သဘာဝသည် တောနေ တိရစ္ဆာန်များအား အသက်ဘေးအန္တရာယ်မှ ကာကွယ်နိုင်စေရန် ယင်းတို့၏ အသွေးအရောင်နှင့် တော၏သဘာဝအရောင်များကို ဆင်တူ ယိုးမှား ဖြစ်လောက်အောင် ဖန်တီး ပေးထားသည်။ ယင်းသို့ ရန်သူ့ဘေးအန္တရာယ်မှ ကင်းလွတ်စေရန် သဘာဝက ဖန်တီး ပေးထားသော အရောင်များကို ကာကွယ်ရောင်ဟူ၍ သိရသည်။ အစာရှာထွက်ကြသည့် ငှက်များအနက် အချို့သည် အစာ ဖြစ်သည့် ပေါက်ဖတ်များကို မမြင်နိုင်လောက်အောင် မျက်စိ မှောက်ကြရခြင်းမှာ၊ သဘာဝက ထိုပေါက်ဖတ်များကို သူတို့ ရှိရာ သစ်ကိုင်းများ၏ အရောင်နှင့်တူအောင် ဖန်တီးထားသော ကြောင့်ပင် ဖြစ်သည်။ ငါးများတွင် အကြေးများ ပြာလဲ့လဲ့ ရှိနေသည်မှာလည်း ထိုနည်းတူပင်ဖြစ်သည်။

တစ်ခါတစ်ရံ၌မူ သဘာဝက ဖန်တီးပေးသည့် သားကောင် များကို ဖမ်းယူစားသောက်နိုင်ကြသည်။ ကျား၏ အရောင်စင်း များသည် တောနက်ကြီးထဲတွင် တော၏သဘာဝအရောင်နှင့် ဆင်တူနေသဖြင့် အချို့ သားကောင်များသည် ကျားကို လုံးလုံး မမြင်ရသောကြောင့် ကျား၏ ဖမ်းဆီးစားသောက်ခြင်းခံကြ သည်။ မြစ်တွင်းရှိ မိကျောင်းတို့၏ အရောင်သည်လည်း ရေ တွင် မျောနေသော သစ်တုံးကဲ့သို့ ထင်ယောင်ထင်မှား ဖြစ်စေ သောကြောင့် သားကောင်များ မကြာခဏ မိကျောင်းစာ ဖြစ်ကြ ရသည်။

ဘေးအန္တရာယ် အစဉ်ဝန်းရံလျက်ရှိသည့် သတ္တဝါများကို သဘာဝသည် ယင်းတို့နေထိုင်ရာ ပတ်ဝန်းကျင်နှင့် တူညီနိုင် သမျှ တူညီအောင် ဖန်တီးပေးသည်။ အထူးသဖြင့် မိမိကိုယ် ကို မိမိ မကာကွယ်နိုင်သည့် သတ္တဝါမျိုးကို သဘာဝသည် အရောင်များဖြင့် ပို၍ ကာကွယ်ပေးတတ်ပေသည်။ ထိုကြောင့် ကြီးနိုင်ငယ်ညှဉ်း တိရစ္ဆာန်လောကအတွင်း၌ နေကြရသော အားနွဲ့သတ္တဝါများသည် တာရှည် အသက်ရှင်နေနိုင်ကြခြင်း ဖြစ်ပေသည်။

ပင်လယ်၌ ကူးသွားနေသော ရေသတ္တဝါကလေးများသည် ထုတ်ချင်းပေါက်မြင်နိုင်သော ကိုယ်များ ရှိတတ်ကြ၍ ထို သတ္တဝါ ကလေးများကို ရေထဲတွင် ကောင်းကောင်း မမြင်နိုင် ချေ။ ကြိုးပြားပုံသဏ္ဌာန်ရှိသည့် ငရှဉ့်ငယ်များသည် ဖန်ကဲ့သို့ ကြည်လင်သည့် အရောင်များရှိကြသည်။ ငါးများသည် ရန်သူ နှင့်ဆိုင်မိလျှင် ထွက်ပြေးရုံမှလွဲ၍ အခြား ခုခံကာကွယ်စရာ မရှိပေ။ ထိုကြောင့် ကျောပေါ်တွင် ပြာလဲ့လဲ့ အရောင်ကလေး ကိုသာလျှင် အားကိုးအားထား ပြုကြရ၏။ ထိုအရောင်ကြောင့် ရေနက်သို့ရောက်သွားသောအခါ ယင်းတို့ကို မမြင်နိုင်လောက် အောင် ဖြစ်သွားသည်။ သဲကန္တာရရှိ သတ္တဝါများကို ကြည့်ပြန် လျှင်လည်း ယင်းတို့၏ အရောင်များကို မြေကြီးအရောင် သို့မဟုတ် သဲအရောင်နှင့် ဆင်တူရိုးမှား တွေ့ရသည်။

ဤသို့ဖြစ်ရခြင်းမှာ ရန်သူများ၏ အန္တရာယ်မှ ကာကွယ်ပေး သည့်အနေဖြင့် သဘာဝက ဖန်တီးပေးထားခြင်းပင် ဖြစ်သည်။ သစ်ရွက်များကို စားသောက်၍ နေထိုင်ကြသည့် ပိုးကောင် ကလေးများမှာလည်း သဘာဝအလျောက်ပင် သူတို့ နေထိုင်ရာ ဒေသရှိ အရောင်များနှင့် တူစေရန် အစိမ်းရောင်သော်လည်းကောင်း၊ အစိမ်းပြောက်ကလေးများသော်လည်းကောင်း ရှိတတ်ကြသည်။ ကွင်းပြင် တွင် နေထိုင်ကြသည့်သတ္တဝါများ၏ အရောင်မှာမူ သဘာဝ အလျောက် အညို ရင့်ရောင် ဖြစ်ကြ၏။ ထိုသတ္တဝါမျိုးရှိမှန်း ကို ယင်းတို့နေထိုင်ရာနေရာမှ ထွက်ခွာသောအခါကျမှ တွေ့မြင် သိရှိနိုင်လေသည်။

အချို့သတ္တဝါမျိုးသည် ဝပ်၍နေတတ်ကြသည်။ ထိုသတ္တဝါ မျိုးသည် ဝပ်၍နေသည့်အခါ သေနေသကဲ့သို့ ထင်မှတ်ရသဖြင့် တွေ့သည့်အခါ ကောက်၍ပင် ယူမိတတ်သည်။ သတ္တဝါများ သည် နိုးနေသည့်အခါများတွင် တိမ်းရှောင်နိုင်ကြသဖြင့် သတ္တဝါများသည် ဘေးအန္တရာယ်မများလှသော်လည်း အနားယူ နေသည့်အခါ၌ ဖြစ်စေ၊ အိပ်နေသည့်အခါ၌ဖြစ်စေ၊ ပို၍ ဘေး အန္တရာယ်များသည်။ ထိုကြောင့် သဘာဝအရောင်များသည် သတ္တဝါများကို ထိုအခါများ၌ ပို၍ ကာကွယ်ပေးနိုင်ရန် အရေးကြီးပေသည်။

သဘာဝအလျောက် ဖြစ်ပေါ်သည့် ကာကွယ်ရောင်၏ သတ္တိသည် အထူးသဖြင့် ငှက်များတွင် ပိုမိုထင်ရှား ပေါ်လွင် သည်။ ဥများကို ဝပ်၍ နေစဉ် ရန်သူမမြင်နိုင်ရန်မှာ အရေးကြီး သဖြင့် ငှက်မများတွင် ငှက်ဖိုကဲ့သို့ ပြောင်လက်သော အရောင် များ မရှိဘဲ ပတ်ဝန်းကျင်မှ အရောင်များသာ ရှိကြသည်။

ငှက်ဖိုများသည် ရန်သူနှင့် တွေ့ကြုံသည့်အခါ ခုခံနိုင်ကြပြီးလျှင် ပျံပြေးလိုက ပျံပြေးနိုင်ကြသောကြောင့် မိမိကိုယ်ရေးအတွက် ကောင်းစွာ ကာကွယ်နိုင်ကြသည်။ ငှက်မများမှာ ဥများကို ဝပ် ပေးရသည့်တာဝန်ရှိသဖြင့် အဖိုများကဲ့သို့ တောက်ပသည့် အရောင်များသာ ရှိခဲ့လျှင် အချို့ တိရစ္ဆာန်တို့၏ ရန်မူခြင်းကို မုချခံကြရပေမည်။ အချို့ငှက်ဖိုများ၌လည်း ငှက်မများကဲ့သို့ပင် သဘာဝအရောင်များ ရှိတတ်ကြသည်။ အဘယ်ကြောင့်ဆိုသော် ထိုငှက်ဖိုများသည် ငှက်မများကဲ့သို့ပင် ဥများကို ဝပ်ပေးတတ် ကြသောကြောင့်ဖြစ်၏။ အချို့ရန်သူများသည် ထိုငှက်မျိုးကို ရှာဖွေ၍ စားသောက်နိုင်ကြခြင်းမှာ အနံ့ခံနိုင်ကြခြင်းကြောင့် ဖြစ်သည်။

ခါတို့၏အရောင်များမှာ သူတို့ကျက်စားရာကွင်းများမှ မြက် ခြောက်များ၏ အရောင်ကဲ့သို့ ရှိကြသည်။ စနိုက်ကြီးတို့၏ အရောင်များမှာ သဘာဝအလျောက်ပင် တောမှ သစ်ရွက်ခြောက် များ၏ အရောင်ကဲ့သို့ ရှိကြ သည်။ အချို့သော တိရစ္ဆာန်များ သည် မိမိတို့၏အရောင်များကို သဘာဝအလျောက် ရာသီကို လိုက်၍ ပြောင်းလဲတတ်ကြရာ၊ နှင်းကျသော ဒေသများ၌ နေထိုင် ကြသည့် တိရစ္ဆာန်တို့၏အရောင်သည် ဆောင်းဥတု၌ အဖြူရောင်သို့ ပြောင်းလဲသွားတတ်လေသည်။

[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)