ကလေးအလုပ်ကြမ်းဥပဒေ

ပြင်ဆင်ရန်

၁၉ရာစုနှစ်၌ အင်္ဂလန်ပြည်တွင် စက်မှုလက်မှုလုပ်ငန်းများ ထွန်းကား၍ စက်ရုံများ အနှံ့အပြား ပေါ်ပေါက်လာခဲ့သည်။ ထိုစက်ရုံများ၌ အလုပ်လုပ်ကြသော လုပ်သားများမှာ အများအားဖြင့် ကလေးသူငယ်များသာဖြစ်ကြ၍ အချို့ကလေးများမှာ အသက် ၄နှစ်အရွယ်မျှသာ ရှိကြသည်။ ထိုမျှ ငယ်ရွယ်သော ကလေး သူငယ်များသည် စက်ရုံများထဲ၌ တဝီဝီလည်နေသော ဘီးကြီး များနှင့် လျင်မြန်စွာ သွားလာနေသော စက်ပတ်ကြိုးများအကြား တွင် ကျပ်ကျပ်တည်းတည်း အလုပ်လုပ်ကြရသည်။ သူတို့သည် တစ်နေ့လျှင် ၁၂ နာရီ ၁၄ နာရီမှ တစ်ခါတစ်ရံ ၁၅ နာရီ ကြာမျှ အလုပ်လုပ်ကြရ၍ ငိုက်မျဉ်းသွားလျှင်သော်လည်းကောင်း၊ တစ်စုံ တစ်ခု မှားယွင်းသွားလျှင်သော်လည်းကောင်း၊ အလုပ်သမားခေါင်းအကြီးအကဲများ၏ ကျာပွတ်နှင့်ရက်စက်စွာ ရိုက်နှက်ခြင်းကို ခံကြရလေသည်။ မြေအောက် ကျောက်မီးသွေး တွင်းများ၌ အလုပ်လုပ်ရသော ကလေးများ၏ဘဝမှာ ပို၍ဆိုးသည်။ သူတို့သည် သူတို့ အင်အားနှင့်မမျှသည့် ကျောက်မီးသွေးလှည်း များကို တွန်းရ ခြင်းစသော အလုပ်များကို နေ့စဉ် ၁၂ နာရီကြာမျှ ဆင်းရဲကြီး စွာ လုပ်ကြရ၏။


ထိုသို့ အလုပ်ပင်ပန်းစွာ လုပ်ကြရသဖြင့် ကလေးများမှာ ချည့်နဲ့သေးကွေးပြီးလျှင် ကျန်းမာရေး အမြဲချို့တဲ့နေကြသည်။ အချို့မှာ သေဆုံးသွား၍ အချို့မှာ တသက်ပန် လူစဉ်မမှီအောင် ကျိုးကန်းသွားကြသည်။ သို့ရာတွင် အလုပ်ရှင်များကား သူတို့ အတွက် ပူပန်ကြောင့်ကြခြင်း မဖြစ်ကြချေ။ အကြောင်းမှာ ကလေးများကို သူတို့သည် မိဖမဲ့ကျောင်းနှင့် ကယ်ဆယ်ရေး စခန်းများမှ နောက်ထပ်လိုသလောက် ရနိုင်သောကြောင့်ဖြစ်၏။ ကလေးများကို ခိုင်းရသည်မှာ အလုပ်ရှင်များအဖို့ ပိုက်ဆံကုန် သက်သာလှသည်။ သူတို့ကို ကျွေးမွေး၍ ကုန်ကျသောစရိတ်မှာ သူတို့ထံမှရသော လုပ်အားနှင့်စာသော် မပြောပလောက်သဖြင့်၊ အမြတ်ကြီးစား အလုပ်ရှင်များသည် ကလေးများကိုသာ ဖိ၍ ခိုင်းစေခဲ့ကြသည်။


နောက်ဆုံး၌ ကလေးလုပ်သားများ၏ ဆိုးရွားလှသော အဖြစ်ကို အင်္ဂလန်ပြည်ရှိ အချို့လူများ သိမြင်လာကြလေ သည်။ ရောဗတ်ဆောက်သေး၊ အယ်လစ်ဇဗက် ဗရောင်းနင်း စသော ကဗျာဆရာများသည် ကလေးများ သနားစဖွယ် ဒုက္ခ ရောက်နေပုံကို စပ်ဆိုခဲ့ကြသည်။ ထိုအချိန်က ဗြိတိသျှအစိုးရ သည် အနောက်အိန္ဒိယ ကျွန်းစု၌ ကပ္ပလီများအား ကျွန်အဖြစ် ခိုင်းစေခြင်းကို ငွေသိန်းသန်းအကုန်ခံ၍ ပိတ်ပင်ရန် စီမံ စိုင်းပြင်းလျက်ရှိရာ၊ ငွေဝယ်ကျွန်စနစ်ထက် အဆပေါင်းများစွာ ပိုမို ဆိုးရွားလှသော ကလေးလုပ်သားစနစ်ကို လူအများက ကြာရှည်စွာ လျစ်လျူမရှုနိုင်တော့ချေ။ လေ့ရှပ်စဗါရီနှင့် အခြားပုဂ္ဂိုလ်ကြီးများက ထိုကိစ္စကို ပါလီမန်၌တင်သွင်း ကန့်ကွက်ကြလေသည်။


ကိုယ်ကျိုးကိုယ့်စီးပွား သက်သက်ကိုသာ ကြည့်လေ့ရှိသော အလုပ်ရှင်များသည် ကလေးလုပ်သားများကို လက်မလွှတ်လိုကြ ချေ။ အချို့လူများကလည်း အစိုးရသည် စက်ရုံပိုင်ရှင်များ၏ ကိစ္စတွင် ဝင်ရောက် မစွက်ဖက်သင့်ဟု ယူဆကြ၏။ သို့ရာ တွင် စုံစမ်းရေးကော်မတီ အစီရင်ခံစာများအရ ဇာထိုးပန်းထိုး လုပ်ငန်းတွင် လေးငါးနှစ်ရွယ် ကလေးလူမမယ်များပင် တစ်နေ့ လျှင် ၁၂ နာရီမျှ အလုပ်လုပ်ရပုံ၊ ကလေး လုပ်သားများသည် မီးခိုးခေါင်းတိုင်များထဲသို့ဝင်၍ ကျပ်ခိုးသုတ်ယင်း တစ်ခါတစ်ရံ အရှင်လတ်လတ် မီးလောင်သေဆုံးရပုံ၊ မည်းမှောင်နေသော ကျောက်မီးသွေးတွင်းနက်ကြီးများထဲ၌ တစ်နေကုန် တစ်နေခန်း အလုပ်လုပ်ရပုံများကို ကြားသိရသောအခါ၊ ပိုမို၍ မခံမရပ်နိုင် ဖြစ်လာကြပြီးလျှင် ပါလီမန်မှနေ၍ ကလေး လုပ်သားများအား ခိုင်းစေပုံစနစ်ကို ပြုပြင်ရန်အတွက် မရပ်မနားတိုက်ပွဲဆင်နွှဲခဲ့ ကြ၏။

အင်္ဂလန်မှစ

ပြင်ဆင်ရန်

အင်္ဂလန်ပြည်သည် ကလေးလုပ်သားများ၏ အခွင့်အရေးကို ကာကွယ်ပေးသောဥပဒေများ ပြဋ္ဌာန်းခဲ့သည့် ရှေးဦးနိုင်ငံ ဖြစ် သည်။ ၁၈ဝ၂ ခုနှစ်တွင် ဝါဂွမ်းစက်ရုံများ၌ ကလေးများကို တစ်နေ့လျှင် ၁၂ နာရီထက် ပို၍ မခိုင်းရန် ဥပဒေဖြင့် တားမြစ်ခဲ့သည်။ ၁၈၁၉ ခုနှစ်တွင် ဝါဂွမ်းစက်များ၌ ၉ နှစ် အောက်ကလေးများကို မခိုင်းရန်နှင့်၊ ၁၆နှစ်အောက် ငယ်သူ များကို တစ်နေ့လျှင် ၁၂ နာရီထက် ပို၍ မခိုင်းရန် ဟူသော ဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ မိန်းမများနှင့် ကလေးများအား မြေအောက်၌ အလုပ်မခိုင်းရန် ဥပဒေတစ်ရပ်ကို ၁၈၄၂ ခုနှစ် တွင် အတည်ပြုလေသည်။ အင်္ဂလန်ပြည်တွင် ယခုအခါ ၁၅ နှစ်အောက် ကလေးလုပ်သားများမှာ ပြောပလောက်အောင် မရှိတော့ချေ။ အကြောင်းမှာ ကလေးသူငယ် စာမသင်မနေရ ဥပဒေအရ အသက် ၁၅ နှစ်အထိ ကျောင်းများတွင် စာသင်ကြ ရသောကြောင့် ဖြစ်သည်။ ယင်းသို့ အင်္ဂလန်ပြည်က စတင် လုပ်ကိုင်လာခဲ့ရာ၊ အခြားနိုင်ငံများကလည်း အင်္ဂလန်နည်းတူ လိုက်နာလုပ်ဆောင်လာကြသည်။


အထူးသဖြင့် ၁၉၁၉ ခုနှစ်တွင် နိုင်ငံပေါင်းချုပ်အသင်းကြီး နှင့်တစ်ပြိုင်နက်တည်း ပေါ်ပေါက်လာသော အိုင်၊ အယ်၊ အို ခေါ် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအစည်းအရုံးကြီး၏ ကျေးဇူး ကြောင့် ကလေးများအား ကာကွယ်ပေးရေးလုပ်ငန်းများမှာ ပိုမို ထိရောက်ကျယ်ပြန့်လာခဲ့သည်။ စက်ရုံများတွင် အသက် ၁၄ နှစ် အောက်ကို မခိုင်းရန်၎င်း၊ အသက် ၁၈ နှစ်အောက်ကို ညဉ့်အလုပ်များ၌ မခိုင်းရန်၎င်း၊ တစ်ပတ်လျှင် အလုပ်ချိန် ၄၈ နာရီ သတ်မှတ်ရန်၎င်း၊ နိုင်ငံပေါင်း ၅ဝကျော်က သဘော တူညီခဲ့ကြ၏။


အမေရိကန်ပြည်ထောင်စုတွင် ၁၉၁ဝ ပြည့်နှစ်ခန့်ကစ၍ ကလေးလုပ်သားများ သက်သာချောင်ချိစေမည့် ဥပဒေများကို ပြုလုပ်ရန် ကြိုးစားခဲ့ကြသည်။ သို့ရာတွင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့် ဆန့်ကျင် နေသဖြင့် မအောင်မြင်ဘဲရှိခဲ့သည်။ ၁၉၂၄ ခုနှစ်တွင် အခြေခံဥပဒေကို ပြင်ဆင်ပြီးနောက် ဥပဒေ များ ပြဋ္ဌာန်းလာခဲ့သည်။ သမ္မတ ဖရန်ကလင်ရူးဇဗဲ့ အစိုးရ လက်ထက် ၁၉၃၃ ခုနှစ်မှစ၍ စက်ရုံများတွင် ၁၆ နှစ်အောက် ကလေးများကို မခိုင်းရတော့ချေ။

အိန္ဒိယနှင့် မြန်မာ

ပြင်ဆင်ရန်

အင်္ဂလန်ပြည်တွင် ကလေးလုပ်သားများနှင့် အကျုံးဝင်သော ဥပဒေများ ပေါ်ပေါက်ပြီးသည့်နောက်တွင် အိန္ဒိယနိုင်ငံ၌လည်း လိုအပ်သလို အနည်းငယ်ခန့်ပြင်ဆင်ထားသော ကလေးအလုပ် ကြမ်းဥပဒေများ ပေါ်ပေါက်လာခဲ့၏။ ၁၉၂၂ ခုနှစ် အလုပ်ရုံ များ အက်ဥပဒေအရ ယခင်က ခွင့်ပြုထားသော ၉ နှစ်မှ ၁၂ နှစ်အထိ ကလေးများအစား ၁၄ နှစ်မှ ၁၅ နှစ် အရွယ် ကလေးများကိုသာ အချိန်ပြည့် လုပ်ကိုင်ခွင့် ပေးလေသည်။ ရာသီအလိုက် လုပ်ကိုင်ရသော အလုပ်ရုံများတွင် တစ်နေ့လျှင် အလုပ်ချိန် ၁၁ နာရီ၊ တစ်ပတ်လျှင် ၆ဝ နာရီမျှ သတ်မှတ်ပေး ခဲ့လေသည်။ သာမန် အလုပ်ရုံများတွင် တစ်နေ့လျှင် အလုပ် ချိန် ၁ဝ နာရီ တစ်ပတ်လျှင် ၅၄ နာရီမျှ သတ်မှတ်ပေးခဲ့လေ သည်။ ထိုမှတစ်ပါး မိန်းမများ ညဉ့်အချိန်တွင် အလုပ်လုပ် ကိုင်ခြင်းကိုလည်း တားမြစ်ခဲ့သည်။ ၁၉၃၃ ခုနှစ်တွင် အတည်ပြုခဲ့သော ကလေးများ လုပ်အားရောင်း စားခြင်း ဥပဒေမှာ ကလေးသူငယ်များကို အတန်ပင် အကာအကွယ် ပေးခဲ့သော ဥပဒေဖြစ်သည်။ ၁၉၃၆ ခုနှစ်နှင့် ၁၉၄ဝ-၄၁ ခုနှစ်များတွင်လည်း အလုပ်ရုံဥပဒေများကို ပြင်ဆင်ခဲ့သေးသည်။ ဒုတိယကမ္ဘာစစ် အပြီးတွင် အိန္ဒိယနိုင်ငံသည် အိုင်၊ အယ်၊ အို အစည်းအရုံးကြီးမှ ချမှတ်သော အခြေခံလမ်းစဉ်များအတိုင်း ကလေးသူငယ်လုပ်သားများအတွက် ဥပဒေ အမျိုးမျိုးတို့ကို အတည်ပြုခဲ့ရာ၊ ယခုအခါ အိန္ဒိယနိုင်ငံသည် ကလေးအလုပ် ကြမ်းဥပဒေများ ပြဋ္ဌာန်းသည့်ဖက်တွင် ရှေ့တန်းသို့ ရောက်ရှိ နေလေပြီ။


မြန်မာနိုင်ငံကို အိန္ဒိယနိုင်ငံမှ မခွဲမီ ကာလက အလုပ်သမား ဥပဒေများမှာ အိန္ဒိယနိုင်ငံမှဥပဒေများနှင့် အထူး ကွာခြားခြင်း မရှိခဲ့ချေ။ ရှေးအခါက မြန်မာနိုင်ငံနှင့် အိုင်၊အယ်၊အို ဆက်သွယ်ခဲ့သည်မှာလည်း အိန္ဒိယနိုင်ငံမှတစ်ဆင့်ဖြစ်၏၊ အိန္ဒိယအလုပ်ရုံများအက်ဥပဒေမှာ မြန်မာနိုင်ငံတွင် ၁၉၁၁ ခုနှစ်ကစ၍ အာဏာတည်မြဲခဲ့သည်။ ထိုစဉ်က အလုပ်ရုံများ ဆိုင်ရာ အင်စပိတ်တော်ရာထူး (ကြပ်မရေးအရာရှိ)ကို အင်္ဂလန်မှ ခန့်အပ်လျက် မြန်မာနိုင်ငံအစိုးရ အထွေထွေဌာန လက်အောက်တွင် ထားရှိခဲ့လေသည်။ ၁၉၂ဝ ပြည့်နှစ်တွင် အလုပ်ရုံများဆိုင်ရာ အင်စပိတ်တော်ချုပ်ဌာနကို စတင်ဖွင့်လှစ် လျက် အိန္ဒိယအလုပ်ရုံ အက်ဥပဒေများအတိုင်း လိုက်နာ ကျင့်သုံးစေခဲ့သည်။

ဥပဒေ ပြဋ္ဌာန်း

ပြင်ဆင်ရန်

၁၉၄၈ ခုနှစ်တွင် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးနောက် နိုင်ငံတော်အစိုးရသည် အလုပ်သမားများ အရေးကို အထူး အရေးယူခဲ့သည်။ ၁၉၄၇ ခု ဇူလိုင်လ၌ အလုပ်သမားဥပဒေပြု အကြံပေးအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ ထိုအဖွဲ့၏အကြံပေးချက်အရ ဝါဏိဇ္ဖပဋိပက္ခ ပြင်ဆင်ချက်အက်ဥပဒေ၊ အနည်းဆုံးလုပ်ခ အက်ဥပဒေ၊ သတ္တုတွင်းပြင်ဆင်ချက် အက်ဥပဒေ၊ ရေနံမြေ အလုပ်သမားများ သက်သာချောင်ချိရေး အက်ဥပဒေ၊ အလုပ် ရုံများ အက်ဥပဒေ၊ အလုပ်သမားများ လျော်ကြေးပေးရေး ပြင်ဆင်ချက် အက်ဥပဒေ စသည်ဖြင့် များလှစွာသော ဥပဒေ များကို ပြဋ္ဌာန်းခဲ့၏။ အထူးသဖြင့် ၁၉၅၁ ခုနှစ် အလုပ်ရုံများ အက်ဥပဒေမှာ ကလေးအလုပ်သမားများအတွက် များစွာ အကာ အကွယ်ပေးခဲ့သည်။ ထိုဥပဒေအရ အသက် ၁၃ နှစ် မပြည့် သေးသည့် မည်သည့်ကလေးကိုမျှ အလုပ်ရုံတစ်ခုခုတွင် လုပ်ခွင့် မပြုရချေ။ အသက် ၁၃ နှစ် ပြည့်စေကာမူ ဆရာဝန်ထံမှ အလုပ် လုပ်ရန်သင့်လျော်ကြောင်း တာဝန်ခံလက်မှတ် ရရှိမှသာ လျှင် လုပ်ခွင့်ပြုသည်။ ထို့ပြင် ကလေးများကို တစ်နေ့လျှင် ၄ နာရီထက် ပိုမခိုင်းရန်သော်လည်းကောင်း၊ ညနေ ၆နာရီမှ နံနက် ၆ နာရီ အတွင်း မခိုင်းစေရန်သော်လည်းကောင်း၊ ၁၅ နှစ်ပြည့်ပြီးသော လူငယ်များကိုလည်း ဆရာဝန်ထံမှ သင့်လျော်ကြောင်း ထောက် ခံချက်ရရှိမှသာ အချိန်ပြည့်လုပ်နိုင်သော လူကြီး လုပ်သား အဖြစ် ခိုင်းစေရန်၎င်း၊ ပြဋ္ဌာန်း ပါရှိလေသည်။


ပြည်ထောင်စု မြန်မာနိုင်ငံတော်သည် ၁၉၄၈ ခု မတ်လ ကပင် အိုင်၊ အယ်၊ အို အစည်းအရုံးကြီး၏ အသင်းဝင်နိုင်ငံ တစ်ခု ဖြစ်လာသည့်အားလျော်စွာ အိုင်၊ အယ်၊ အို ညီလာခံ များသို့ နှစ်စဉ်နှစ်တိုင်း ကိုယ်စားလှယ်များ စေလွှတ်ခဲ့သည်။ ယခုအခါ ထိုအဖွဲ့ချုပ်ညီလာခံများမှ ဆုံးဖြတ်ချက်ထောက်ခံချက် အခြေခံများအတိုင်း ကလေးအလုပ်ကြမ်းဥပဒေများနှင့် အလုပ် သမားဆိုင်ရာ အခြားဥပဒေများကို ပြဋ္ဌာန်း လျက်ရှိပေသည်။

[]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)