ကန္နီ ရွှေသိမ်တော်တောရဆရာတော် အရှင်သောဘိတ

ကန္နီ ရွှေသိမ်တော်တောရ ဆရာတော် ဘုရားကြီး အရှင်သောဘိတ(ကောဇာသက္ကရာဇ် ၁၂၄၂ - ၁၃၂၈)ပြင်ဆင်

ကန္နီဆရာတော် အလောင်းအလျာကို ကန္နီမြို့ အနောက်တောင် ကမ်းဖြူရွာ၌ အဖ ကျောင်းဒါယကာကြီး ဦးသာနု၊ အမိ ကျောင်းအမကြီး ဒေါ်ကောင်းတို့မှ ၁၂၄၂ ခုနှစ်၊ တပေါင်းလပြည့်ကျော် (၄) ရက်၊ သောကြာနေ့ည (၄) ချက် မတီးမီ မီးရှူးသန့်စင် ဖွားမြင်ပါသည်။

 
ကန္နီ ရွှေသိမ်တော်တောရဆရာတော် အရှင်သောဘိတ

(၄) နှစ်သား အရွယ်မှ စ၍ ထီးလည်းတောရဆရာတော် ဥုးကလျာဏ၊ ၎င်းဆရာတော်၏ တပည့် ဦးနန္ဒိယနှင့် ကမ်းဖြူတောရ ဥုးအာစိဏ္ဏတို့ထံ ပညာသင်ယူသည်။ ရှင်ရဟန်းပြုပြီး မုံရွာ၊ မန္တလေးတို့၌ ပညာသင်ယူခဲ့သည်။ ဘွဲ့တော်မှာ ဥုးသောဘိတ ဖြစ်သည်။ ပညာသင်ပြီးနောက် ကမ်းဖြူရွာကျောင်း၌ပင် သီတင်းသုံးတော်မူသည်။ ဆရာတော်၏ ပရိပတ္တိ ဆရာများမှ ဒုတိယဗားကရာဆရာတော် ဦးဂန္ဓသာရ၊ ကျည်ဝန်ဆရာတော်၊ မိုင်းခိုင်းဆရာတော် နှင့် မာန်လည်ဆရာတော်တို့ ဖြစ်ကြ၏။ (မြေဇင်းဆရာတော်မှတ်တမ်း)


မကြာမီ ကင်းတောရသို့ ပြောင်းရွေ့၍ သီတင်းသုံးလျက် နှစ်နှစ်တိုင်တိုင် ပဋိပတ်အလုပ်ဖြင့် နေတော်မူသည်။ ထိုစဉ် အုတ်ဖိုလက်ပံတောရ ဆရာတော် ဥုးအာဒိစ္စ၏ ပဋိပတ်သတင်းကို ကြားရသဖြင့် ကန္နီမှ ဘုတလင်သို့ ခြေလျင် ကြွတော်မူသည်။ လက်ပံတောရ ဆရာတော်ကား ပဋိပတ်အကျော် အရာတော်ဆရာတော်နှင့် လုံးတော် ဆရာတော်တို့၏ တပည့် ဖြစ်သည်။ လက်ပံဆရာတော် ရှုမှတ်သောနည်းမှာ ‘အာနာပါန’ပင် ဖြစ်၏။ ‘သီဟိုဠ်မှ တစ်ဆင့် ကြွလာသော တိဗက်ပြည်သား အရှင် သျှီလာတိဿ ဆရာတော်ထံမှ လက်တွေ့ နည်းနာရရှိသည်’ ဟု ဆိုသည်။ လောကီနည်းမဟုတ်။ ဝိသုဒ္ဓိမဂ်နည်းပင်တည်း။ ဥုးသောဘိတသည် လက်ပံတောရ ဆရာတော်ထံ၌ ရှစ်လခန့် နည်းနာခံ အားထုတ်တော်မူသည်။ လက်ပံတောရ ဆရာတော်က ပါရဂူ အမည်တပ်၍ ကျမ်းကြီးတစ်စောင် ရေးရန် တိုက်တွန်းတော်မူလေသည်။


လက်ပံတောရမှ အပြန်တွင် ဘုတလင်မှ ကန္နီသို့ အသွား ညောင်ကန်ရွာအနီး တောတွင်း၌ လှည့်လည် သီတင်းသုံးတော်မူသော ဘုန်းတော်ကြီး ဥုးသာရွှန်း (သက်တော် တစ်ရာရှည်သော ရဟန္တာ ဦးကဝိန္ဒ)ထံ ဝင်ရောက် နည်းနာ ခံယူပြန်လေသည်။ ကန္နီမြို့သို့ ရောက်ပြီး မကြာမီတွင်ပင် မြို့သူကြီး မောင်နှံ၏ ကျောင်းဆောက် လှူဒါန်းခြင်းကို လက်ခံတော်မူသည်။ ထို့နောက် တပည့်တို့အား ကျောင်းကြီးကို လွှဲ၍ ကန္နီမြို့ အနောက်တောင် ဝက်ကုန်းအရပ်၌ ဧကစာ သီတင်းသုံး၍ “ယောဂီပါရဂူ” ကျမ်းကြီးကို ပြုစုတော်မူလေသည်။ ထိုအချိန်၌ သက်တော်မှာ ၄၄နှစ်၊ ၁၂၈၅ ခုနှစ်။ (နိဗ္ဗာန်နှင့် စပ်၍လည်း ယောဂီပါရဂူကျမ်း၌ အသိဉာဏ် ရှုပ်ထွေးစေတတ်သော အလင်းရောင် အမျိုးမျိုးကို ခွဲခြားပြဆို၍ ရှင်းလင်းဆုံးဖြတ်ထား၏။ မဂ္ဂ စတုက္က၊ နိရောဓ စတုက္ကနှင့် စပ်လျဉ်း၍ ယင်း ‘နိဗ္ဗာန်ခန်း’၌ပင် တိဗက်ဆရာတော် ဥုးသျှီလာတိဿ၏ နည်းများ ဖော်ပြထားသည်ကို တွေ့ရ၏။)


ဆရာတော်၏ ကျမ်းများမှာ ဂဏ္ဌသဖွယ်ဖြစ်၍ လေးနက်ကျစ်လစ်၏၊ စာတတ်သူတို့ပင် ဖတ်၍ မလွယ်။ အဓိပ္ပါယ်နှင့်တကွ လေး၏၊ ပဋိပတ်ကြောင့် ထက်မြက်စူးရှလာသော ဉာဏ်နှင့် ပဋိသန္ဓေပါ ဉာဏ်ကောင်းခြင်းကြောင့် ရံခါ ပရိယတ္တိ၌ မျောနေဟန်လည်း ရှိ၏။ ဆရာတော်သည် ဝိနည်းကို အလွန် လေးစားတော်မူသည်။ သူတစ်ပါးအားလည်း လေးစားမှ ကြိုက်သည်။ အကွဲအအက် အကြောင်းပါသော ပန်းကန်ဖြင့် ကပ်လျှင် ပန်းကန်ပါ စွန့်ပစ်လိုက်၏။ သိက္ခာပုဒ် အသေးအဖွဲကလေးမှ အစ ငယ်စဉ်ကပင် ဂရုပြု ရှောင်ကြဉ် လိုက်နာလေ့ရှိသည်။ ဘုရား ဝတ်တက် ဝတ်ကပ် လေးစားမှ ကြိုက်သည်။ ဆရာတော်သည် မိမိနေရာမှ အရပ်လေးမျက်နှာရှိ ရန်ကုန် ရွှေတိဂုံ၊ အိန္ဒိယ မဇ္ဈိမ၊ သီဟိုဠ် မဟာစေတီတော် စသော ဘုရားများစုံအောင် ဆီမီးပူဇော် ရှိခိုးပြီးမှ ကျိန်းသည်။ တောင်ပေါ်၊ မြို့ပေါ်ရှိ ဘုရားများကိုလည်း အားလုံးရည်မှန်း၍ ဆီမီးပူဇော်ရသည်။ သက်တော် ၈၅ နှစ်ကျော်မှ ကျန်းမာရေး မျှတရုံ ကျိန်းစက်တော်မူ၍ အချိန်ရှိသမျှ စာပြန်ခြင်း၊ တရားရှုမှတ်ခြင်းဖြင့်သာ အချိန်ကုန်စေသည်။ ဆရာတော်ကြီးသည် ဗုဒ္ဓါနုဿတိ ဘာဝနာကို အလေးထား၍ သရဏဂုံ ဆောက်တည်မှုကို အလွန်လေးစားတော်မူပါသည်။ ဆရာတော်သည် တရားအားထုတ်ရာ၌ ဗုဒ္ဓဘုရားရှင်အပေါ်၌ ယုံကြည်မှု သဒ္ဓါတရားမှန်မှသာ တရားအားထုတ်ရာ၌ မြဲမြံအောင် အကျိုးပြုနိုင်သည်ဟု ယုံကြည်တော်မူပါသည်။ ဆရာတော်ကြီးကား ပဋိပတ်တွင် နာမည်ကြီးသလို ပရိယတ်တွင် ပို၍ထူးချွန်နေသည်ကို တွေ့ရ၏။ ရဟန်း လေးဝါလောက်မှစ၍ သင်ရိုးပိဋကမျှမက နိကာယ်ငါးရပ်ကိုပင် အာဂုံဆောင်နိုင်သော အာဇာနည်ယောက်ျားဖြစ်၏။ ‘ဥဘတောဝိဘင်း’ဆောင်သောခေတ်၊ ‘တိပိဋကဓရ’ ရွေးချယ်သောခေတ်နှင့် မတိုက်ဆိုင်ရ၍သာ ဆရာတော်၏ ပရိယတ်စွမ်းရည်များ တိုင်းပြည်က ကြည်ညိုခွင့် မရဘဲ ရှိရလေ၏။ ဆရာတော်ကြီးသည် ရင်းနှီးသောဒကာများ ဆွမ်းအလှူပင့်လျှင် ကျေးငှက် တိရစ္ဆာန်များ၊ ခွေးများ၊ ပုရွက်ဆိတ်များကိုပါ တွင်းရှာ၍ ကျွေးမွေးရန် အမိန့် ရှိသည်။ ကျောင်းတွင် နေ့စဉ် ကျွေးမွေးရ၏။ ထန်းလျက်ရှိလျှင် ပုရွက်ဆိတ်တွင်း ရှာ၍ ကျွေးခိုင်းသည်၊ ခွေးစာ မကျန်လျှင် ဆန်ကို ဆီခပ်ပြီး ကျိုချက်ကျွေးရ၏။ ကြွက်များကိုလည်း ကျွေးရသည်။ နွားလေ နွားလွင့်များအား ကောက်ရိုး ဝယ်ကျွေးခိုင်းလေ့ရှိ၏။ ဆရာတော်ကြီးသည် သက်တော် ၆၀ ကျော်၍ မျက်စိနှစ်ကွင်း အလင်းမရစေကာမူ စာအဓိပ္ပာယ်များကို ဟောပြောရာ၌ အခန်းကဏ္ဍ (အချို့စာအုပ်မူ စာမျက်နှာ) နှင့်တကွ ရှင်းလင်း ပြောပြလေ့ရှိ၏။ စာတတ် ဆရာတော်တိုင်းက ချီးကျူး အံ့ဩခဲ့ကြရ၏။ စာမကြည့်နိုင်တော့သောအခါ စာတော်ဖတ်တစ်ပါး အမြဲထား၍ နေ့စဉ် နံနက် ၇နာရီမှ ၉ နာရီထိ ပိဋကသုံးပုံကို လှည့်၍ ဖတ်လျှောက်ရ၏။


စစ်ကိုင်းတောင်ရိုး အရှေ့ပရက္ကမချောင်နှင့် အနောက် ပရက္ကမချောင်၌ ရဟန္တာဟု ကျော်ကြားသော အရှင်မြတ် နှစ်ပါးမှာလည်း ဆရာတော်၏ တပည့်များ ဖြစ်ကြလေသည်။ ငါသေရင် ရက်လဲ မထားနှင့်၊ ဘာမှလဲ မလုပ်ကြနှင့်၊ ဆွမ်းလဲ မသွတ်နှင့် … ဟု မှာတော်မူ၍ ဥုးသံဝရ၊ ဥုးရေဝတ၊ ဥုးကဝိန္ဒ စသော တပည့်များက ထန်းရွက် မဏ္ဍထိုး၍ တရားပွဲ အကျွေးအမွေး ပြုလုပ်ကာ (ဘုန်းကြီးများ ကူပံ့ငွေ လက်မခံဘဲ) အပ်စပ်သောနည်းဖြင့် ပူဇော်ပြီး အရိုးအိုး တည်ထား ကိုးကွယ်ကြလေသည်။ ဤသို့ဖြင့် ပဋိပတ်၊ ပရိယတ်အကျော် ကန္နီဆရာတော် ဘုရားကြီးသည် ၁၃၂၈ ခု၊ ကဆုန်လဆန်း (၁) ရက်နေ့ နံနက် (၁၀:၃၀) အချိန်တွင် ပျံလွန်တော်မူ၍ ၁၃၂၉ ခု၊ တန်ခူးလပြည့်နေ့ အန္တိမဈာပန ပူဇော်ပွဲ လုပ်ကြ၏။

ဩဝါဒတော်ပြင်ဆင်

“ကုသိုလ်ရအောင်နေ၊ ဝိတက် မဝင်စေနှင့်။ စကားတစ်ခွန်းနှင့် တစ်ခွန်း အနိစ္စ မလွတ်စေနှင့်။”
“ကြားထဲက မစ္ဆိယစိတ် မထားကြနဲ့၊ သာဓုမှ မခေါ်နိုင်တဲ့ ဘဝမျိုး ရောက်တတ်တယ်။”

ဆောင်ပုဒ်ပြင်ဆင်

နိဗ္ဗာန်မြင်ချင်၊ ခယတင်၊ မှန်ပင်မလွဲ၊ မြင်ရမြဲ။
မြင်လိုပါလျှင်၊ ကြိုကြိုတင်၊ အလျင်မလွဲ၊ အားထုတ်မြဲ။
အားထုတ်ပါက၊ ကျိုးဖလ၊ မုချမလွဲ၊ နိဗ္ဗာန်ပဲ။
နိဗ္ဗာန်လိုလား၊ ယောဂီများ၊ ကြိုးစားတွင်တွင်၊ အားထုတ်နှင်။
ရာဂကုန်ခန်း၊ နိဗ္ဗာန်နန်း၊ ဖြောင့်တန်းထင်ထင်၊ နိဗ္ဗာန်မြင်။
ဒေါသကုန်ခန်း၊ နိဗ္ဗာန်နန်း၊ ဖြောင့်တန်းထင်ထင်၊ နိဗ္ဗာန်မြင်။
မောဟကုန်ခန်း၊ နိဗ္ဗာန်နန်း၊ ဖြောင့်တန်းထင်ထင်၊ နိဗ္ဗာန်မြင်။
နိဗ္ဗာန်မြင်ချင်၊ သူတော်စင်၊ နေ့စဉ်မပြတ်၊ အားထုတ်အပ်။

ပြုစုခဲ့သော ကျမ်းစာများပြင်ဆင်

(၁) ယောဂီပါရဂူကျမ်း (၁၂၈၅)
(၂) သစ္စ ပါရဂူကျမ်း (၁၂၉၃)
(၃) ဝိဝဋ္0x043 ပါရဂူနှင့် သရဏ ပါရဂူ
(၄) ဓမ္မဝိဒူ၊
(၅) သုဇန ပါရဂူ၊
(၆) ဒဿန ပါရဂူ၊
(၇) အာရဒ္ဓေါဝါဒ စာတမ်း၊
(၈) ဒိဋ္ဌိပဟာယက စာတမ်း၊
(၉) ကလျာဏုပ္ပါဒကျမ်း …. တို့ ဖြစ်ကြသည်။

ကိုးကားပြင်ဆင်

  • မြန်မာနိုင်ငံ ပဋိပတ္တိ သာသနာဝင် ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများ - ဓမ္မာစရိယ ဦးဌေးလှိုင်၊ စာ-၅၈၄~၅၉၁။