ကယဝက္ကယသိက္ခာပုဒ် သည် မြတ်စွာဘုရား၏ သာသနာတော်တွင် ရဟန်းတော်များ လိုက်နာစောင့်ထိန်းရန် ပညတ်တော်မူခဲ့သည့် နိဿဂ္ဂိပါစိတ်အာပတ်တစ်ခု ဖြစ်၏။[၁]

သမိုင်း ပြင်ဆင်ရန်

မြတ်စွာဘုရားသည် သာဝတ္ထိုမြို၊ ဇေတဝန်ကျောင်းတော်တွင် သီတင်းသုံးနေတော်မူ၏။ အသျှင်ဥပနန္ဒသည် သင်္ကန်းတို့ကို ချုပ်ခြင်းကို ကျွမ်းကျင်၏။ အသျှင်ဥပနန္ဒသည် အဝတ်စုတ်ဒုကုဋ်ကို ကောင်းစွာချုပ်၍ ပြေပြစ်စွာ ဝတ်ရုံ၏။ ထိုအခါ ပရိဗိုဇ်တစ်ယောက်သည် အဖိုးများစွာတန်သော အဝတ်ကို ဝတ်ရုံကာ အသျှင်ဥပနန္ဒထံသို့ ချဉ်းကပ်လာ၏။ ထို့နောက် အသျှင်ဥပနန္ဒကို “ငါ့သျှင် သင်၏ ဤဒုကုဋ်သည် ကောင်းပေ၏၊ ငါ၏ အဝတ်နှင့် လဲလှယ်လော့” ဟု ဆို၏။

ပရိဗိုဇ်သည် လဲလှယ်ကာ ပရိဗိုဇ်အရံသို့ သွား၏။ ထို့နောက် အခြားပရိဗိုဇ်တို့သည် “သင်၏ ဤ ဒုကုဋ်သည် ကောင်းပေသည်၊ အဘယ်မှ ရပါသနည်း” ဟု မေး၏။ ထိုအခါ အသျှင်ဥပနန္ဒနှင့် လဲလှယ်ခဲ့ကြောင်း ဖြေကြား၏။ ထို့နောက် ပရိဗိုဇ်တို့သည် “သင်၏ ဤ ဒုကုဋ်သည် ဘယ်နှရက်ခံမည်နည်း၊ သင်၏ အဝတ်သည်သာ ကောင်း၏” ဟု ဆိုကြ၏။ ထိုအခါ လဲလှယ်ခဲ့သော ပရိဗိုဇ်သည် “မှန်ပေ၏” ဟု ဆို၏။ ထို့နောက် အသျှင်ဥပနန္ဒအား “သင်၏ ဒုကုဋ်ကို ယူလော့၊ ငါ၏ အဝတ်ကို ပေးလော့” ဟု သွားပြော၏။

ထိုအခါ အသျှင်ဥပနန္ဒသည် “ငါသည် ပေးလိမ့်မည်မဟုတ်” ဟု ဆို၏။ ထိုအခါ ပရိဗိုဇ်သည် “လူသည်ပင်သော်မှ နှလုံးမသာယာသူ လူအား ပေးရသေး၏၊ ရဟန်းသည် အဘယ်ကြောင့် မပေးနိုင်ရသနည်း” ဟု ကဲ့ရဲ့၏။ ထိုသို့ ကဲ့ရဲ့သည်ကို ရဟန်းတို့သည် ကြားကုန်း၏။

အလိုနည်းသော ရဟန်းတို့သည် ကဲ့ရဲ့ကုန်၏။ ထို့နောက် မြတ်စွာဘုရားအား သွားရောက်လျှောက်ထားကြ၏။ မြတ်စွာဘုရားသည် အသျှင်ဥပနန္ဒအား “သင်သည် ပရိဗိုဇ်တို့နှင့် ဝယ်ခြင်းရောင်းခြင်းသို့ ရောက်သည်မှာ မှန်ပါသလား” ဟု မေး၏။ “မှန်ပါသည်” ဟု ဖြေ၏။

ထိုအခါ မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူကာ အောက်ပါသိက္ခာပုဒ်ကို ပညတ်တော်မူ၏။[၁]

သိက္ခာပုဒ် ပြင်ဆင်ရန်

“အကြင်ရဟန်းသည် အထူးထူးအပြားပြားရှိသော ဝယ်ခြင်း ရောင်းခြင်းသို့ ရောက်ငြားအံ့၊ (ထိုရဟန်းအား) နိဿဂ္ဂိပါစိတ်အာပတ် သင့်၏” ဟု မိန့်တော်မူ၏။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ဝိနည်းပိဋက၊ ပါရာဇိကဏ်ပါဠိတော်မြန်မာပြန်