ကာယနိဗ္ဗိန္ဒဇာတ်
တိကနိပါတ် - ၄။ အဗ္ဘန္တရဝဂ် -(၂၉၃) ကာယနိဗ္ဗိန္ဒဇာတ်။ ။ အနာရောဂါ နှိပ်စက်ခြင်းကို တာရှည်စွာခံစားနေရ၍ မိမိကိုယ်ခန္ဓာကို စက်ဆုပ်ငြီးငွေ့လာသဖြင့် ရဟန်းပြုရန် တောထွက်ခြင်းအကြောင်း။
ပစ္စုပ္ပန်ဝတ္ထု
ပြင်ဆင်ရန်ရောဂါကင်းပျောက် ရဟန်းဘဝရောက်
ပြင်ဆင်ရန်နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် သာဝတ္ထိပြည်ဝယ် ယောကျ်ားတစ်ယောက်သည် ဖျော့တော့သောရောဂါ နှိပ်စက်သည်ရှိသော် ဆေးသမားတို့သည် လက်လွှတ်ကြကုန်၏။ သားမယားတို့လည်း လုပ်ကျွေးပြုစုခြင်းငှာ မတတ်နိုင်ကြကုန်၏။ ထိုအါ ရောဂါနှိပ်စက်သော ယောကျ်ားသည် ငါသည် ဤရောဂါမှ လွတ်မြောက်ပါမူ ရဟန်းပြုတော့မည်ဟု ကြံစည်လေ၏။
နှစ်ရက် သုံးရက်မျှဖြင့် တစ်စုံတစ်ရာ သင့်လျော်သောဆေးကို မှီဝဲရ၍ ရောဂါကင်းလတ်သော် မိမိ ကြံစည်ထားသောအတိုင်း ဇေတဝန်ကျောင်းတော်သို့သွား၍ မြတ်စွာဘုရားထံ ရဟန်းအဖြစ်ကို တောင်းပန်လျှင် သာမဏေအဖြစ် ရဟန်းအဖြစ်ကိုရ၍ မကြာမြင့်မီ ရဟန္တာ အဖြစ်သို့ ရောက်လေ၏။
တစ်နေ့သ၌ ရဟန်းတို့သည် တရားသဘင်ဝယ် ထိုရဟန်းအကြောင်းကို စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ သိတော်မူလျှင် “ရဟန်းတို့ ... ယခုအခါ၌သာ ရောဂါကင်းလျှင် ရဟန်းပြု၍ မိမိ အကျိုးစီးပွားကို ပြုသည်မဟုတ်၊ ရှေးအခါ၌လည်း ပညာရှိတို့သည် ရောဂါကင်းလျှင် ရဟန်းပြု၍ မိမိ အကျိုးစီးပွားကို ပြုကြဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။
အတိတ်ဝတ္ထု
ပြင်ဆင်ရန်ဈာန်ကိုဆွတ်ခူး ဥဒါန်းကျူး
ပြင်ဆင်ရန်လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်သို့ရောက်လတ်သော် အိမ်ထောင်ပြုကာ ရောဂါစွဲကပ်လတ်သော် ဆေးသမားတို့သည် ကုသခြင်းငှာ မတတ်နိုင်ကုန်။
ထိုအခါ ပုဏ္ဏားသည် ရောဂါမှ ထမြောက်သည်ရှိသော် ရဟန်းပြုမည်ဟု ကြံစည်ကာ နှစ်ရက်သုံးရက်မျှဖြင့်ပင် သင့်လျော်သောဆေးကို မှီဝဲရ၍ ရောဂါမှ ထမြောက်ပျောက်ကင်းလတ်သော် ဟိမဝန္တာသို့ဝင်ကာ ရသေ့ရဟန်ပြု၍ အဘိညာဉ် သမာပတ်တို့ကို ဖြစ်စေ၏။ ဈာန်ချမ်းသာဖြင့် နေသောအခါ ဤမျှလောက်သော ကာလပတ်လုံး ဤသို့သဘောရှိသော ဈာန်ချမ်းသာမည်သည်ကို မရခဲ့ဖူး၍ ဝမ်းမြောက်ဝမ်းသာ -
“ငါ၏ ခန္ဓာကိုယ်ကြီးကား ... စွန့်ပစ်အပ်၏၊ ကိုးဆယ့်ခြောက်ပါးသော ရောဂါတို့တွင် တစ်ပါးပါးသော ရောဂါသည် ပြင်းထန်စွာ နှိပ်စက်သဖြင့် ဆင်းရဲဖောက်ပြန်တတ်၏။ ပူသော သဲပြင်တွင် ပစ်ချအပ်သော သိမ်မွေ့စွာသော ပန်းကဲ့သို့ လျင်စွာ ခြောက်သွေ့တတ်၏။ ဤခန္ဓာကိုယ်ကြီးကား .... နှစ်သက်ဖွယ်မရှိ၊ သူမိုက်တို့သာ နှစ်သက်ဖွယ်ရှိ၏ဟု သမုတ်အပ်ပေ၏။ မစင်ကြယ်ပေ၊ သူမိုက်တို့သာ စင်ကြယ်၏ဟု သမုတ်အပ်ပေ၏။ အထူးထူးသော အပုပ်တို့ဖြင့် ပြည့်၏၊ မမြင်သော ပုထုဇဉ်မိုက်အား နှစ်သက်ဖွယ်သဘောရှိ၏။” သတ္တဝါတို့သည် ခန္ဓာကိုယ်ကြီး၌ မေ့လျော့ကာ အလွန်တပ်စွန်း တွေဝေကြသောကြောင့် သုဂတိရောက်ကြောင်း ဖြစ်သော လမ်းကြောင်းကို ဆုတ်ယုတ်စေကုန်၏။ ကျင်နာ၍ စက်ဆုပ်ဖွယ်ဖြစ်လျက် မစင်မကြယ် ဖျားနာတတ်သော ထိုခန္ဓာကိုယ်ကြီးကား စက်ဆုပ်ဖွယ် ရှိပေ၏တကား” – ဟု ဥဒါန်းကျူးလေ၏။ ဤသို့လျှင် ရသေ့သည် ခန္ဓာကိုယ် အကောင်ပုပ်ကြီး၏ အပြစ်တို့ကို ဆင်ခြင်သုံးသပ်လျက် အသက်ထက်ဆုံး ဗြဟ္မဝိဟာရတရား လေးပါးတို့ကို ပွားများအားထုတ်ကာ မဆုတ်ယုတ်သော ဈာန်ရှိသည်ဖြစ်၍ သေလွန်သောအခါ ဗြဟ္မာ့ပြည်သို့ လားရ၏။ဤဒေသနာတော်ကို ဆောင်ပြီးလျှင် သစ္စာကို ပြသည်၏ အဆုံး၌ များစွာသော ပုထုဇဉ်တို့သည် သောတာပတ္တိဖိုလ် စသည်တို့၌ တည်ကြကုန်၏။
ဇာတ်ပေါင်း
ပြင်ဆင်ရန်ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -
ရဟန်းတို့ -
ထိုအခါ မင်းကြီးသည် - ယခုအခါ ငါဘုရား ဖြစ်လာပြီ -
ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။
ဆောင်ပုဒ်
ပြင်ဆင်ရန်(၁) ရောဂါယှဉ်တွဲ၊ နှိပ်စက်မြဲ၊ ဆင်းရဲဤခန္ဓာ။
(၂) မနှစ်သက်ဖွယ်၊ မစင်ကြယ်၊ ရွံဖွယ်ဤခန္ဓာ။
(၃) ပုပ်သိုးပြည့်ကြွယ်၊ မတင့်တယ်၊ မဖွယ်ဤခန္ဓာ။
(၄) ပုထုဇဉ်ကန်း၊ လွန်တပ်စွန်း၊ နတ်လမ်း ယုတ်သည်သာ။
ကာနိဗ္ဗိန္ဒဇာတ် ပြီး၏။
ကိုးကား
ပြင်ဆင်ရန်- ↑ မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ။