ကယ်လ်ဒီးယန်းအင်ပါယာ
ကယ်လ်ဒီယန်းတို့သည် ဘေဘီလိုးနီးယန်းလွင်ပြင်သို့တောင်ဘက်မှ ဝင်ရောက်လာကြပြီးနောက် ဘုရင် နဘိုပေါ်လက်ဆာ လက်ထက်တွင် အဆီးရီးယန်းတို့အား တိုက်ခိုက်ကာ အနိုင်ရပြီး မြစ်ဝှမ်းနှစ်သွယ်ဒေသတွင် ပြိုင်ဖက်ကင်း အုပ်ချုပ်နေထိုင်ကြသည်။(ဆိုင်းယက်ဆီရိစ် ဦးဆောင်သည့် မီးဒီးစ်တို့က မြောက်ဘက် ကုန်းမြင့်ဒေသအား သိမ်းပိုက်သည်။) ကယ်လ်ဒီးယန်းတို့သည် ဘေဘီလုံမြို့တော်အား အခြေပြုကာ တိုင်းပြည်ထူထောင်ကြပြီး အဆီးရီးယန်း ဘုရင်များ၏ ဖျက်ဆီးမှုကြောင့် တိမ်ကောသွားသည့် မြို့တော်ဘေဘီလုံကိုလည်း အသစ်တစ်ဖန် ပြန်လည်တည်ဆောက်ကြသည်။ ဤခေတ်ကို ကယ်လ်ဒီးယန်းအင်ပါယာ (သို့) ဘေဘီလုံအင်ပါယာသစ် (Neo- babylonian Empire) ဟုလည်း ခေါ်ကြသည်။
ယဉ်ကျေးမှုအဆင့်အတန်း
ပြင်ဆင်ရန်ကယ်လ်ဒီးယန်းဘုရင်တို့အနက် နက်ဘူကတ်နက်ဇာ(Nebuchadnezzar) သည် ထင်ရှားသည့်ဘုရင်တစ်ပါးဖြစ်သည်။ ဘီစီ၆၀၄တွင် နန်းတက်လာပြီး ဘီစီ၅၆၁တွင် နတ်ရွာစံသည်။ ထိုမင်းလက်ထပ်တွင် ဘေဘီလုံမြို့တော်သည် ကြီးကျယ်တိုးတက်မှုတွင် ထိပ်ဆုံးအဆင့်သို့ရောက်လာရသည်။ မြို့တော်တောင်ဘက်တွင် ဝတ်ကျောင်းအသစ်ကြီးဆောက်လုပ်ခဲ့သည်။ ထိုဝတ်ကျောင်းဒေသမှ နန်းတော်ထိ လမ်းမကြီးဖောက်လုပ်ကာ ပီယနတ်ဘုရားမ အစ်ရှတာ(Ishtar) အား ဂုဏ်ပြုခဲ့သည်။
တောင်ကမ်းပါးသဖွယ် မြေယာများဖန်တီးကာ နန်းတော်၏ခေါင်မိုးတွင် အပူပိုင်းဒေသများမှ ဆန်းကျယ်ထူးခြားသည့် သစ်ပင်ပန်းပင်များကို စိုက်ပျိုးခဲ့သည်။ ထိုဥယျာဉ်အား မိုးပျံဥယျာဉ်ဟု ခေါ်ကာ ရှေးခေတ် ကမ္ဘာ့အံ့ဖွယ် ခုနှစ်ပါး တွင်တစ်ပါးအပါအဝင်ဖြစ်ခဲ့သည်။
နက္ခတဗေဒ
ပြင်ဆင်ရန်ကယ်လ်ဒီးယန်းတို့သည် နက္ခတဗေဒတွင်လည်း အားပေးကြသည်။ ရှေးကျသော ထိုကာလကပင် ကယ်လ်ဒီးယန်းတို့သည် ဂြိုဟ်ကြီးငါးလုံးကို ရှာဖွေတွေ့ရှိပြီးဖြစ်ကာ အမည်နာမများလည်း သတ်မှတ်ပြီးဖြစ်ကြသည်။ သောကြာဂြိုဟ်အား ပီယနတ်ဘုရားမ အစ်ရှတာ၊ ကြာသပတေးဂြိုဟ်အား စစ်နတ်ဘုရား မာဒပ် အစရှိသဖြင့် ဂုဏ်ပြုခေါ်ဝေါ်ကြသည်။ (နောင်တွင် ထိုဓလေ့မှာ ဂရိယဉ်ကျေးမှုတွင် ပါဝင်ကာ ဂြိုဟ်များအား နတ်ဘုရားများ၏အမည်ဖြင့် မှည့်ခေါ်ကြသည်မှာ ယနေ့တိုင်ဖြစ်လေသည်။) ဤသို့ဖြင့် ရက်သတ္တပတ်တစ်ခုတွင် နတ်ဘုရားခုနှစ်ပါးအား အစွဲပြုကာ သတ်မှတ်ခေါ်ဝေါ်ခြင်းဖြင့် ခုနှစ်ရက်တစ်ပါတ် သတ်မှတ်ချက်ပေါ်ထွက်လာသည်။
ကယ်လ်ဒီးယန်းတို့တွင် ထင်ရှားသည့် နက္ခတဗေဒပညာရှင်နှစ်ဦး ပေါ်ထွန်းခဲ့သည်။ တစ်ဦးမှာ ဘီစီ၅၀၀ဝန်းကျင်ခန့်က ထင်ရှားခဲ့သည့် နဘူရီမန်းနူး(Naburimannu) ဖြစ်ကာ ကျန်တစ်ဦးမှာ ဘီစီ၄၀၀ခန့်က ကျော်ကြားသည့် ကီဒင်းနူး(Kidinnu) ဖြစ်သည်။ ထို့အပြင် ကယ်လ်ဒီးယန်းတို့၏ နက္ခတဗေဒဆိုင်ရာအချက်အလက်မှတ်တမ်းများမှာ ကမ္ဘာ့စံချိန်တင်ကြာရှည်ကာ ယနေ့တိုင် ကမ္ဘာ့အကြာဆုံး နက္ခတဗေဒဆိုင်ရာမှတ်တမ်းအဖြစ် တည်ရှိဆဲဖြစ်သည်။