ကမ္ဘာ့ဗုဒ္ဓသာသနာပြု ဆရာတော် ရှင်ကေလာသ
မြန်မာရဟန်းတော်များထဲက ဒုတိယကမ္ဘာစစ်မတိုင်မီ ရန်ကုန် တက္ကသိုလ်တက်ရောက်၍ ပထမဆုံး ဘီအေဘွဲ့ ရခဲ့သူ။ စစ်ပြီးကာလ ကလကတ္တားတက္ကသိုလ်က ပထမဆုံး မဟာဝိဇ္ဇာဘွဲ့ ရခဲ့သူ မြန်မာရဟန်းတော်အဖြစ် မှတ်တမ်းတင်ခံရသည်။ လွတ်လပ်စ မြန်မာပြည်တွင် ရဟန်းတော်များ ဘာသန္တရသင်ကြားရေး၊ ကမ္ဘာသုံး အင်္ဂလိပ်ဘာသာ ကျွမ်းကျင်ရေးအတွက် ‘ဗုဒ္ဓသာသနသိပ္ပံ’ကို ဦးဆောင်ဖွင့်လှစ်ခဲ့သည်။ ဗုဒ္ဓသာသနအဖွဲ့က ဦးဆောင်သော ကမ္ဘာအေး ‘ဓမ္မဒူတဝိဇ္ဇာလယ’ သင်တန်းကျောင်း နာယကအဖြစ်လည်း တာဝန်ယူခဲ့သည်။ ပြင်သစ် အစိုးရ ပညာတော်သင်ဆုဖြင့် ပါရီ ဆော်ဗွန်းတက္ကသိုလ်၌ ဗုဒ္ဓအဘိဓမ္မာကို သုတေသနပြုခဲ့သည်။ ပါရီတွင်ရှိနေစဉ် ရန်ကုန် ဗုဒ္ဓသာသနသိပ္ပံကို အနောက်တိုင်းတက္ကသိုလ်များကဲ့သို့ ဖြစ်လာစေရန် ယူနက်စကိုကို အကူအညီတောင်းခံခဲ့သည်။ ကြိုးပမ်းချက် အထမမြောက်မီ “ဗုဒ္ဓသာသန သိပ္ပံ” ရပ်ဆိုင်းခဲ့ရသည်။ ထိုစဉ် ကမ္ဘာ့စာရိတ္တမြှင့်တင်ရေးအဖွဲ့နှင့် ဥရောပလိုက်ပါခဲ့ရာ ပြင်သစ်မှ ဆွစ်ဇာလန်အကူး ကားမှောက်ရာ ဦးခေါင်း ဒဏ်ရာရခဲ့သည်။ ပါရီ ဆေးရုံ၌ ၂၁-ရက်လုံးလုံး မေ့မျောခဲ့၍ အသက်ဘေးမှ လွတ်မြောက် ခဲ့သော်လည်း တဖြည်းဖြည်း မှတ်ဉာဏ်ချို့ယွင်း သတိကင်းလွတ်လာရာ ကမ္ဘာ့ဗုဒ္ဓသာသနာပြုလုပ်ငန်းများ ရပ်ဆိုင်းခဲ့ရပါသည်။
ကေလာသ၊ ရှင်၊ မဟာဝိဇ္ဇာ
ပြင်ဆင်ရန်၁၉၁၃ ခုနှစ် ဒီဇင်ဘာလ ၃-ရက် တနင်္လာနေ့တွင် ထားဝယ်မြို့ ပိန္နောတောရပ်၌ ဖွားသည်။ အဖ မူလတန်းကျောင်းအုပ် ရခိုင်တိုင်းရင်းသား ဦးဒိုင်၊ အမိ ထားဝယ်သူ ဒေါ်အေးမေခင် ဖြစ်သည်။ တစ်ဦးတည်းသော သား။ ငယ်မည် မောင်မောင် ဖြစ်သည်။
ငယ်စဉ်က ဖခင်၏ မူလတန်းကျောင်း၌ စတင်ပညာသင်သည်။ ထို့နောက် မန္တလေးမြို့ ကယ်လီဟိုက်စကူးကျောင်း၌ ၉ တန်းအထိ ပညာ သင်ခဲ့သည်။ ၉ တန်းတွင် ပညာသင်ကြားနေစဉ် ၁၉၃၀ တောင်သူလယ်သမား ပုန်ကန်မှုတွင် ဆရာစံနှင့်နွယ်၍ ဖခင်ဦးဒိုင် သာယာဝတီထောင်၌ တစ်နှစ်ခန့် ဖမ်းဆီးခံရသည်။ သာယာဝတီမြို့ ရှေ့နေသခင်မြ (အာဇာနည် ခေါင်းဆောင်ကြီး)၏ ဆောင်ရွက်မှုဖြင့် ထောင်မှလွတ်မြောက်ခဲ့သည်။ ၁၉၃၃ ခုနှစ် နိုဝင်ဘာလ ၁-ရက် ဗုဒ္ဓဟူးနေ့တွင် ဖခင်နှင့်အတူ ထားဝယ် ပန္တလဲကျောင်း၌ ရဟန်းပြုသည်။ ဥပဇ္ဈာယ်ဆရာမှာ ထားဝယ် ပန္တလဲကျောင်း ဆရာတော် ရှင်ဉာဏမဉ္ဇူ ဖြစ်သည်။ ရဟန်းဒါယကာမှာ ထားဝယ်မြို့က ဦးပြား ဒေါ်အေး ဖြစ်သည်။ မိခင်ဖြစ်သူမှာ သီလရှင်ဝတ်သည်။ ရဟန်း တစ်ဝါရတွင် ဖခင်ပျံလွန်သည်။ ထို့နောက် သီရိလင်္ကာနိုင်ငံသွား၍ ပညာ ဆက်လက်ဆည်းပူးသည်။
၁၉၃၇ ခုနှစ်တွင် ကလကတ္တားတက္ကသိုလ်က စစ်ဆေးသော မက်ထရစ်စာမေးပွဲကို လက်တာ ၄ ခုဖြင့် အောင်မြင်သည်။ ကလကတ္တား တက္ကသိုလ်တွင် တိုင်းရင်းဘာသာ ဘင်္ဂါလီ၊ ဟင်ဒီ၊ အူရဒူဘာသာ တစ်ခုခု ယူရန် အခက်အခဲရှိ၍ မြန်မာနိုင်ငံ ပြန်လာသည်။ ၁၉၃၇ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်ကျောင်းအုပ်ကြီး ဦးဖေမောင်တင် (၁၈၈၈—၁၉၇၃) ခွင့်ပြုချက်ဖြင့် ဥပစာတန်း ဝိဇ္ဇာဘာသာရပ်များ သင်ယူခဲ့သည်။ ကျောင်း အုပ်ကြီးက ကျောင်းလခလွတ်နှင့် ထောက်ပံ့ငွေ တစ်လ ၅၀ ကျပ် စီစဉ် ပေးသည်။ ရန်ကုန်တက္ကသိုလ်သမိုင်းတွင် တက္ကသိုလ်ပညာကို ပထမဦးဆုံး သင်ယူသော ဗုဒ္ဓဘာသာ မြန်မာရဟန်းတော်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ၁၉၄၂ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ ရသည်။
ဂျပန်ခေတ်တွင် ဂျပန်ဘာသာစကားသင်ယူ၍ ထားဝယ်မြို့ တောင်ငူကျောင်း၌ ဂျပန်ဘာသာစကားသင်တန်း ပြန်လည်ဖွင့်လှစ် ပို့ချသည်။ စစ်ပြီးနောက် အိန္ဒိယအစိုးရ၏ ပညာသင်ဆုဖြင့် အိန္ဒိယနိုင်ငံ ကလကတ္တားတက္ကသိုလ်တွင် ပညာဆက်လက်သင်ယူသည်။ ကလကတ္တား တက္ကသိုလ်မှ မဟာဝိဇ္ဇာဘွဲ့ကို ဗုဒ္ဓအဘိဓမ္မာဖြင့် ရရှိသည်။ စစ်ပြီးခေတ် ကလကတ္တားတက္ကသိုလ်မှ မဟာဝိဇ္ဇာဘွဲ့ကို မြန်မာရဟန်းတော်များထဲက ပထမဆုံး ရခဲ့ခြင်းဖြစ်သည်။ ကလကတ္တားတွင် ပညာသင်နေစဉ် ထားဝယ်မှ တပည့် ရှင်နာဂသေနနှင့် ရဟန်းတော် ၃-ပါးကို ခေါ်ယူ၍ စန္တိနိကေတန် တက္ကသိုလ်၌ ပညာသင်ယူစေသည်။ ကိုယ်တိုင်လည်း စန္တိနိကေတန်တွင် ဗုဒ္ဓဘာသာ သုတေသနကျောင်းတည်၍ သာသနာပြုရန် စီစဉ်သည်။ မြန်မာနိုင်ငံရှိ ဒါယကာ၊ ဒါယိကာမများနှင့် ဆရာတော်ကြီးများ၏ အကြံပြု တိုက်တွန်းချက်အရ မြန်မာပြည်တွင်း၌ ဓမ္မဒူတ သင်တန်းပို့ချရန် ပြန်လာ ခဲ့သည်။ ပထမဦးစွာ ထားဝယ်မြို့၌ သင်တန်းကျောင်းဖွင့်လှစ်ရန် စီစဉ်သည်။ အခြေအနေမပေး၍ ထားဝယ်မှ ရန်ကုန်မြို့ ပြောင်းရွှေ့ဖွင့်လှစ်ရန် ကြိုးပမ်းသည်။
၁၉၅၁ ခု မေလ ၁၂-ရက်နေ့တွင် သာသနာပြု ဘာသန္တရသင်တန်းကို ရန်ကုန်မြို့ သရက်တောကျောင်းတိုက် မင်းကျောင်းသစ်၌ စတင်ဖွင့် လှစ်သည်။ သံဃာ့ဩဝါဒါစရိယကောင်စီ အကျိုးတော်ဆောင် ဦးဝိမလက ဦးဆောင်သည်။ ၂ လခန့်အကြာ သင်တန်းကို “ဗုဒ္ဓသာသနသိပ္ပံ” ဟု အမည်ပြောင်း၍ ရှင်ကေလာသ (မဟာဝိဇ္ဇာ) ကိုယ်တိုင်ကျောင်းအုပ် အဖြစ် တာဝန်ယူဆောင်ရွက်သည်။ ဗုဒ္ဓသာသနသိပ္ပံကို စနစ်တကျ အကောင်အထည်ဖော်နိုင်ရန် အမှုဆောင် ကော်မတီလူကြီး ၂၀ဖြင့် ဖွဲ့စည်းခဲ့သည်။ ကော်မတီတွင် ဟင်္သာတ ဦးမြ (ဥက္ကဋ္ဌ)၊ သရေစည်သူ ဦးလှကျော် (ဒုတိယဥက္ကဋ္ဌ)၊ ကမ္ဘာအေး ဦးမောင်ကို (အကျိုးတော်ဆောင်)၊ အမှုဆောင်အဖွဲ့ဝင်အဖြစ် ချပ်သင်းသူဌေး ဦးဘတင်၊ ရွှေပေါက်ပင် ဦးဘသိန်း၊ ရွှေတိဂုံဘဏ္ဍာတော်ထိန်း ဦးဘသော်၊ ရဲမင်းကြီး ဦးထွန်း လှအောင်၊ ပါဠိပါမောက္ခ ဦးအောင်သန်း၊ ဖီလိုဆိုဖီကထိက ဦးဖေအောင်၊ ရာဇဝင်ကထိက ဒေါ်မြစိန်၊ ယောဂီ ဦးတင်၊ အမျိုးသား ရာဘာကုမ္ပဏီ ပိုင်ရှင် ဦးချန်ဟုတ်တို့ ပါဝင်သည်။ သင်ကြားရေးအတွက် ဦးဝိမလ (နာယက)၊ ရှင်ကေလာသ (မဟာဝိဇ္ဇာ၊ ကျောင်းအုပ်)၊ ရှင်နာဂသေန (ဒုတိယကျောင်းအုပ်)၊ ရှင်ခေမာဝံသ (အကျိုးဆောင်)၊ ရှင်ဃောသိတ (ကောလင်း၊ တွဲဖက်အကျိုးတောင်)၊ သံဃာ့ကထိက။ လူပုဂ္ဂိုလ် သင်ကြား ရေးအနေဖြင့် ဦးစိုးလှိုင် (ဘီအေ)၊ ဦးတင်ဦး (ဘီအေ၊ ဘီအယ်လဲ)၊ ဦးမြသောင်း (ဘီအေ)၊ ဦးအောင်သန်း (ဘီအေ)၊ ဆရာအေးတို့ တာဝန် ယူခဲ့သည်။ ထို့ပြင် ပညာရေးအကြံပေး၊ ဘဏ္ဍာရေးအဖွဲ့များဖြင့် စနစ်တကျ စီမံ ဆောင်ရွက်သည်။
ဗုဒ္ဓသာသနအဖွဲ့ကြီးက ကမ္ဘာအေး၌ “ဓမ္မဒူတဝိဇ္ဇာလယသင်တန်း” ဖွင့်လှစ်ရာ ရှင်ကေလာသသည် မဟာနာယကအဖြစ် တာဝန်ယူသည်။ “ဗုဒ္ဓသာသနသိပ္ပံ”ကိုလည်း ကမ္ဘာအေး တံတားလေးအနီး စွယ်စုံကျောင်းတိုက်အတွင်း ပြောင်းရွှေ့ဖွင့်လှစ်သည်။ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် နိုင်ငံများကို သာသနာပြု သွားရောက်၍ အပြန်တွင် ထိုနိုင်ငံများမှ ရဟန်းတော်နှင့် သီလရှင်များ သင်တန်းသားအဖြစ် လိုက်ပါလာကြသည်။ ရဟန်းတော်များကို ဗုဒ္ဓသာသနသိပ္ပံတွင် နေထိုင်ခွင့်ပေး၍ သီလရှင်များကို ဒေါ်ဉာဏစာရီ၏ သီလရှင်ကျောင်းတိုက် ပို့ဆောင်သည်။ ရှင်ကေလာသ ကိုယ်တိုင် ပြင်သစ်အစိုးရ၏ ပညာသင်အထောက်အပံ့ဖြင့် ဗုဒ္ဓအဘိဓမ္မာကို ပြင်သစ်ဘာသာဖြင့်ပြုစုရန် ပါရီ ဆော်ဗွန်းတက္ကသိုလ် သွားရောက် ခဲ့သည်။ ပါရီတွင် သီတင်းသုံးနေစဉ် ဗုဒ္ဓသာသနာ့သိပ္ပံကို အပြည်ပြည် ဆိုင်ရာ တက္ကသိုလ်အဆင့်မြှင့်တင်ရန် ကြိုးပမ်းဆောင်ရွက်သည်။ ကုလ သမဂ္ဂ ယူနက်စကို အထောက်အပံ့ အကူအညီများရရန် ကြိုးပမ်းဆောင်ရွက်သည်။ ထိုသို့ဆောင်ရွက်နေစဉ် ဗုဒ္ဓသာသနသိပ္ပံတွင် စွယ်စုံကျောင်းတိုက် တောထွက်ဘုန်းကြီး ဦးစန္ဒိမာနှင့် လူပုဂ္ဂိုလ်အချို့၏ နှောင့်ယှက်မှု များနှင့် ကြုံတွေ့ ရသည်။ နောက်ဆုံးတွင် ဗုဒ္ဓသာသနသိပ္ပံကို ဆက်လက် ဖွင့်ရန်ပင် အခက်အခဲဖြစ်လာသည်။ နေရာအစားရှာဖွေရာ ချက်ချင်း မရ၍ ဗုဒ္ဓသာသနသိပ္ပံ ရပ်ဆိုင်းခဲ့ရသည်။
ဗုဒ္ဓသာသနသိပ္ပံ ရပ်ဆိုင်းသွားစဉ် အမ်အရ်အေအဖွဲ့နှင့် ကမ္ဘာ အရပ်ရပ် လိုက်ပါ၍ ဗုဒ္ဓသာသနာပြုလုပ်ငန်းများ လေ့လာသည်။ ထိုသို့ လိုက်ပါစဉ် ပြင်သစ်မှ ဆွစ်ဇာလန်အကူး တောင်တက်လမ်း၌ကားမှောက်ရာ ဦးခေါင်းတွင် ပြင်းစွာ ဒဏ်ရာရသည်။ ပါရီဆေးရုံတွင် ၂၁-ရက်လုံးလုံး မေ့မျောနေခဲ့သည်။ ဆရာဝန်များ၏ ကြိုးပမ်းမှုဖြင့် အသက်ဘေးမှ ကင်းလွတ်ခဲ့သော်လည်း ဦးခေါင်းဒဏ်ရာကြောင့် တဖြည်းဖြည်း မှတ်ဉာဏ် ချို့ယွင်းလာသည်။ ရံဖန်ရံခါ သတိကင်းလွတ်၍ အများနှင့်ဆက်ဆံရာတွင် အဆင်မပြေတော့ချေ။ သာသနာပြု ဓမ္မဒူတလုပ်ငန်းများ ရပ်ဆိုင်း ခဲ့ရသည်။
ဇွဲလုံ့လကြီးမား၍ သာသနာစိတ် ထက်သန်လှသော ရှင်ကေလာသ (မဟာဝိဇ္ဇာ)သည် သက်တော် ၇၆ သိက္ခာ ၅၇ ဝါအရ ရန်ကုန်မြို့ မြောက်ဥက္ကလာပ ရန်အောင်တိုက် အောင်သာဝတီတိုက်၌ ၁၉၈၉ ခုနှစ် ဒီဇင်ဘာလ ၂၉-ရက်နေ့တွင် တစ်ဘဝ ချုပ်ငြိမ်းခဲ့ရပါသည်။ [၁]