ကိမ်းဗရစ်ချ်မြို့သည် ကိမ်းဗရစ်ချ်ရှိုင်ယာနယ်၏ မြို့တော်ဖြစ်၍ လန်ဒန်မြို့မြောက်ဘက် ၅၆ မိုင် အကွာ ကမ်းမြစ်ပေါ်တွင် တည်ရှိသည်။ သို့သော် ၁၁ ရာစုနှစ် လောက်မှစ၍ ယနေ့ထက်တိုင် ကိမ်းဗရစ်မြို့၏ အမည်မှာ ထင်ရှားဘဲ ကိန်းဘရစ်ချ် တက္ကသိုလ် သာလျှင် ကမ္ဘာပေါ်တွင် ထင်ရှားကျော်စောလျက် ရှိလေသည်။ ကိန်းဗရစ်မြို့တွင် လူဦးရေ ရ၆,၂၆ဝ (၁၉၄၅) မျှ ရှိသည်။ အင်္ဂလန်ပြည်ရှိ အောက်စဖို့မြို့သည်လည်း ကိမ်းဗရစ်မြို့နည်းတူ မထင်ရှားပေ။ အောက်စဖို့ တက္ကသိုလ်သာလျှင် လူသိများလေသည်။ အင်္ဂလန်ပြည်ရှိ ထင်ရှားကျော်စောသော တက္ကသိုလ်ကြီး နှစ်ခုအနက် တခုဖြစ်သော ကိမ်းဗရစ်တက္ကသိုလ်မှာ ၁၂ ရာစု နှစ်လောက်တွင် မထင်ရှားလှသေးဘဲ ၁၃ ရာစုနှစ်သို့ရောက်မှ တိုးတက်ထင်ရှားလာလေသည်။ ၁၂ဝ၉ ခုနှစ်တွင် အောက်စဖို့ဒ် တက္ကသိုလ်မှကျောင်းသားတို့သည် စာပေအသင်အပြကောင်း သည်ဟု ကျော်ကြားလာသော ကိမ်းဗရစ်ချ် တက္ကသိုလ် ကျောင်းသို့ ပြောင်းရွှေ့လာကြလေသည်။ ထိုနှစ်မှစ၍ ကိမ်းဗရစ်တက္ကသိုလ် သည် တဖြည်းဖြည်း ကြီးပွားတိုးတက်လာရာ ၁၆ ရာစုနှစ်တွင် တက္ကသိုလ်ဟောင်းဖြစ်သော အောက်စဖို့တက္ကသိုလ်ထက်ပင် ကျော်စောလာခဲ့၏။

King's College Chapel, seen from The Backs

ကိမ်းဗရစ် တက္ကသိုလ်တွင် အမျိုးသမီးများအတွက် ဂါးတန်းနှင့် နျူးနမ်းကောလိပ်ကျောင်းနှစ်ကျောင်းအပြင် ကောလိပ် ကျောင်းပေါင်း ၁၈ ကျောင်းမျှ ပါဝင်လေသည်။ ကျောင်းသူကျောင်းသားများ နေထိုင်ဖို့ ကျောင်းဆောင်များ လည်း ရှိသည်။ ရှေးအကျဆုံးကောလိပ်ကျောင်းမှာ စိန်ပီတာကောလိပ် သို့မဟုတ် ပီတာဟောက်ကောလိပ်ကျောင်းဖြစ်သည်။ စိန်ပီတာ ကောလိပ်ကျောင်းကို ၁၂၈၄ ခုနှစ်တွင် အီလီဂိုဏ်းအုပ်ကြီး ဟျူးဒါဗောလရှမ်း တည်ထောင်ခဲ့၏။ တဖန် ၁၃၂၆ ခုနှစ်တွင် ဒေါက်တာဗက်ဒျူးဆိုသူသည် ယူနီဗာစီတီဟောအမည်ရှိ ကောလိပ်ကျောင်းတစ်ဆောင်ကို တည်ထောင်ခဲ့ရာ ထိုကျောင်းမှာ မကြာမီ မီးသင့်၍ ပျက်စီး သွားသည်။ ဤသို့ဖြင့် ၁၃၃၆ ခုနှစ်၌ ထိုကျောင်းဟောင်း တည်ရာ ကလဲယားအမည်ဖြင့် ကျောင်းဆောင်အသစ် တည် ဆောက်ခဲ့ပြန်သည်။ ကလဲယားကောလိပ်ကျောင်းကို လေဒီ အယ်လစ် ဇဗက် ဒါကလဲယား တည်ဆောက်ခဲ့လေသည်။ ပင်းဗရုတ်၊ ဂွန်းဗီးနှင့် ကေးယပ်၊ ထရင်နီတီဟောနှင့် ကောပင်ခရစ္စတီကောလိပ်ကျောင်းမျာသည် ၁၄ ရာစုနှစ်အတွင်း က တည်ထောင်ခဲ့သော ကောလိပ်ကျောင်း လေးကျောင်းဖြစ်ကြ သည်။ ပင်းဗရုတ်ကောလိပ်ကျောင်းကို ၁၃၄၇ ခုနှစ်တွင် မာရီဒါစိန်ပေါက တည်ထောင်ပေးခဲ့၏။ ၁၃၄၉ ခုနှစ်တွင် အက်ဒမန်ဂွန်းဗီးသည် ဂွန်းဗီးဟောကောလိပ်ကျောင်းကို တည် ထောင်ခဲ့ရာ ၁၅၅၈ ခုနှစ်တွင် ထိုကျောင်းကို တိုးချဲ့ ဆောက်လုပ်ပြီးနောက် ဂွန်းဗီးနှင့် ကေးယပ်ကောလိပ်ကျောင်းဟု အမည်ပေးလိုက်လေသည်။

ထရင်နီတီဟော့ကောလိပ်ကျောင်းကို ၁၃၅ဝ ပြည့်နှစ်တွင် ဝီလံဗိတ်တမင်ခေါ် ဂိုဏ်းအုပ်ကြီးတပါးက တည်ထောင်ခဲ့ သည်။ ကောပပ်ခရစ္စတီကောလိပ်ကျောင်းကို ကောပပ်ခရစ္စတီ ဂီးအဖွဲ့ဝင်များက ၁၃၅၂ ခုနှစ်တွင် တည်ထောင်ခဲ့၏။ ထိုနောက် ၁၄၄၄ ခုနှစ်သို့ ရောက်မှ ဆဋ္ဌမ ဟင်နရီဘုရင် သည် ဘုရင့်ကောလိပ်ကျောင်းကို တည်ထောင်ခဲ့လေသည်။ တဖန် ၁၄၄၈ ခုနှစ်တွင် ထိုမင်း၏ မိဖုရား မာဂရက်သည် မိဖုရားကောလိပ်ကျောင်းသစ်တခုကို တည်ထောင်လိုက်ပြန် သည်။ ထိုနောက် ၁၄၇၃ ခုနှစ်တွင် စိန်ကက်သရင်းကောလိပ် ကျောင်းကို ရောဗတ်ဝုဒလော့အမည်ရှိ ပုဂ္ဂိုလ်ကြီးက တည် ထောင်ခဲ့သည်။ အီလီဂိုဏ်းအုပ်ဆရာတော် ဂျွန်အဲလကော့သည် ၁၄၉၆ ခုနှစ် ဂျီးဆပ်ကောလိပ်ကျောင်းကို တည်ထောင်ခဲ့၏။ ၁၄၄၁ ခုနှစ်တွင် ခရိုက်စကောလိပ်ကျောင်းကို တည်ထောင် ခဲ့သော်လည်း သတ္တမဟင်နရီဘုရင်၏ မယ်တော် ရစ်ချ် မွန်စား ကောင့်ကတော် လေဒီမာဂရက်ဗိုးဖတ်က ၁၅ဝ၅ ခုနှစ်တွင် ထိုကျောင်းကို ပြန်လည် ဆောက်လုပ် တည်ထောင်ပေးခဲ့သည်။ စိန်ဂျွန်းကောလိပ်ကျောင်းကိုလည်း လေဒီမာဂရက်ကပင် ၁၅၁၁ ခုနှစ်တွင် တည်ထောင်ခဲ့၏။၁၆၇၈ ခုနှစ်တွင် တည်ထောင်ခဲ့သော ကောလိပ်ကျောင်း များထဲတွင် ထရင်နီတီကောလိပ်ကျောင်းမှာ ၁၅၄၆ ခုနှစ်က အဋ္ဌမဟင်နရီဘုရင် တည်ထောင်ခဲ့သောကျောင်းဖြစ်၏။ ဆာဝေါ်လဘားမိုင်းလမေးသည် ၁၅၈၄ ခုနှစ်တွင် အီမန်းတ္တျူးအယ် ကောလိပ်ကျောင်းကို တည်ထောင်ခဲ့သည်။ ဆပ်ဆက်နယ်စားကတော် လေဒီဖရန်စစ်ဆစ်ဒနီသည် ဆစ်ဒနီဆပ်ဆက် ကောလိပ်ကျောင်းကို ၁၅၉၅ ခုနှစ်တွင် တည်ထောင်ခဲ့လေသည်။ တဖန် ၁၈ဝဝ ပြည့်နှစ်တွင် ဆာဂျော့ဒေါင်းနင်းသည် ဒေါင်းနင်းကောလိပ်ကျောင်းကို တည်ထောင်ခဲ့၏။ ထိုနောက် နှစ် ပေါင်း ၈ဝ ကျော်အကြာ၊ ၁၈၈၂ ခုနှစ်တွင် ဆက်လွင် ကောလိပ်ကျောင်းကို တည်ထောင်ခဲ့ပြန်သည်။ အမျိုးသမီးများ အတွက် ကောလိပ်ကျောင်းများအနက် ဂါးတန်းကောလိပ် ကျောင်းကို ၁၈၆၉ ခုနှစ်တွင်၎င်း၊ နျူးနမ်းကောလိပ်ကျောင်းကို ၁၈၇၅ ခုနှစ်၎င်း တည်ထောင်ခဲ့လေသည်။ ကိမ်းဗရစ်တက္ကသိုလ်တွင် ဖော်ပြခဲ့သော ကောလိပ်ကျောင်း ကြီးများအပြင် စာကြည့်တိုက်၊ ပြတိုက်၊ ဘုရားရှိခိုးကျောင်း နှင့် မျှော်စင်စသည့် အဓိကရအဆောက်အအုံကြီးများလည်း ရှိသေးသည်။ အင်္ဂလန်ပြည်ရှိ အကြီးဆုံးသော စာကြည့်တိုက် သုံးခုထဲတွင် တစ်ခုအပါအဝင်ဖြစ်သည့် ကိမ်းဗရစ်ချ်တက္ကသိုလ် စာကြည့်တိုက်ပိဋကတ်တိုက် အဆောက်အအုံသစ်ကို ၁၉၃၄ ခုနှစ်တွင် ဖွင့်လှစ်နိုင်ခဲ့သည်။ ထိုစာကြည့်တိုက်သစ်တွင် စာအုပ်ပေါင်း ၁၅ဝဝဝဝဝ မျှ ထားရှိနိုင်လေသည်။ ၁၅၄၂ ခုနှစ်တွင် အသစ်တဖန် ပြန်လည်ဆောက်ခဲ့သော မော်ဒလင်ကောလိပ်ကျောင်းရှိ စာကြည့်ပိဋကတ်တိုက်တွင် ပီးပစ်လက်ရေးတိုနှင့် ရေးမှတ်ခဲ့သော မှတ်တမ်းလက်ရေးစာမူ တစ်ခု ရှိလေသည်။ ကိမ်းဗရစ်တက္ကသိုလ်၏ ဘုရားရှိခိုးကျောင်းမှာ စိန်မေရီ ဘုရားရှိခိုးကျောင်း ဖြစ်၏။ ထို့ပြင် ကိမ်းဗရစ်ချ်တက္ကသိုလ် နယ်တွင် ထင်ရှားသည့် အခြားဘုရားရှိခိုးကျောင်းများမှာ နော်မန်ဒီလူမျိုးများ မလာရောက်မီခေတ်က ဆောက်လုပ်လေ့ ရှိသော ပုံစံမျိုးဖြင့် ဆောက်လုပ်ထားသည့် မျှော်စင်ရှိသော စိန်ဗင်းနေးနှင့် ဟိုးလီးဆက်ပါး လခါးခေါ် ဘုရားရှိခိုးကျောင်း များ ဖြစ်လေသည်။ ကိမ်းဗရစ်မြို့ရှိ ကောလိပ်ကျောင်းအားလုံးသည် ကိမ်းဗရစ် တက္ကသိုလ် အုပ်ချုပ်ရေးအဖွဲ့ လက်အောက်ခံကောလိပ်ကျောင်း များ ဖြစ်လေသည်။ သို့သော် တက္ကသိုလ်တခုလုံးနှင့် သက်ဆိုင် သော ကိစ္စရပ်များမှတစ်ပါး အခြားကိစ္စရပ်များတွင် ကောလိပ် ကျောင်းအသီးသီးတို့သည် မိမိနှင့်ဆိုင်ရာ အုပ်ချုပ်စီမံရေး စည်းကမ်းဥပဒေများအရ လွတ်လပ်စွာ ဆောင်ရွက်နိုင်လေ သည်။ ကောလိပ်ကျောင်း၏ အုပ်ချုပ်ရေးမှူးကို မာစတာဟု ခေါ်သည်။ (ဘုရင့်ကောလိပ်တွင် ပရော့ဗတ်၊ မိဖုရားကောလိပ် တွင် ဥက္ကဋ္ဌဟု ကွဲပြားခေါ်ဝေါ်သေးသည်။) ကောလိပ်ကျောင်း တစ်ခု၏ အုပ်ချုပ်ရေးမှူးနှင့် ဖဲလိုးခေါ် အဖွဲ့ဝင်များ ပါဝင် သောကောင်စီသည် ထိုကောလိပ်ကျောင်းကို စီမံအုပ်ချုပ်ရ လေသည်။ ကောလိပ်ကျောင်းတိုင်းရရှိသော ဝင်ငွေအလိုက် တက္ကသိုလ်သို့ ငွေကြေးထောက်ပံ့ရလေသည်။ တက္ကသိုလ် အုပ်ချုပ်ရေးအဖွဲ့တွင် အဓိပတိ၊ ကောလိပ် ကျောင်းအသီသီးတို့မှ အုပ်ချုပ်ရေးမှူးများ၊ ဖဲလိုးများနှင့် ကျောင်းသားများ ပါဝင်ကြသည်။ ဆီနိတ်အဖွဲ့တွင် အဓိပတိ၊ ဒုတိယအဓိပတိ၊ ပါရဂူဘွဲ့ ပုဂ္ဂိုလ်များ၊ မဟာဝိဇ္ဇာ သို့မဟုတ် မဟာသိပ္ပံဘွဲ့ရပုဂ္ဂိုလ်များ ပါဝင်ပြီးလျှင် ဥပဒေပြုပိုင်သော အာဏာရှိလေသည်။ တက္ကသိုလ် မှတ်ပုံတင်ကြေးများ၊ တက္ကသိုလ်မှ ကျင်းပသော စာမေးပွဲများအတွက် ဝင်ကြေးများ၊ တက္ကသိုလ်အဖွဲ့ဝင်များထံမှ ရရှိသော အခွန်ငွေများနှင့် လက်အောက်ခံကောလိပ်ကျောင်းတို့မှ ရရှိသောငွေများမှ တက္ကသိုလ်၏ ဝင်ငွေများဖြစ်သည်။ ၁၉၁၉ ခုနှစ်အထိ ကိမ်းဗရစ်တက္ကသိုလ်သည် အစိုးရထံမှ ထောက်ပံ့ကြေး မရရှိခဲ့ပေ။ သို့ရာတွင် ပဌမကမ္ဘာစစ်ကြီးအပြီး၌ နေထိုင်စရိတ် ကြီးမြင့်လာခြင်းကြောင့်လည်းကောင်း၊ ငွေ၏တန်ဖိုးလျော့ကျခြင်းကြောင့် လည်းကောင်း၊ တက္ကသိုလ်တွင် ငွေကြေးမလုံမလောက် ဖြစ်လာလေရာ အစိုးရထံမှ ငွေကြေး အကူအညီကို တောင်းခံရလေသည်။ အစိုးရကလည်း စုံစမ်းရေးအဖွဲ့ကိုပါ ဖွဲ့စည်းလိုက်လေသည်။ အဆိုပါ စုံစမ်းရေးအဖွဲ့ စစ်ဆေးစုံစမ်းနေဆဲ အချိန်တွင် အစိုးရ ထံမှ နှစ်စဉ်ပေါင်ပေါင်း ၃ဝဝဝကို ထောက်ပံ့ကြေးအဖြစ် ရရှိခဲ့လေသည်။ ၁၉၂၅ ခုနှစ်မှစ၍ နှစ်စဉ်ပုံသေ ထောက်ပံ့ ကြေးပေါင် ၈၅ဝဝဝ ရရှိခဲ့သည်။ ကိမ်းဗရစ်တက္ကသိုလ်တွင် သင်တန်းများကို တစ်နှစ်အတွက် သုံးပိုင်းခွဲထားသည်။ ကျောင်းသားသစ်များသည် အများအားဖြင့် အောက်တိုဘာလတွင် အစပြုသော သင်တန်းမှ စတင်၍ တက်ရောက်သင်ကြားလေ့ရှိကြသည်။ ကိမ်းဗရစ် တက္ကသိုလ် တွင် ကျောင်းသားဦးရေ ၅ဝဝဝ ကျော်မျှရှိသည်။ ထိုမျှသော ကျောင်းသားဦးရေကို ကျောင်းအဆောက်အအုံ များတွင် ကျောင်းအိပ်ကျောင်းစားအဖြစ် လက်ခံရန် မဖြစ်နိုင်သဖြင့် မြို့ထဲ၌ တက္ကသိုလ်မှ အသိအမှတ်ပြုထားသော အိမ်များတွင် ဘော်ဒါကျောင်းသားအများ နေထိုင်ကြရသည်။ ဘွဲ့မရသေးသော ကျောင်းသားတဦးအဖို့ တနှစ်လျှင် စာသင်ရက်ပေါင်း ၂၄ သီတင်းမျှ ရရှိရလေသည်။ ကောလိပ်ကျောင်းတကျောင်းသို့ ဝင်နိုင်ရန် ကျောင်းစာမေးပွဲလည်း အောင်ရမည်။ သို့မဟုတ် ဝင်ရောက်သင်ကြားနိုင်အောင် ပညာအရည်အခြင်းနှင့် ပြည့်စုံ ကြောင်း အထောက်အထား သော်လည်း ပြနိုင်ရပေမည်။ ကျောင်းသားများသည် ဝတ်ရုံနှင့် လေးထောင့်ကက်ဦးထုပ်ကို ကျောင်းထမင်းစားခန်းမကြီးနှင့် ဘုရားရှိခိုးကျောင်းအတွင်း ဝင်ထွက်သွားလာရာ၌ အမြဲတမ်းဝတ်ဆင်ရလေသည်။ သင်တန်းကိုးပိုင်း၊ သို့မဟုတ် သုံးနှစ်မျှ သင်ကြားပြီးသော အခါမှသာ ဘွဲ့တစ်ခုခုအတွက် စာမေးပွဲကို ဝင်ရောက်ဖြေဆိုနိုင် လေသည်။ ဝိဇ္ဇာဘွဲ့ရပြီးသူသည် သုံးနှစ်ကြာလျှင် မဟာဝိဇ္ဇာ ဘွဲ့ကို ဆွတ်ခူးနိုင်လေသည်။ ဝိဇ္ဇာနှင့် မဟာဝိဇ္ဇာဘွဲ့ထူး များအပြင် ကိမ်းဗရစ်တက္ကသိုလ်တွင် ရနိုင်သောဘွဲ့များမှာ ဗြဟဒေဝဗေဒပါရဂူဘွဲ့၊ ဥပဒေပါရဂူဘွဲ့၊ ဆေးပညာ ပါရဂူဘွဲ့၊ ဂီတပါရဂူဘွဲ့၊ စာပေပါရဂူဘွဲ့၊ သိပ္ပံပါရဂူဘွဲ့၊ ဥပဒေ မဟာဝိဇ္ဇာဘွဲ့၊ အခွဲအစိတ်ပညာမဟာဝိဇ္ဇာဘွဲ့၊ သာသနာရေး ဝိဇ္ဇာဘွဲ့၊ ဥပဒေဝိဇ္ဇာဘွဲ့နှင့် ဂီတဝိဇ္ဇာဘွဲ့နှင့် ဆေးပညာဝိဇ္ဇာဘွဲ့ စသည်တို့ ဖြစ်သည်။ ထို့ပြင် သဘာဝဗေဒပညာရပ်များ၊ ဗြာဟဒေဝဗေဒ၊ သဘာဝသိပ္ပံ၊ ဥပဒေ၊ သမိုင်း၊ ဘောဂဗေဒ၊ အလယ်ခေတ်နှင့် ခေတ်သစ်ဘာသာစကားများ၊ အရှေ့တိုင်း ဘာသာစကားများ၊ စက်မှုသိပ္ပံပညာ စသော ပညာရပ်များ အတွက် ဂုဏ်ထူးစာမေးပွဲများလည်း ရှိလေသည်။ ထိုမှတပါး၊ စိုက်ပျိုးရေး၊ ပထဝီဝင်၊ သတ္တုတူး ဖော်ရေး၊ အင်ဂျင်နီယာ အတတ်၊ သစ်တောပညာစသည်တို့အတွက် စာမေးပွဲများလည်း ရှိပေသေးသည်။ ကိမ်းဗရစ်တက္ကသိုလ်တွင် အလယ်ခေတ်အခါကပင် ရှိနေ ခဲ့သော် ဓလေ့ထုံးစံအချို့ကိုလည်း ယခုထက်တိုင် လိုက်နာ ဆောင်ရွက်လျက်ရှိကြသည်။ ယနေ့တိုင် ကျောင်သားတို့သည် ညစာ စားသောက်ရာတွင်ဆိုင်ရာ ကောလိပ်ကျောင်းဆောင်ရှိ ထမင်းစားခန်းခန်းမကြီးထဲ၌ ရှိသော စားပွဲတစ်လုံးတွင် ဝိုင်းထိုင်စားသောက်ကြလေသည်။ ထမင်းစားခန်းများမှာ ခန့်ညားကျယ်ဝန်း၍ တစ်ခန်းလျှင် ကျောင်းသားပေါင်း ၆ဝဝ မှ ၇ဝဝ အထိ ဝင်ရောက်စားသောက် နိုင်လေသည်။ အမေရိကန်ပြည်ထောင်စုနိုင်ငံ၊ မက်ဆာချူးဆက်ပြည်နယ်တွင် ကိမ်းဗရစ်အမည်ဖြင့် မြို့တစ်မြို့ ရှိသည်။ ထိုမြို့သည် ဗော် စတန်မြို့နှင့် မျက်နှာချင်းဆိုင်လျက်၊ ချားမြစ်ပေါ်တွင် တည်ရှိ သည်။ အမေရိကန်ပြည်ထောင်စုနိုင်ငံတွင် စက်မှု လုပ်ငန်းနှင့် ကုန်စည် အရောင်းအဝယ် ထွန်းကားသောမြို့ဖြစ်သည်။ ထိုမြို့တွင် ထင်ရှားကျော်စောသော ဟားဗဒ် တက္ကသိုလ်ရှိသည်။ ထိုတက္ကသိုလ်ကျောင်းကို ၁၆၃၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ သဖြင့် အမေရိကန်ပြည်ထောင်စုနိုင်ငံ၌ ရှေးအကျဆုံးတက္ကသိုလ် ဖြစ်လေသည်။ အမျိုးသမီးများအတွက် ရက်ကလစ်ကောလိပ် ကျောင်း တခုလည်း ရှိလေသည်။ ထိုမြို့တွင် လူဦးရေ ၁၁ဝ၇၇၉ ယောက် (၁၉၄ဝ) ရှိသည်။

[]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)