ကနေဒါနိုင်ငံသည် ဗြိတိသျှဓနသဟာယ နိုင်ငံများတွင် ပါဝင်၍ ဂရိတ်ဗြိတိန်နှင့်လည်းကောင်း၊ အခြားသော ဒိုမီနီယန် နိုင်ငံများနှင့်လည်းကောင်း တန်းတူကိုယ်ပိုင်အုပ်ချုပ်ရေး ရရှိသော နိုင်ငံဖြစ်သည်။ သို့သော် ၁၈၆၇ ခုနှစ် ဗြိတိသျှ မြောက်အမေရိက အက်ဥပဒေတွင် ပါဝင်သော အခြေခံဥပဒေကို ကနေဒါပါလီမန်က ထပ်မံပြင်နိုင်သည့်အပြင် ကနေဒါနိုင်ငံအတွက် အပြီးသတ် အယူခံ တရားရုံးတော်သည် ပရီဗီကောင်စီပင် ဖြစ်နေသေးသည်။ မည်သို့ဖြစ်စေ အထက်ပါ ကိစ္စနှစ်ရပ်စလုံးကို ကနေဒါပါလီမန်၏ ထောက်ခံချက် ရရှိမှသာ သက်ဆိုင်ရာတို့က ဆောင်ရွက်ကြသည်။

ကနေဒါ ဒိုမီနီယန် နိုင်ငံအတွင်း၌ ပြည်နယ် ၉ ခုနှင့် နယ်ကြီး ၂ ခုရှိ၍ အမေရိကန် ပြည်ထောင်စုကဲ့သို့ ပြည်နယ်များကို စုပေါင်းထားသည်။ သို့သော် အခြေခံဥပဒေတွင် ပြည်နယ်များအတွက် အာဏာများကို ဖော်ပြ၍ ကြွင်းသောအာဏာများကို ဗဟိုအစိုးရသို့ အပ်နှင်းသည်ဟုဆိုထားရာ ကနေဒါအစိုးရသည် အမေရိကန် ပြည်ထောင်စု ဗဟိုအစိုးရထက် အာဏာပို၍ ရရှိသည်။ အုပ်ချုပ်ပုံစနစ်မှာ ဗြိတိသျှစနစ်အတိုင်း ဖြစ်သည်။ ဗြိတိသျှဘုရင်က ထိုင်နိုင်ငံအား အုပ်ချုပ်ရန် ဘုရင်ခံချုပ် ခန့်အပ်ထားသော်လည်း ဘုရင်ခံချုပ်မှာ ဩဇာအာဏာမရှိပေ။ ကနေဒါ အစိုးရ ဝန်ကြီးများ၏ အကြံပေးချက်အတိုင်း ဆောင်ရွက်ရသူဖြစ်သည်။ ကနေဒါနိုင်ငံ အုပ်ချုပ်ရေးတွင် လက်တွေ့ ဩဇာအာဏာ အရှိဆုံးမှာ ဝန်ကြီးချုပ်ဖြစ်သည်။ အစိုးရအဖွဲ့တွင် ဝန်ကြီး ၂၀ ထက်မနည်းရှိ၍ ထိုသူများသည် အုပ်ချုပ်ရေးဆိုင်ရာ ဌာနများ၏ အကြီးအကဲ တာဝန်ခံများဖြစ်သည်။ ပြည်ပရေးရာဌာနကို ဝန်ကြီးချုပ်ကသာ တာဝန်ယူလေ့ရှိသည်။

ကနေဒါပါလီမန်တွင် လွှတ်တော် ၂ ရပ်ရှိသည်။ အထက်လွှတ်တော်တွင် ရာသက်ပန် ကိုယ်စားလှယ် ၁၀၂ ဦးပါဝင်၍ ယင်းတို့အား ကနေဒါပရီဗီကောင်စီ၏ အကြံပေးချက်အရ ဘုရင်ခံချုပ်က ခန့်ထားသည်။ အောက်လွှတ်တော်မှ အတည်ပြုပြဋ္ဌာန်း တင်ပို့လိုက်သော ဥပဒေကြမ်းများအား အထက်လွှတ်တော်က ပယ်ချနိုင်ခွင့် တချက်လွှတ်အာဏာ ရှိသော်လည်း အထက်လွှတ်တော်တွင် နိုင်ငံရေးအာဏာ အနည်းငယ်မျှသာ ရှိသည်။

အောက်လွှတ်တော်မှာ ပြည်သူတို့က ရွေးကောက်တင်မြှောက်လိုက်သော ကိုယ်စားလှယ်များ ပါဝင်သည်။ သာမန်အားဖြင့် သက်တမ်းမှာ ၅ နှစ်ဖြစ်သည်။ ၁၈၆၇ ခုနှစ် ဗြိတိသျှ မြောက်အမေရိက အက်ဥပဒေအရ ကွီဗက်နယ်၏ ကိုယ်စားလှယ်ဦးရေကို ၆၅ ဦး သတ်မှတ်ထားသည်။ အခြားပြည်နယ်များမှာ လူဦးရေအလိုက် ကိုယ်စားလှယ်များ စေလွှတ်ခွင့်ရှိသည်။

ဒိုမီနီယန်နိုင်ငံတွင်းရှိ ပြည်နယ်တိုင်း၌ ဘုရင်ခံအသီးသီးရှိ၍ ဥပဒေပြုလွှတ်တော်များလည်း ရှိသည်။ ဥပဒေပြုလွှတ်တော် ၂ ရပ်ရှိသော ကွီဗက်ပြည်နယ်မှတပါး အခြားပြည်နယ်များတွင် ဥပဒေပြုလွှတ်တော် တစ်ရပ်စီသာ ရှိသည်။ ထို့အပြင် ပြည်နယ်ဥပဒေပြုလွှတ်တော်သို့ တာဝန်ခံရသော ပြည်နယ်အစိုးရအဖွဲ့ ခေါင်းဆောင် ဝန်ကြီးချုပ်သည် ပြည်နယ်အုပ်ချုပ်ရေး အကြီးအကဲဖြစ်သည်။ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ပြည်နယ်များ၏ အာဏာများကို ကန့်သတ်ထားသည်။ ဗဟိုအစိုးရက ပြည်နယ် ဥပဒေပြုလွှတ်တော်က ပြဋ္ဌာန်းသော အက်ဥပဒေများကို ပယ်ဖျက်နိုင်သည်။ သို့သော် ထိုသို့ကား ပြုခဲလှသည်။ ပြည်နယ်ဆိုင်ရာ ကိစ္စများကို ပြည်နယ်အစိုးရအဖွဲ့များက ဆောင်ရွက်၍ တစ်နိုင်ငံလုံးနှင့် သက်ဆိုင်သော ကိစ္စရက်များအား ဒိုမီနီယန်အစိုးရအဖွဲ့က ဆောင်ရွက်သည်။ ထိုအစိုးရအဖွဲ့နှင့် ဘုရင်ခံချုပ် ရုံးထိုင်ရာဌာနမှာ ကနေဒါနိုင်ငံ၏ မြို့တော် အော့တဝမြို့ဖြစ်၍ ထိုမြို့တော်တွင် ကနေဒါနိုင်ငံ ပါလီမန် အဆောက်အအုံ ရှိသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း