Rabbit Greens (ကန်စွန်းရိုးနီ) ပြင်ဆင်ရန်

  • Botany Term : Ipomaea aquatica Forsk
  • Species/Family : Convolvulaceae
 
ကန်စွန်းရိုးနီ

ပုံသဏ္ဌာန် : အပင် တစ်နှစ် သို့မဟုတ် နှစ်ကြာခံ ရေလျှောက်ပင် ဖြစ်သည်။ ပင်စည်ရိုးနီ၍ ခေါင်းပွဖြစ်၏ ။ အဆစ် များမှ အမြစ်များ ထွက်သည်။ အဆစ်နေရာတွင် အခေါင်းပိတ်ဖြစ်သည်။

အရွက် ရွက်လွှဲထွက်သည်။ ၃-၆ လက်မရှည်သည်။ လှံစွပ်ပုံ သို့မဟုတ် သုံးထောင့် ပုံ ဖြစ်သည်။ ရွက်ထိပ် အလွန်ချွန်သည်။ ရွက်ရင်း မြားသွားပုံရှိသည် ။ အမွေးမဲ့သည်။ ရွက်ညှာအလွန် ရှည်သည်။ ရွက်နားညီ သည်။ ရွက်ပြားချော၍ ပါးလွှာသည်။ ရွက်နား ခရမ်းရောင်သမ်းသည်။

အပွင့် အပွင့်ကြီးသည်။ ခရမ်းဖျော့ရောင်ရှိ၍ ခေါင်းလောင်းပုံဖြစ်သည်။ အမွေးမဲ့သည်။ ပွင့်တည်း ဖြစ်သည်။ သီတင်းကျွတ်မှ တပို့တွဲလအတွင်း ပွင့်သည်။

အသီး အချင်း ၁/၂ လက်မခန့် ရှိသည်။ အမွေးမဲ့သည်။ လုံးဝိုင်းသည်။ ရင်မှည့်က အက်ကွဲသည်။ အစေ့ ၄ စေ့ သို့မဟုတ် ၂ စေ့ ရှိ၍ ပိုးသားကဲ့သို့ အမွေးများ ရှိသည်။ တပို့တွဲ ၊ တပေါင်းလတွင် သီးမှည့်သည်။

အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : အရွက် ။

မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : မြန်မာနိုင်ငံ အနှံ့အပြားတွင် ပေါက်ရောက်သည်။ ပေါက်ရောက်ပုံ ရေမြောင်း ရေကန်များနှင့် လယ်ကွက်များတွင် အလေ့ကျ ပေါက်ရောက်၏ ။ စိုက်ပျိုးပင် အဖြစ်လည်း စိုက်ကြသည်။

အသုံးဝင်ပုံ : အာနိသင် မြန်မာဆေးကျမ်းများ အလိုအရ ချို၍ အေး၏ ။ နို့ရည်ကို ဖြစ်စေ၏ ။ ရေ၌ ဖြစ်သော ပိုးတို့ကို ပယ်တတ်၏ ။ လေ ၊ သလိပ် ကို ဖြစ်စေသည်။ အဆိပ်ကို ပြေစေ၏ ။ အရွက်ရည်သည် မီးလောင်နာ ၊ ဆီးနှင့် ပတ်သက်သော ရောဂါနှင့် ပူလောင်ခြင်းတို့ကို ပျောက်ကင်း စေ၏ ။

အသုံးပြုပုံ-

အရွက်

  1. ကန်စွန်းရွက်ရည်ကို မီးလောင်နာ ၊ ရေငတ်နာ ၊ ဆီးနှင့် ပတ်သက်သည့် အဖျားရောဂါများပျောက်ရန်အတွက်လည်းကောင်း၊ အဆိပ်အတောက် ပြေစေရန်အတွက်လည်းကောင်း သုံး၏။
  2. အရွက်ကို ဟင်းချက် စားသော် သွေးဝမ်းရောဂါ ပျောက်၏ ။
  3. ဆီးအိမ်တွင် ဆီးရှိပါလျက် ဆီးမထွက်ခြင်းနှင့် ဓမ္မတာလွန်ခြင်း ရောဂါအတွက် ကန်စွန်းရွက်ကို ဘူးရွက် မန်ကျည်းရွက်တို့နှင့် အမျှကြိတ်၍ ဆန်မှုန့်ညက်နှင် ဖျော်ပြီး ဆီးခုံပေါ်တင်ထားပါက ၁၅ မိနစ်အတွင်း ဆီးကျဆင်း၏ ။ ဓမ္မတာလွန်ခြင်းလည်း ရပ်တန့်စေ၏ ။
  4. ကန်စွန်းရွက်ကို ပြုတ်သောက်ပါက ရင်ပြည့်ဝမ်းကျ ရောဂါ ပျောက်၏ ။
  5. ကန်စွန်းရွက်ကို ထန်းလျက် မန်ကျည်းမှည့်နှင့် ဆားထည့်၍ ကျိုသောက်က ဆီးကျောက်တည်ခြင်းနှင်တကွ ဆီးရောဂါ ဟူသမျှ ပျောက်၏ ။
  6. ငန်းမန်းရှိသောအနာကို ဘူးရွက်များနှင့် ရောစပ်၍ ရေစိမ်ပြီး အနာကို ဆွတ်လိမ်းခြင်းအားဖြင့် ငန်းမန်းကျစေနိုင်၏ ။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. http://arogyamonline.com/commodity/materials/?raw=118[လင့်ခ်သေ]