အလွန်အေး၍ နွေအခါတွင် အတန် ပူပြင်းကြသည်။ မြောက်ဘက်ဖျားကျသော ယူးကွန်းနယ်၊ အနောက်မြောက်နယ်နှင့် ကွီဗက်နယ် မြောက်ပိုင်းတို့တွင် အာတိတ် ရာသီဥတုကို ရရှိကြ၍ ဟဒ်ဆန် ပင်လယ်အော်သည် တစ်နှစ်လျှင် ကိုးလမျှ ရေခဲလေသည်။ ဤသို့ဖြင့် ကနေဒါ မြောက်ပိုင်းတလျှောက်တွင် နှင်းများသာ အကျများ၍ မိုးအရွာနည်း၏။ တောင်ဘက်ကျသော ဒေသများတွင် ပူနွေးမျှတသော ရာသီဥတုကို ရရှိကြသည်။ အရှေ့ဘက်၌ရှိသော ကမ်းရိုးတန်းနယ်များမှာ နေကျဲကျဲပူသော်လည်း အနေတော်မျှဖြစ်သော နွေဥတုမျိုး ရရှိ၍ မိုးရွားသွန်းခြင်း များသည်။ ပရေရီလွင်ပြင်ဒေသတွင် အေးမြသော ဆောင်းဥတုကို ရရှိသော်လည်း ရော့ကီးတောင်တန်းများဘက်မှ တိုက်ခတ်လာသော ‘ချိနွတ်’ခေါ် လေပူများကြောင့် အအေးဒဏ် မပြင်းထန်လှချေ။ သို့ရာတွင် ရော့ကီးတောင်တန်းများကပင် ပစိဖိတ်ဘက်မှ တိုက်ခတ်လာသည့် ရေခိုးရေငွေ့ပါသောလေတို့ကို တားဆီးထားပြန်သဖြင့် ပရေရီလွင်ပြင်ဒေသ၏ အနောက်တောင်ပိုင်းမှာ မိုးခေါင်သည်။ ပစိဖိန်ကမ်းခြေ တလျှောက်တွင်မူ မိုးများစွာရွာသွန်း၍ ပစိဖိတ် သမုဒ္ဒရာမှ တိုက်ခတ်လာသည့် ပူနွေးသောလေကြောင့် အရှေ့ဘက် ကမ်းခြေဒေသတို့ထက် ပို၍ပူနွေးသည်။ [၁]

ကိုးကားပြင်ဆင်

  1. မြန်မာ့စွယ်စုံကျမ်း