(၂)ဇာတ် ရှိပါသည်။ ဒုကနိပါတ် - ၁၀။ သိင်္ဂါလဝဂ် -(၂၅၀) ကပိဇာတ်။ ။ မီးလှုံရအောင် ရသေ့ယောင်ဆောင်သဖြင့် မီးစနှင့် အခြောက်ခံရသော မျောက်အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု ပြင်ဆင်ရန်

လာဘ်ရလိုမှု အံ့ဖွယ်ပြု ပြင်ဆင်ရန်

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ရဟန်းတစ်ပါးသည် အံ့ဖွယ်သရဲကို ပြုလုပ်လေ့ရှိ၏။ ထိုရဟန်း၏ အံ့ဖွယ်သရဲ ပြုလုပ်ခြင်းသည် သံဃာ့ဘောင်တွင် ထင်ရှားလေ၏။

တစ်နေ့သ၌ ရဟန်းတို့သည် တရားသဘင်ဝယ် “ငါ့ရှင်တို့ ... ဤမည်သောရဟန်းသည် သံသရာဝဋ်ဆင်းရဲမှ ထွက်မြောက်ရာဖြစ်သော သာသနာတော်၌ ရဟန်းပြုပါလျက် အံ့ဖွယ်သရဲကို ပြုလုပ်လေ့ရှိ၏” ဟု စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ သိတော်မူလျှင် “ရဟန်းတို့ ... ဤရဟန်းသည် ယခုအခါ၌သာ အံ့ဖွယ်သရဲကို ပြုလုပ်သည်မဟုတ်၊ ရှေးအခါ၌လည်း မီးလှုံလို၍ အံ့ဖွယ်သရဲကို ပြုလုပ်ခဲ့ဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု ပြင်ဆင်ရန်

မိုးစွေလေတိုက် မျောက်တုန်ခိုက် ပြင်ဆင်ရန်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ကာသိကတိုင်းဝယ် ပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်သို့ရောကလတ်သော် အိမ်ထောင်ပြုကာ သားတစ်ယောက် မွေးဖွား၍ သားငယ်မတ်တတ်ပြေးနိုင်သောအခါ မယားပုဏ္ဏားမသည် သေလွန်လေ၏။

ထိုအခါ ပုဏ္ဏားသည် သားငယ်ကိုယူ၍ သားအဖနှစ်ယောက်လုံး ရသေ့ရဟန်းပြုကာ တောအရပ်၌ သစ်ရွက်မိုးကျောင်းဆောက်လုပ်၍ နေကြ၏။ မိုးလအခါ မိုးစွေသည်ရှိသော် ကျောင်းသင်္ခမ်းအနီးတွင်နေသော မျောက်တစ်ကောင်သည် အချမ်းဖြင့် နှိပ်စက်သည်ဖြစ်၍ မေးခေါက်ကာ တုန်လှုပ်လျက် သွားလေ၏။

ရသေ့ကြီးသည် ထင်းတုံးကြီးတို့ကို ယူဆောင်၍ မီးမွှေးပြီးလျှင် ညောင်စောင်းတစ်ခုတွင် လျောင်းစက်ကာနေ၏။ သားရသေ့ငယ်လည်း အဖရသေ့ကြီး၏ ခြေတို့ကို ဆုပ် နယ်လျက် နေလေ၏။

မီးလှုံရအောင် ရသေ့ယောင်ဆောင် ပြင်ဆင်ရန်

ထိုအခိုက် အချမ်းနှိပ်စက်သောမျောက်သည် သေလွန်ပြီးသော ရသေ့တစ်ပါး၏ လျှော်တေသင်္ကန်းတို့ကို ကောက်ယူ၍ ဝတ်ရုံလျက် သစ်နက်ရေကို ပခုံးတွင်တင်ကာ ထမ်းပိုးကောက် ကရားတို့ကိုယူပြီးလျှင် ရသေ့အသွင့်ဖြင့် လာလတ်၍ အံ့ဖွယ်သရဲကိုပြုလုပ်ကာ မီးလှုံလိုသဖြင့် ကျောင်းသင်္ခမ်း တံခါးဝ၌ ရပ်လေ၏။ ရသေ့ငယ်သည် ထိုမျောက်ကို မြင်လျှင် ရသေ့ထင်မှတ်သဖြင့် -

“ဖခင် ... ကိလေသာငြိမ်းရန် စောင့်ရှောက်ခြင်း၌ မွေ့လျော်သော ဤရသေ့ကား မိုးရွာသဖြင့် ချမ်းအေးခြင်းဘေး နှိပ်စက်၍ ကျောင်းတံခါးဝမှာ ရပ်လာသည်။ဤရသေ့ကို ယခုအခါ ကျောင်းတွင်းသို့ဝင်ပါစေ၊ ချမ်းအေးခြင်း ဆင်းရဲအလုံးစုံကို ပယ်ဖျောက်ပါစေ -” ဟု ရသေ့ကြီးအား တောင်းပန်ပြောဆို၏။

ယုတ်မာသည့်မျောက် မီးနှင့်ခြောက် ပြင်ဆင်ရန်

ရသေ့ကြီးလည်း ရသေ့ငယ် စကားကိုကြား၍ ကြည့်ရှုလတ်သော် ရသေ့မဟုတ် မျောက်၏အဖြစ်ကိုသိ၍ -

“ချစ်သား ... ဤသတ္တဝါကား ကိလေသာ ငြိမ်းရန် စောင့်ရှောက်ခြင်း၌ မွေ့လျော်သော ရသေ့မဟုတ်၊ သစ်ပင်သစ်ခက်တို့၌ ကျက်စားသော မျောက်တည်း၊ ဖျက်လည်းဖျက်ဆီးတတ်၏။ ချုပ်ချယ်လည်း ချုပ်ချယ်တတ်၏။ ယုတ်မာလည်း ယုတ်မာတတ်၏။ ဤကျောင်းတွင်းသို့ ဝင်စေငြားအံ့ ဖျက်ဆီးလိမ့်မည်” - ဟု ပြောဆိုပြီးလျှင် ထိုမျောက်ပြေးအောင် မီးစကို ကိုင်၍ ခြောက်၏။ မျောက်လည်း ခုန်လွှားပြေး၍ တောသို့ဝင်လေ၏။ နောက်အခါ ရသေ့သားအဖ နှစ်ယောက်တို့သည် ဈာန်၊ အဘိညာဉ်ကိုဖြစ်စေလျက် မဆုတ်ယုတ်သော ဈာန်ရှိသည်ဖြစ်၍ သေလွန်သောအခါ ဗြဟ္မာ့ပြည်သို့ လားကြကုန်၏။

ဤဒေသနာတော်၏ အဆုံး၌ တချို့သောရဟန်းတို့သည် သောတာပန်၊ တချို့ သကဒါဂါမ်၊ တချို့ အနာဂါမ်၊ တချို့ ရဟန္တာ ဖြစ်ကုန်၏။

ဇာတ်ပေါင်း ပြင်ဆင်ရန်

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ မျောက်သည် - ယခုအခါ အံ့ဖွယ်သရဲကို ပြုလုပ်သောရဟန်း။

သားရသေ့သည် - ရာဟုလာ။

အဖရသေ့သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ် ပြင်ဆင်ရန်

(၁) အံ့ဖွယ်သရဲ၊ ပြုသည့်နည်း၊ စဉ်းလဲကောက်ကျစ်သည်။

(၂) လျှော်တေဝတ်ဆင်၊ ရသေ့သွင်၊ ပြုပြင် မျောက်လော်လည်။

ကပိဇာတ် ပြီး၏။


သတ္တကနိပါတ် - ၁။ ကုက္ကုဝဂ် -(၄၀၄) - ကပိဇာတ် ရန်သူရှိသည်ကိုသိသဖြင့် ဥယျာဉ်မှာ ထွက်ခွာသွားသော မျောက်မင်းနှင့် မထွက်ခွာဘဲနေသော မျောက်တို့အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု ပြင်ဆင်ရန်

ဒေဝဒတ် ပျက်စီးမှု ဟောကြားပြု

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ဒေဝဒတ်သည် မြေမျိုသည်ရှိသော် ပရိသတ်နှင့်တကွ ပျက်စီးလေ၏။ ရဟန်းတို့သည် တရားသဘင်ဝယ် ဒေဝဒတ် ပရိသတ်နှင့်တကွ ပျက်စီးခြင်း၏ အကြောင်းကို စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူလျှင် ထိုအကြောင်းကို သိတော်မူ၍ “ရဟန်းတို့ … ယခုအခါ၌ သာ ဒေဝဒတ်သည် ပရိသတ်နှင့်တကွ ပျက်စီးသည် မဟုတ်၊ ရှေးအခါ၌ လည်း ပျက်စီးဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု ပြင်ဆင်ရန်

မျောက်ယုတ်ကျင့်မှု ရန်ငြိုးပြု ပြင်ဆင်ရန်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် မျောက်မျိုး၌ ဖြစ်၍ မျောက်ငါးရာ ခြံရံကာ မင်းဥယျာဉ်တော်၌ နေ၏။ ဒေဝဒတ်အလောင်း မျောက်သည်လည်း မျောက်ငါးရာခြံရံကာ မင်းဥယျာဉ်တော်၌ ပင် နေ၏။

တစ်နေ့သ၌ ပုရောဟိတ်သည် ဥယျဉ်တော်သို့သွားကာ ရေချိုး၍ တန်ဆာဆင်ပြီး ထွက်လတ်သော် လျှပ်ပေါ်သော မျောက်တစ်ကောင်သည် ဥယျာဉ်တော် တံခါးတိုင်ထိပ်မှနေ၍ ပုဏ္ဏား၏ထိပ်၌ ကျင်ကြီးစွန့်၍ ချ၏။ တစ်ဖန် မော်၍ ကြည့်ပြန်လျှင် မျက်နှာ၌ စွန့်၍ ချပြန်၏။ ထိုအခါ ပုဏ္ဏားသည် “ယခုအခါ င့ါအပေါ် ကျင့်ကြီးစွန့်၍ ချခဲ့သည် ရှိစေဦး၊ မကြာမီ သိစေမည်” ဟု မျောက်တို့၌ ရန်ငြိုးဖွဲ့ကာ ခြိမ်းခြောက်ပြီးလျှင် တစ်ဖန် ရေချိုး၍ ပြန်လေ၏။

မျောက်မင်းလိမ္မာ ရွှေ့ပြောင်းကာ ပြင်ဆင်ရန်

မျောက်မင်းသည် ပုဏ္ဏား ခြိမ်းခြောက်၍ မျောက်တို့၌ ရန်ငြိုးဖွဲ့သွားကြောင်း သိလေလျှင် မျောက်တို့ကို ခေါ်၍ “အမောင်တို့ … ရန်သူတို့ နေရာအရပ်၌ နေခြင်းငှာမသင့်၊ အရပ်တစ်ပါးသို့ သွားကြကုန်” ဟု ပြောဆိုဆုံးမ၍ မျောက်တစ်ထောင်ကို ဥယျာဉ်တော်မှ နှင်ထုတ်၏။ အဆုံးမခက်သော မျောက်သည် မိမိ အခြံအရံ မျောက်ငါးရာကို ယူ၍ နောက်မှ သိရမည်ဟု ဥယျာဉ်တော်၌ သာ နေ၏။ မျောက်မင်းကား မိမိ အခြံအရံ ငါးရာကိုယူ၍ တောသို့ဝင်၏။

ဆင်မီးလောင်နာ ဆေးနည်းရှာ ပြင်ဆင်ရန်

တစ်နေ့သ၌ စပါးထောင်းသော ကျွန်မသည် စပါးကို နေပူလှန်းထားရာ ဆိတ်တစ်ကောင် လာ၍ စားလျှင် မီးစဖြင့် ထ၍ ရိုက်လေ၏။ ဆိတ်သည် ကိုယ်ကို မီးလောင်သဖြင့် ပူလောင်လတ်သော် ပြေးလွှားကာ ဆင်တင်းကုန်အနီးတွင် မှီလျက်ရှိသော မြက်ကုဋိနံရံကို ကိုယ်ဖြင့် ပွတ်သပ်လေ၏။ ထိုအခါ ဆိတ်မွေး၌ လောင်နေသော မီးသည် မြက်ကုဋိကို ကူးစက်၍ လောင်လေ၏။ ၎င်းမှတစ်ဖန် ဆင်တင်းကုပ်ကို ကူးစက်၍ လောင်ပြန်၏။ ထိုအခါ ဆင်တို့ ကျောက်ကုန်းများကို လောင်ပြန်၏။ ဆင်ဆရာတို့သည် မီးလောင်နာတို့ကို ကုစားကြသော်လည်း မပျောက်ကင်းနိုင်သဖြင့် မင်းကြီးအား လျှောက်ထားကြကုန်၏။

မျောက်တို့သတ်ရန် ပုဏ္ဏားကြံ ပြင်ဆင်ရန်

ပုရောိဟတ်လည်း မျောက်တို့ကို ဖမ်း၍ သတ်ရန်နည်းလမ်းကို စုံစမ်းရှာဖွေ၍ နေစဉ် မင်းကြီးထံ အခစားရောက်လျှင် မင်းကြီးသည် “ဆရာ … ဆင်တို့ မီးလောင်နာတို့ကို ဆင်ဆရာတို့ မကုစားနိုင်သဖြင့် လျှောက်ထားလာကြသည်၊ ဆင်ဆေးကို သိပါသလော” ဟု မေးလေ၏။ ထိုအခါ ပုရောဟိတ်သည် အချက်ကောင်းရပြီဟု အောက်မေ့ကာ “အရှင်မင်းကြီး … သိပါသည်၊ ဆင်နာကို ကုသရာဝယ် မျောက်ဆီထက်ကောင်းသော ဆေးမရှိပါ”ဟု လျှောက်ထားလေ၏။ မင်းကြီးလည်း အဟုတ်မှတ်ထင်ကာ လေးသမားတို့ကို ဆင့်ဆိုပြီးလျှင် ဥယျာဉ်တော်ရှိ မျောက်တို့ကို သတ်၍ မျောက်ဆီကို ယူစေ၏။

ပျက်စီးသမှု ညည်းညူပြု ပြင်ဆင်ရန်

ထိုအခါ လေးသမားတို့သည် ငါးရာသော မျောက်တို့ကို ပစ်၍ သတ်ကြကုန်၏။ မျောက်ကြီးတစ်ကောင်သည် မြှားမှန်သော်လည်း ရုတ်တရက် မလဲဘဲ မျောက်မင်းရှိရာသို့လာ၍ လဲလျက်သေလေ၏။ မျောက်တို့သည် ထိုအကြောင်းကို မျောက်မင်းအား ပြောကြားကုန်၏။ ထိုအခါ မျောက်မင်းသည် မျောက်အပေါင်းတို့ကို အလယ်၌ ထား၍ -

“အို-မျောက်အပေါင်းတို့ … ပညာရှိ မည်သည် ရန်သူရှိရာအရပ်၌ တစ်ရက် နှစ်ရက်မျှလည်း မနေရာ၊ ရန်သူရှိရာအရပ်၌ နေခြင်းသည် ဆင်းရဲလှ၏။

စင်စစ် ပေါ့ပျက်သော စိတ်ရှိသော ထိုစိတ်ပေါ့ပျက်သောသူ၏ အတုကိုယူ၍ ကျင့်သောသူအား ဘေးရန်သည် ဖြစ်၏၊ မျောက်တစ်ကောင်ကြောင့် မျောက်အပေါင်း ပျက်စီးခြင်းကို ပြုအပ်၏။

မိုက်လျက် ပညာရှိဟု မှတ်ထင်ကာ မျောက်အပေါင်းကို ဆောင်သောသူသည် မိမိအလိုသို့ လိုက်၍ သေသည်ကို မြင်ရသကဲ့သို့ ဤမျောက်သေသည်ကို ကြည့်ရှုကုန်လော” –

ကျိုးနှစ်ဖြာသိ ပညာရှိ ပြင်ဆင်ရန်

“အားရှိသော မျောက်အပေါင်းကို ဆောင်သော သူမိုက်သည် မကောင်း၊ ငှက်တိန်ညင်ကဲ့သို့ ဆွေမျိုးတို့ စီးပွားမဲ့ကို ဆောင်၏၊ အားရှိသော မျောက်အပေါင်းကို ဆောင်သော ပညာရှိကား ကောင်း၏၊ တာဝတိံသာ နတ်တို့ အရှင်ဖြစ်သော သိကြားမင်းကဲ့သို့ ဆွေမျိုးတို့ အစီးအပွားကိုဆောင်၏။

မိမိ၏ သီလ၊ ပညာ၊ အကြားအမြင်ကို သိမြင်သောသူသည် မိမိ သူတစ်ပါး နှစ်ပါးစုံတို့၏ အကျိုးစီးပွားကို ကျင့်နိုင်၏။

ထိုကြောင့် မိမိကိုယ်တိုင် သီလ၌ လည်းကောင်း၊ ပညာ၌ လည်းကောင်း၊ အကြားအမြင်၌ လည်းကောင်း နှိုင်းယှဉ်၍ ပညာရှိသည် အပေါင်းအဖော်ကိုလည်း ဆောင်ရာ၏၊ တစ်ယောက်ထီးတည်း ကျင့်ရာ၏” –

ဟု မျောက်အပေါင်းအား နည်းပရိယာယ်ဖြင့် ဟောကြားလေ၏။

ဇာတ်ပေါင်း ပြင်ဆင်ရန်

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ဆိုနိုင်ခက်သော မျောက်သည် - ယခုအခါ ဒေဝဒတ်။

ဆိုနိုင်ခက်သော မျောက်၏ပရိသတ်သည် - ဒေဝဒတ်၏ ပရိသတ်။

မျောက်ပညာရှိ၏ ပရိသတ်သည် - ငါဘုရား၏ ပရိသတ်။

မျောက်ပညာရှိသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ် ပြင်ဆင်ရန်

(၁) ရန်သူရှိပေ၊ အရပ်မြေ၊ မနေပညဝါ။

(၂) ပညာရှိမူ၊ အများသူ၊ ဆောင်ယူထိန်းသိမ်းရာ။

(၃) သူမိုက်တို့မူ၊ အများသူ၊ မယူမထိန်းရာ။

(၄) သူမိုက်ဦးစီး၊ ကျိုးမပြီး၊ ကျိုးပြီးပညာဝါ။

ကပိဇာတ် ပြီး၏။

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ