ကော်ဖီ
(၁၇) ရာစု မတိုင်မီက ဥရောပတိုက်ရှိ လူများသည် ကော်ဖီကို သောက်ရမှန်း မသိခဲ့ကြပေ။ ထိုစဉ်က အက်ဗီဆီးနီးယား နိုင်ငံနှင့် အာရေဗျ ကျွန်းဆွယ်တို့၌ ကော်ဖီကို မြိန်ရှက်စွာ သောက်သုံးနေကြပြီဖြစ်သော်လည်း မည်သည့်အချိန်က စတင် သောက်သုံးခဲ့ကြသည်ကို အတိအကျ မပြောနိုင်ကြချေ။
ဘလက်ကော်ဖီတစ်ခွက် | |
အမျိုးအစား | အပူ သို့မဟုတ် အအေး |
---|---|
မူရင်းထုတ်လုပ်သည့်နိုင်ငံ | ယီမင်နိုင်ငံ [၁] |
စတင်ရောင်းချသည့်နေ့ | ခန့်မှန်းခြေ ၁၅ ရာစု |
အရောင်အဆင်း | အညိုရင့်၊ အညိုဖျော့၊ အနက်၊ ဝါညိုနုရောင် |
စတင် တွေ့ရှိပုံ
ပြင်ဆင်ရန်ကော်ဖီကို စတင်တွေ့ရှိပုံ အကြောင်းနှင့် စပ်လျဉ်း၍ သမိုင်းပုံပြင် အမြောက်အမြားရှိသည်။ (၃) ရာစုနှစ် အကုန်လောက်တွင် အာရေဗျမှ ခရစ်ယာန် ဘုန်းတော်ကြီး တစ်စုသည် နှိပ်စက် ညှဉ်းပန်းမှု ဘေးရန်များကြောင့် အက်ဗီဆီးနီးယား နိုင်ငံရှိ တောတောင် ထူထပ်ရာ ဒေသသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြသည်။ တခါသော် ထိုဘုန်းတော်ကြီးများ မွေးမြူထားသည့် သိုးနှင့် ဆိတ်တို့သည် ညရောက်သော်လည်း အိပ်စက်ခြင်း မရှိပဲ မြူးထူး ခုန်ပေါက်၍ သွားလာနေကြသည်ကို တအံ့တဩ တွေ့မြင်ကြရသည်။ ညဆက်တိုက်ပင် ထိုသို့ ဖြစ်နေသည့်အတွက် ဘုန်းတော်ကြီးများသည် သိုးနှင့် ဆိတ်တို့ စားသောက်လေ့ရှိသော သစ်ပင်များကို လိုက်လံ စစ်ဆေး၍ စားသုံးကြည့်ရာမှ အပင်တစ်မျိုး၏ အရွက်နှင့် အသီးတို့ကြောင့် ဖြစ်ရကြောင်း တွေ့ရှိရလေသည်။ ထိုအပင်မှာ ကော်ဖီပင် ဖြစ်၍ ကော်ဖီရွက်နှင့် ကော်ဖီသီးများကို စားသုံးမိသော ဘုန်းတော်ကြီးများမှာ စိတ်ရွှင်မြူး၍ အိပ်မပျော်နိုင်အောင် ဖြစ်ရသည်ဆို၏။
အခြားနာမည်ကျော်ဇာတ်လမ်းတစ်ပုဒ်သည် ဤသို့ဖြစ်၏ ။ အေဒီ (၉) ရာစုတွင် အီသီယိုးပီးယားနိုင်ငံမှ ဆိတ်ကျောင်းသား ကယ်(လ်)ဒီ (Kaldi) မှစတင်တွေ့ရှိခဲ့ကာ ဆိတ်ကျောင်းရင်း ဆိတ်များ အသီးတမျိုးကို စားမိပြီး မြူးထူးခုံပေါက်နေသည်ကို သတိထားမိ၍ မိမိကိုယ်တိုင်မြည်းစမ်းကြည့်ရာမှ ကော်ဖီကိုစတင်သတိပြု သောက်သုံးခဲ့သည်ဟု ဆိုသည်။
ထိုပုံပြင်များသည် ယုံတမ်းမျှသာ ဖြစ်နိုင်သော်လည်း (၁၅) ရာစုနှစ်ခန့်က မက္ကာမြို့သို့ ဘုရားဖူးသွားကြသော မွတ်စလင်တို့သည် ညဘက် တရားအားထုတ်ချိန်များ၌ အိပ်ငိုက်ပြေစေရန် ကော်ဖီစေ့ကို လှော်၍ အမှုန့်ကြိတ်ပြီးလျှင် ရေတွင်ဖျော်ကာ သောက်သုံးခဲ့ကြကြောင်း အထောက်အထားများ ရှိလေသည်။ နောင်သော် ကော်ဖီ သောက်ခြင်းအလေ့သည် တစ်စတစ်စ ပျံ့နှံ့လာပြီးလျှင် တရုတ် နိုင်ငံ၌ လက်ဖက်ရည်ကို ကြိုက်နှစ်သက်သကဲ့သို့ပင် အာရေဗျ ကျွန်းဆွယ်၌လည်း ကော်ဖီကို အထူး နှစ်သက်လာကြလေသည်။
ကော်ဖီပင် ပေါက်ရောက်ရာ ဒေသများ
ပြင်ဆင်ရန်ဘရာဇီးနိုင်ငံသည် ကမ္ဘာ့ကော်ဖီထုတ်လုပ်မှုတွင် ထိပ်ဆုံးမှ ဦးဆောင်ပါဝင်သည်။ ကမ္ဘာပေါ်တွင် ဘရာဇီးနိုင်ငံနှင့် အနောက် အိန္ဒိယ ကျွန်းစုတို့မှအပ ကော်ဖီကို အကြီးအကျယ် စိုက်ပျိုးသော ဒေသများမှာ အမေရိကတိုက် အလယ်ပိုင်း၊ မက္ကဆီကို၊ အာရေဗျကျွန်းဆွယ်၊ အာဖရိကတိုက်နှင့် အိန္ဒိယနိုင်ငံရှိ အချို့ဒေသများ၊ သီဟိုဠ်ကျွန်း၊ ဆူမတြာကျွန်း၊ ဂျာဗားကျွန်းနှင့် ပစိဖိတ် သမုဒ္ဒရာရှိ ကျွန်းများ ဖြစ်ကြသည်။
ကော်ဖီထုတ်လုပ်မှု
ပြင်ဆင်ရန်ကမ္ဘာ့ကော်ဖီထုတ်လုပ်မှု (၂၀၀၅) | |
နိုင်ငံ | ထုတ်လုပ်မှု (မက်ထရစ်တန်) |
ဘရာဇီး | ၁၇၈၁၆၈၄ |
ဗီယက်နမ် | ၈၀၉၃၈၄ |
အင်ဒိုနီးရှား | ၆၂၂၉၈၆ |
ကိုလံဘီယာ | ၅၅၈၀၅၀ |
မက္ကဆီကို | ၂၅၄၁၄၈ |
အိန္ဒိယ | ၂၂၄၈၂၉ |
အီသီယိုးပီးယား | ၂၁၂၅၆၆ |
ဂွါတီမာလာ | ၁၇၇၀၈၄ |
ဟွန်ဒူးရပ်စ် | ၁၅၅၈၆၀ |
ယူဂန်းဒါး | ၁၅၂၀၆၆ |
ကော်ဖီစိုက်ပျိုးထုတ်လုပ်ခြင်း
ပြင်ဆင်ရန်ကော်ဖီပင်သည် ပူနွေးသော တိုင်းပြည်များ၌ အထူးသဖြင့် ပင်လယ်ပြင်အထက် ပေပေါင်း ၁၂ဝဝ နှင့် ပေ ၂ဝဝဝ ကြား ရှိ ရေကောင်းစွာရသော ကုန်းမြင့်ဒေသများတွင် ကောင်းစွာ ဖြစ်ထွန်းလေ့ရှိသည်။ ကော်ဖီပင်သည် အမြဲစိမ်းအပင် ကလေးမျိုး ဖြစ်၍ အလိုအလျောက် ပစ်ထားလျှင် ပေ ၂ဝ ကျော်မြင့်တတ်သည်။ သို့သော် စိုက်ပျိုးထားသော ခြံများတွင် အသီးများကို လွယ်လင့်တကူ ဆွတ်ခူးနိုင်စိမ့်သောငှါ အပင်များကို ချိုင်ပေးလေ့ ရှိကြသည်။ ကော်ဖီပင်တွင် အရွက်နှင့် အကိုင်းများဆုံသည့် အရွက်ညှာခွများတွင် အလွန်မွှေးကြိုင်သည့် ပန်းဖြူများ အစု လိုက်ပွင့်တတ်ကြသည်။ ကော်ဖီပင်များသည် ၃ နှစ်သားအရွယ် ခန့်တွင် စတင်သီးပွင့်လာကြ၍ ၅ နှစ်သားအရွယ်တွင် သီးအား ပြည့်စုံလာသည်။ တစ်ပင်လျှင် အနှစ် ၂ဝမျှကြာအောင် သီးပွင့် လေ့ရှိသည်။ အသီးများသည် ပထမ၌ အစိမ်းရောင်ဖြစ်၏။ ထိုနောက် ဝါလာပြီးလျှင် နောက်ဆုံးတွင် နီသွားသည်။ ရာသီဥတုကောင်းသော ဒေသများတွင် ကော်ဖီပင်သည် တစ်နှစ်လျှင် နှစ်ကြိမ်သုံးကြိမ်တိုင်အောင် ပွင့်နိုင်သီးနိုင်၍ တစ်ပင်တည်း မှာပင် အပွင့်နှင့်အသီးစိမ်း၊ အသီးမှည့်များကို တစ်ပြိုင်နက် တွေ့ရတတ်သည်။
ကော်ဖီသီးများ မှည့်သောအခါ အသီးများကို ခူး၍ဖြစ်စေ၊ အောက်မှ အဝတ်ခံကာ အပင်ကို လှုပ်ပေး၍ ဖြစ်စေ သိမ်းယူ ရသည်။ ထိုနောက် နည်းအမျိုးမျိုးဖြင့် အခြောက်လှမ်းခြင်း၊ အစေ့ချွတ်ထုတ်ခြင်းများ ပြုလုပ် ကြသည်။ သို့သော် အသီး မှည့်တွင် အစေ့အပြင်ဘက်၌ အသားဖတ် ရှိနေရုံမက အစေ့ ပေါ်တွင်လည်း အမြှေး ခွံများ ၂ထပ်မျှ ကပ်နေသေးသည့် အတွက် အစေ့ချွတ်သည့်အလုပ်မှာ မလွယ်ကူလှပေ။ အစေ့ များမှ အမြှေး စင်သွားအောင် လုပ်ရာတွင် အစေ့များကို တစ်နည်းနည်းနှင့် အခြောက်လှန်းပြီးနောက် ဒလိမ့်များနှင့် လိမ့်ပေးခြင်း၊ ပွတ်ထုတ်ပစ်ခြင်းများ ပြုလုပ်ရသည်။ နောက်ဆုံး ၌ အစေ့များကို ချွတ်ပြီးသောအခါ အရွယ်အလိုက် အစားစားခွဲ ပြီးလျှင် အိတ်ကြီးများတွင်ထည့်၍ နိုင်ငံခြားသို့ တင်ပို့ရောင်းချ ကြသည်။
အနံ့အရသာနှင့် ပြည့်စုံသည့် ကော်ဖီကို သောက်သုံးနိုင်ရန် အတွက် ကော်ဖီစေ့ အစိမ်းများကို ညိုဝါရောင် ရအောင် လှော်ပေးရသေးသည်။ ဤသို့ လှော်ပေးရာတွင် ဂရုတစိုက် ပြုလုပ် ရန် လို၏။ သို့မဟုတ်လျှင် လိုသည့်အနံ့အရသာ ထွက်မလာဘဲ နေတတ်သည်။ ရှေးက ကော်ဖီစေ့များကို အိမ်မှာပင် လှော်ယူကြ သော်လည်း ယခုအခါ၌မူ ဤအလုပ်ကို ရုံကြီးများတွင် အကြီးအကျယ် လုပ်ကိုင်လျက်ရှိပေပြီ။ ကော်ဖီစေ့များကို လှော်ပြီးသော အခါ အမှုန့်ကြိတ်ရပြန်၏။ ကော်ဖီအမျိုးမျိုးကို ရောစပ်ရာတွင် အချို့အလုပ်ရုံကြီးများ၌ အရသာ ကောင်းမကောင်းကို စမ်းသပ် ရန်အတွက် ကျွမ်းကျင်သော ပုဂ္ဂိုလ်များကိုပင်လျှင် ငှားရမ်းထား ကြရသည်။ ကော်ဖီကို အမှုန့်ကြိတ်ပြီးလျှင်ပြီးခြင်း ဖျော်သောက် နိုင်လျှင် အကောင်းဆုံး ဖြစ်သည်ကို တွေ့ရသည်။
ကော်ဖီတွင် ကက်ဖီအင်း(Caffeing)ခေါ် ဓာတ်တစ်မျိုး ပါဝင်သည်။ ထိုဓာတ်များ လက်ဖက်ခြောက်တွင် ပါဝင်သော သီးအင်းနှင့် အတူတူပင် ဖြစ်သော်လည်း သီးအင်းဓာတ်ထက် ပို၍ပြင်းသည်။ ကာဖီကို စွဲခြင်းမှာ ထိုဓာတ်ကြောင့်ပင် ဖြစ်၏။ ကော်ဖီကို အားပျော့စေလိုလျှင် အခြားပစ္စည်းများ ရောစပ်ပေးခြင်းဖြင့် ထိုဓာတ်ကို လိုသလောက် လျော့ချထားနိုင်သည်။ အထူးသဖြင့် ဥရောပတိုက်တွင် ချစ်ကိုရီခေါ် သစ်မြစ်တမျိုးကို အမှုန့်ကြိတ် ၍ ကာဖီနှင့် ရောစပ်ကာ ရောင်းချသောက်သုံးလေ့ရှိကြသည်။ အချို့ မရိုးဖြောင့်သော ကုန်သည်များသည် ချစ်ကိုရီသာမက အခြားသစ်မြစ် သစ်စေ့များနှင့် တမင်တကာ ရောစပ်၍ ရောင်းချသည့်အခါမျိုးလည်း ရှိသေးသည်။
ကော်ဖီအမျိုးပေါင်း ၈ဝ ခန့်ရှိ၏။ သို့သော် အာရေဘီးယန်းနှင့် လိုက်ဘေးရီးယန်းကော်ဖီပင် နှစ်မျိုးကိုသာ အများအပြား စိုက်ပျိုး လေ့ရှိကြပေသည်။ ကမ္ဘာပေါ်တွင် ဘရာဇီးနိုင်ငံနှင့် အနောက် အိန္ဒိယကျွန်းစုတို့မှလွဲ၍ ကော်ဖီကို အကြီးအကျယ် စိုက်ပျိုးသော ဒေသများမှာ အမေရိကတိုက် အလယ်ပိုင်း၊ မက္ကဆီကိုနိုင်ငံ၊ အာရေဗျကျွန်းဆွယ်၊ အာဖရိကတိုက်နှင့် အိန္ဒိယနိုင်ငံရှိ အချို့ ဒေသများ၊ သီဟိုဠ်ကျွန်း၊ ဆူမတြာကျွန်း၊ ဂျားဗါးကျွန်းနှင့် ပစိဖိတ်သမုဒ္ဒရာ အတွင်းရှိ ကျွန်းများ ဖြစ်ကြသည်။
ကော်ဖီကို ဖျော်သောက်ရာတွင် ရေဆူဆူဖြင့် ကောင်းစွာ နှပ်ပေးဖို့ အရေးကြီးသည်။ ကာဖီရည်ကို သူ့ချည်းသက်သက် သောက်သူလည်းရှိ၍၊ နွားနို့သကြားတို့နှင့်ဖြစ်စေ၊ ကြက်ဥ အကာနှင့်ဖြစ်စေ၊ ဖျော်သောက် သူများလည်း ရှိသည်။ အချို့ ပျော်ပွဲစားရုံကို ယခုအခါ ကာဖေးဟုလည်း ခေါ်လေ့ရှိကြရာ ထိုစကားမှာ ကော်ဖီ သို့မဟုတ် ကော်ဖီဆိုင်ဟု အဓိပ္ပာယ်ရသော ပြင်သစ်စကားဖြစ်သည်။
ကော်ဖီနှင့် ကျန်းမာရေး
ပြင်ဆင်ရန်ကော်ဖီသည် ကျန်းမာရေးအတွက် နည်းလမ်းအချို့ဖြင့် အကျိုးပြုသည်။ ဥပမာ - အမျိုးသား ၄၆၀၀၀ ကျော်အား လေ့လာမှုတစ်ခုအရ တစ်နေ့လျှင် ကော်ဖီ (၂-၃) ခွက် သောက်သူ အမျိုးသားများတွင် သည်းခြေအိတ် ကျောက်တည်ရောဂါဖြစ်နှုန်း ၃၀ မှ ၄၀ ရာခိုင်နှုန်းအထိ လျှော့ကျသွားကြောင်း၊ ၄ ခွက်ထက် ပိုသောက်လျှင် ၅၀ ရာခိုင်နှုန်းအထိ လျှော့ကျကြောင်း တွေ့ရှိခဲ့ရသည်။ ဤသို့သော ကျန်းမာရေးအကျိုးပြုမှုများ ကော်ဖီတွင် ပါရှိသည်။ သို့သော် ကော်ဖီကို ဖြည့်စွက်အာဟာရအနေဖြင့် မသုံးထိုက်ပါ။ ကော်ဖီတွင် ပါရှိသော ကဖိန်းဓာတ်သည် အလွန်အကျွံသောက်လျှင် ကျန်းမာရေးကို ထိခိုက်စေနိုင်သည်။ များများသောက်လျှင် သွေးတိုးခြင်း၊ ရင်တုန်ခြင်း၊ ကတုန်ကရင်ဖြစ်ခြင်း၊ စိတ်မငြိမ်မသက်ဖြစ်ခြင်း စသည့် ဆိုးကျိုးများကို ခံစားရသည်။ ထို့ကြောင့်ပင် အထက်တွင်ဖော်ပြခဲ့သော အစီရင်ခံစာ၌ ထိုကဲ့သို့ ဆိုးကျိုးများရှိသဖြင့် ကျောက်တည်ရောဂါကာကွယ်ရန် အသုံးပြုဖို့ မထောက်ခံကြောင်း ဆက်လက်တင်ပြထားသည်။[၂]
မြန်မာ့ကော်ဖီ
ပြင်ဆင်ရန်မြန်မာနိုင်ငံ၏ ကော်ဖီစိုက်ပျိုးမှုသည် ၂၀၁၈ ခုနှစ်နှင့် ၂၀၂၀ပြည့်နှစ်အကြား ဧကနှစ်သိန်းထိ ရောက်ရှိမည်ဟု ခန့်မှန်းထားသည်။ ခန့်မှန်းတွက်ချက်ထားသခဲ့သို့ မြန်မာနိုင်ငံ၏ ကော်ဖီ စိုက်ပျိုးမှုကို တိုးချဲ့ဆောင်ရွက်နိုင်ပါက ၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၏ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုသည် တန်ချိန်ခြောက်သောင်းအထိ ရှိလာမည်ဖြစ်သည်။ မြန်မာနိုင်ငံထွက်ကော်ဖီတို့ကို အမေရိကန်နိုင်ငံ၊ ဥရောပ၊ ဂျပန်နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်ဝမ်သို့ တင်ပို့ရောင်းချလျက်ရှိသည်။ အမေရိကန်နိုင်ငံကဲ့သို့သော တင်ပို့သည့် အရည်သွေးမြင့် မြန်မာကော်ဖီသည် တစ်တန်လျင် အမေရိကန်ဒေါ်လာ ၇၀၀၀ခန့်ရရှိသည်။ လက်ရှိချိန်၌ မြန်မာနိုင်ငံ၏ နှစ်စဉ်ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုသည် တန်ချိန် ၇၀၀၀ ခန့်ရှိ၍ ထက်ဝက်ခန့်ကို ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိသည်။[၃]
ဆက်စပ်ဖတ်ရှုရန်
ပြင်ဆင်ရန်ကျမ်းကိုး
ပြင်ဆင်ရန်- ↑ Topik၊ Steven။ The World That Trade Created။ Routledge။ January 27, 2016 တွင် ပြန်စစ်ပြီး။
- ↑ သက်ရှည်ကျန်းမာ မြန်မာ့အစာ (ဒေါက်တာမြင့်မြင့်ခင်)
- ↑ "ကော်ဖီ (သို့မဟုတ်) အလားအလာကောင်းသော မြန်မာ့ပို့ကုန် အမယ်သစ်"၊ မြန်မာ့အလင်းသတင်းစာ၊ May 30, 2018။