၁ ကိလေသာ အကျဉ်း (၁၀)ပါး ၁.၁ လောဘ ၁.၂ ဒေါသ ၁.၃ မောဟ ၁.၄ မာန ၁.၅ ဒိဋ္ဌိ ၁.၆ ဝိစိကိစ္ဆာ ၁.၇ ထိနမိဒ္ဓ ၁.၈ ဥဒ္ဓစ္စ ၁.၉ အဟိရိက ၁.၁၀ အနောတ္တပ္ပ ၂ ကိလေသာ ၁၅၀၀ ဖြစ်ပုံ

ကိလေသာ (၁၀)ပါး (အကျဉ်း) ပြင်ဆင်ရန်

လောဘ ပြင်ဆင်ရန်

လောဘ ဆိုသည်မှာ လိုချင်တပ်မက်ခြင်းကို ခေါ်သည်။ ရာဂ သည် တရားကိုယ်အားဖြင့် လောဘတွင် ပါဝင်သည်။

လောဘ အကြောင်း

လိုချင်မှု သဘောသည် လောဘတည်း။ ထို့ကြောင့် “လောက သဘောလိုချင်ဟော၍”ဟု ဆိုခဲ့သည်။ “လိုချင်” ဆိုသော်လည်း ကာမဂုဏ်ဆိုင်ရာ လိုချင်မှုမျိုးကိုသာ လောဘ ဖြစ်သည်။ နိဗ္ဗာန်ကိုလိုချင်မှု၊ တရားကို လိုချင်မှု၊ စာပေ တတ်ချင်မှု၊ ဆင်းရဲသူများကို ပေးကမ်းလို၍ ပစ္စည်း ဥစ္စာကို လိုချင့်မှု စသော ကောင်းသော အရာ၌ လိုချင်မှုမျိုးကား လောဘ မဟုတ်၊ နောက်၌ ပြမည့် ဆန္ဒသဘောသာ ဖြစ်ပေသည်။

လောဘ၏ အခြားနာမည်များ။။ဤလောဘကို “ပေမ”ဟု လည်းကောင်း၊ “တဏှာ”ဟု အခြား နာမည်များလည်းကောင်း၊ “ရာဂ” ဟုလည်းကောင်း၊ သမုဒယ ဟုလည်းကောင်း အမျိုးမျိုး နာမည်တပ်၍ ပြောဆိုသုံး နှုန်းကြ၏။ ပေမ ဟူသော အမည်ကို သားသမီး မောင်နှမ ညီအစ်ကို သမီး ခင်ပွန်း စသော အိမ်သူ အိပ်သားချင်း ဆွေမျိုးသားချင်း ချစ်ခင်မှုနှင့် ဆွေလို မျိုးလိုချစ်ခင်မှုတို့၌ သုံးနှုန်းကြရသည်။ ပေမ-ဟူသော စကား၌ “ချစ်ခင်ခြင်း”ဟု အဓိပ္ပာယ်ရ၏။ ဤ ချစ်ခြင်းမျိုးကိုပင် “သံယောဇဉ်” ဟုလည်း တမျိုး ခေါ်ကြသေး၏။ သံယောဇဉ် ဟူသော စကား၌ “ကြိုး”ဟု အဓိပ္ပာယ်ရသည်။ ကြိုးဖြင့် ချည်နှောင်ထားသကဲ့သို့ တယောက်နှင့် တယောက်ကို မခွဲနိုင် မခွါရက်အောင် ချည်နှောင်ခြင်း-ဟု ဆိုလိုသည်။

အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့၊ ဤငါးပါးကို လူအများတို့ လိုလားအပ်သောကြောင့် “ကာမဂုဏ်ငါးပါး”ဟု ခေါ်၏။ ကာမ-လိုလားအပ်သော+ဂုဏ-အနှောင်အဖွဲ့။] ထမင်းဆာ-ရေငတ်သကဲ့သို့ ထိုကာမဂုဏ် အာရုံများကို သာမန် လိုချင်ရုံမကပဲ ကပ်ကပ်သတ်သတ်ငတ်ခြင်းကို “တဏှာ”ဟု သုံးစွဲရုံမက၊ မိန်းမ ယောက်ျား တဦးဦး၌ မရမက တွယ်ကပ်နေသူကို “တဏှာရူး” ဟုလည်း ခေါ်ကြလေသည်။ တဏှာ ဟူသော စကား၌ “တပ်မက်ခြင်း၊ ငတ်ခြင်း”ဟု အဓိပ္ပာယ်ရ၏။ ထိုကာမဂုဏ်အာရုံ ငါးပါးတို့တွင် အတွေ့အာရုံ (မေထုန်မှု)ကို အလွန်လိုလားရာ၌ “ရာဂ”ဟု သုံးစွဲကြပြန်သည်။ ရာဂ ဟူသော စကား၌ “ငြိကပ်ခြင်း-စွဲလမ်းခြင်း”ဟု အဓိပ္ပာယ် ရပြန်သည်။ (ရာဂ-အဝတ်ကို ဆိုးရည်ဖြင့် ဆိုးသောအခါ စွဲကပ်နေသကဲ့သို့ တယောက်အပေါ်၌ စွဲနေသော လောဘ)၊ ဤကား စာသုံးမဟုတ်၊ လောက အသုံးကို လိုက်၍ ခွဲခြင်းတည်း။

သစ္စာလေးပါး ခွဲခြားခန်း၌ကား ဤလောဘကို “သမုဒယ”ဟု သုံးနှုန်း ပြန်သည်။ သမုဒယ ဟူသော စကား၌ “ဒုက္ခဖြစ်ကြောင်းဒုက္ခလောင်း”ဟု အဓိပ္ပာယ် ရပြန်၏။ ပြခဲ့သော ပေမ-တဏှာ-ရာဂဟု ခေါ်ဆိုရသည့် လောဘ မကင်းနိုင်သောကြောင့်သာ သံသရာ၌ ဆင်းရဲဒုက္ခနှင့် ယှဉ်တွဲ၍ တဝဲလည်လည် နေကြရသည်။ ယခုအခါ သူသူ ငါငါ တွေ့နေကျဖြစ်သော ဒုက္ခကြီးငယ် အသွယ်သွယ်သည် ဤ တဏှာလောဘ သမုဒယကြောင့်သာ ဖြစ်ရကား “လောဘကြီးလျှင် ဒုက္ခကြီး၏၊ လောဘ ငယ်လျှင် ဒုက္ခငယ်၏၊ လောဘ မရှိလျှင် ဒုက္ခ မရှိတော့ပြီ”ဟု ဆိုလိုသည်။ ဤ လောဘနှင့် အတူ ဖြစ်ရသော စိတ်ကို “လောဘစိတ်၊ တဏှာစိတ်၊ ရာဂစိတ်၊ သံယောဇဉ်စိတ်”ဟု ခေါ်၍ လူကိုလည်း “လောဘကြီးသူ၊ တဏှာကြီးသူ၊ ရာဂကြီးသူ၊ သံယောဇဉ်အားကြီးသူ”ဟု ခေါ်ဝေါ်ရလေသည်။

တဏှာလောဘ နောက်မဆုတ်ပုံ။။ဤ တဏှာပေမ သမုဒယ သံယောဇဉ်ဟု ခေါ်ရသော လောဘသည် တရားဖြင့် မထိန်းနိုင်ပဲ သူ့ အလိုဆန္ဒ အတိုင်းသာ ဦးစားပေးလိုက်ပါမူ မည်သည့်အခါ နောက်ဆုတ်မည်မဟုတ်။ နွားကလေး၏ပေါက်ခါစ ဦးချို့သည် ကြီးလေ-ရှည်လေ ဖြစ်သကဲ့သို့ ပဋိသန္ဓေကပင် မျိုးစေ့ ပါလာခဲ့သော ဤ တဏှာလောဘသည်လည်း အရွယ်ကြီးလေ လောဘကြီးလေပင် ဖြစ်၏။ ထိုကဲ့သို့ လောဘကို မတားဆီးနိုင်သူ ဇရာအိုကြီးတို့အတွက် “‌ေရာင်ကြီးလျှင်ငိုက်၊ လူကြီးလျှင်မိုက်”ဟု ပြောစမှတ်ပြုကြသည်။

ဆားငန်ရေသောက်။။ ဖွားမြင်သည်ကစ၍ မိဘချစ်ရ-ဆွေမျိုးဉာတိချစ်နှင့် ချစ်လက်စ တီထွင်တာ အတော်ကြာလျှင် ကစားဖော်ချင်း ချစ်ရ-မိတ်ဆွေချင်းချစ်ရ စသည်ဖြင့် ဝမ်းတွင်းပါ ဓမ္မတာ တရားက အချစ်ကို လမ်းပြနေသောကြောင့် ရေငတ်ငတ်ရှိ၍ ဆားငန်ရေကို သောက်လိုက်ရာ၊ သောက်ပြီးခါမှ သာ၍ငတ်၊ ငတ်သည့်အတွက် ထပ်၍သောက်၊ သောက်လေငတ်လေ ဖြစ်သကဲ့သို့ ကာမဂုဏ် အာရုံ တွေကို ငတ်ငတ်ရှိ၍ လိုက်စားမှ သာ၍ငတ်ပြီးလျှင် အပြစ်မမြင်နိုင်ပဲ ချစ်ပင်လယ်ထဲ၌ ဝဲလှည့်၍ နေကြရတော့သည်။

“အချစ် အချစ်၊ ချစ်တိုင်း ချစ်၍၊ ချစ်လေ ချစ်လေ၊ ချစ်မပြေတည်း။ ဆားငန်ရေနောက်၊ ငတ်တိုင်း သောက်က၊ သောက်လေ သောက်လေ။ ငတ်မပြေဘို့၊ ပေမ အရာ၊ တဏှာဖွဲ့ရစ်၊ ထိုအချစ်လည်း၊ အပြစ် မမြင်၊ မဆင်ခြင်ပဲ၊ ချစ်လျှင် ပျော်နိုး ချစ်စပျိုးသည်၊ ချစ်ရိုးချစ်စဉ်၊ ချစ်လမ်းတည်း။” ရှေးပညာရှိ ပျို့။

လောဘသက်သက် အပါယ်ချပုံ။။ လောဘသည် ကုသိုလ် အထောက် အပံ့ မရပဲ သူ့ချည်း သက်သက် စဉ်းစားလျှင် သေးငယ်သော လောဘပင် အပယ်ချနိုင်၏။ ဥပမာ-ကျောက်ခဲမှန်လျှင် အငယ်ဆုံး ကျောက်မှုန့်ကလေးပင် ရေထည်းမှာ နစ်ရသကဲ့သို့တည်း။ ထို့ကြောင့် စုတေခါနီး၌ သမီးခင်ပွန်းအပေါ် စွဲလမ်းမှု၊ သမီးသားနှင့် စီးပွားဥစ္စာ တစုံတရာကို စွဲလမ်းမှုကြောင့် ပြိတ္တာဖြစ်ရသူတွေ များလေသည်။ ငါတို့ဘုရားလက်ထက်၌ ရဟန်းတော်တပါးကား သင်္ကန်းသစ်ကလေးကို စွဲလမ်းသွားသည့်အတွက် သင်္ကန်းမှာ လာ၍ သန်း ဖြစ်ရလေသည်။ ၇-ရက်လည်မှ သန်းဘဝက ကျွတ်လွတ်သတဲ့။

ကုသိုလ်ကောင်းမှု အကူအညီ အပါယ်မချပုံ။။ တယောက်နှင့် တယောက် ချစ်ခင်မှု ခေါ် တဏှာပေမ ဖြစ်နေကြသော်လည်း ကုသိုလ်ကောင်းမှု အကူအညီရလျှင် အပါယ်သို့ မချနိုင်ချေ။ ဥပမာ-ကျောက်ခဲသည် သူ့ချည်းသက်သက် ဆိုလျှင် ရေ၌နစ်သော်လည်း လှေ အကူအညီရလျှင် ရေမနစ်ပဲ လှေ၏အလိုကျ လှေပေါ်မှာ ပါရသကဲ့သို့တည်း။ ထို့ကြောင့် ဇာတ်ဝတ္ထုတို့၌ တဏှာပေမ မကင်းသူချင်း ရင်းနှီးစွာ အကျိုးပေးလျက် ပါရမီဖြည့်ဖက်များ ဖြစ်ကြလေသည်။

စဉ်းစားဖွယ်။။ သမီးခင်ပွန်းတို့ စိတ်တူ သဘောတူ ဖြစ်ကြသောအခါ တယောက်ကို တယောက် မခွဲခွါလိုကြ။ သံသရာဝယ် ပါရမီ အတူဖြည့်ကာ နိဗ္ဗာန်ကို ရလိုကြ၏။ အလောင်းတော် သုမေဓာဘဝ၌ ယသော်ဓရာအလောင်း “သုမိတ္တာ” မည်သော အမျိုးကောင်းသမီးကလေးသည် ဘုရားအလောင်းနှင့် မကွဲမကွာ ဖြစ်ရလိုကြောင်း ဆုတောင်းခဲ့၏။ အရှင်မဟာကဿပနှင့် မယ်ဘဒ္ဒါ အလောင်းလည်း ကမ္ဘာပေါင်းများစွာဝယ် ပါရမီကို အတူ ဖြည့်ခဲ့ကြသည်။ ဤသို့ ဖြစ်ခဲ့ရာဝယ် “နောက်၌ ပြမည့် ဆန္ဒ သဘောလား၊ တဏှာပေမ လောဘ သဘောလား”ဟု စဉ်းစားထိုက် ပေသည်။

ဆုံးဖြတ်ချက်။။ ပြခဲ့သော ဇာတ်လမ်းတွင် ပါဝင်သောအရှင်တိုကား စင်စစ်သူတော်ကောင်းများ ဖြစ်ကြသည်။ သူတော်ကောင်းနှင့် အဆင့်ဆင့် ပေါင်းလိုခြင်းမှာ တမင်္ဂလာ ဆုတောင်းရသော ကုသိုလ်ဆန္ဒ ကောင်းပေတည်း။ ထိုအရှင်တို့သည် ပါရမီကို ကြိုးစားနေသော သီလရှိသူများလည်း ဖြစ်ကြသည်။ ကျမ်းဂန်တို့၌ “သီလရှိသူမှာ တောင့်တတိုင်း ပြည့်စုံနိုင်သည်။ ဆန္ဒရှိလျှင် ဘယ်အရာမဆို ပြီးစီးနိုင်သည်”ဟု အဆိုရှိ၏။ ထို့ကြောင့် ထိုအရှင်တို့၌ တယောက်နှင့်တယောက် မကွဲအောင် တွယ်တာသော တဏှာ ပေမ ရှိကြမည် ဖြစ်သော်လည်း ကြီးမားသော ကုသိုလ်ဆန္ဒကြောင့် အလောင်း အလျာကို အလိုကျအောင် ပြုသမျှ ကုသိုလ်ကံတွေက တွဲဖက်၍ စီမံသဖြင့် ဥမကွဲသိုက်မကွာ ပါရမီဖြည့်ဖက်များ ဖြစ်ကြရပေသည်။

ဣဇ္ဈတိ ဘိက္ခဝေ သီလဝတော စေတောပဏိဓိ ဝိသုဒ္ဓတ္တာ=ရဟန်း များတို...သီလရှိသူမှာ (သူ၏တောင့်တမှုက စင်ကြယ်သည့်အတွက်) စိတ်တောင့်တတိုင်း ပြည့်စုံနိုင်သည်။[ပါဠိတော်။]

နကုလပိတာနှင့် နကုလမာတာ

ဘုရားလက်ထက်တော်အခါဝယ် “နကုလပိတာ”ဟု ထင်ရှားသော သူကြွယ်နှင့် “နကုလမာတာ” ခေါ် သူကြွယ်ကတော်တို့သည် ရှေးရှေးဘဝ များစွာကပင် မကွဲမကွာ ဖြစ်လာကြ၍ ယခုဘဝ၌ ဘုရားရှင်ကို ပထမဆုံး ဖူးမြင်ရသည့် အချိန်ကပင် သောတာပန် ဖြစ်ခဲ့ကြလေသည်။ ထိုဇနီးမောင်နှံ ၂-ဦးလုံးပင် ဘဝပေါင်းများစွာက ဘုရားအလောင်း၏ မိဘ အဖြစ်-ဦးကြီး မိကြီး အဖြစ်-ဦးလေး ဒေါ်လေး အဖြစ်ဖြင့် အတူနေခဲ့ကြရသောကြောင့် ဘုရားရှင်ကို သားအသွင် ချစ်ခင်ကာလွန်စွာအကျမ်းဝင်ကြရကား လျှောက်လိုရာကို ခြွင်းချက်မရှိ လျှောက်လေ့ ရှိကြသည်။ ထို့ကြောင့် အခါတပါး၌ သူကြွယ်က လျှောက်သည်မှာ..

“တပည့်တော်သည် နကုလမာတာကို ငယ်ရွယ်စဉ်ကပင် သိမ်းပိုက်ခဲ့သည်။ သူ့ကို သိမ်းပိုက်ခဲ့သောအခါမှစ၍ အခြား တယောက်ကို ကိုယ်ထိလက်ရောက် မဆိုထားဘိ စိတ်နှင့် မပြစ်မှားမိပါ။ နကုလမာတာကို ယခုဘဝမှာလည်း အမြဲကြည့်နေချင်၊ သံသရာမှာလည်း အမြဲမြင်လိုသည်။”

ထိုစကားကို နကုလမာတာ ကြားလျှင် အားကျမခံ သူ့စိတ်ရင်းအတိုင်း လျှောက်ပြန်သည်မှာ...

“တပည့်တော်မသည် ငယ်ရွယ်စဉ်ကပင် နကုလပိတာ၏ အိမ်သို့လိုက်ခဲ့ရသည်။ ထိုအခါမှစ၍ အခြားသူကို စိတ်မျှ မကူးမိပါ။ နကုလပိတာကို ယခုဘဝမှာလည်း အမြဲကြည့်နေချင်၊ သံသရာမှာလည်း အမြဲ တွေ့မြင်လိုသည်။”

ထိုသမီးခင်ပွန်း ၂-ဦးတို့၏ စကားကို ဘုရားရှင်က ပြန်၍ မိန့်တော်မူသည်မှာ--

“ယခုဘဝ၌ စိတ်တူ သဘောတူ ကြည်ဖြူကြသော သမီးခင်ပွန်းတို့သည် နောက်နောက် ဘဝ၌ မကွဲမကွာ ဖြစ်လို့ကြလျှင် တယောက်နှင့် တယောက် သဒ္ဓါ-သီလ-စာဂ-ပညာတို့ အရာရာ တူစေကြရမည်။

အိမ့်ရှင်က သဒ္ဓါတရား ကောင်းသကဲ့သို့ အိမ်သူကလည်း သဒ္ဓါတရားကောင်း ရမည်။ အိမ်ရှင်က သီလ စင်ကြယ်သကဲ့သို့ အိမ်သူကလည်း သီလစင်ကြယ်စေ ရမည်။ တယောက်ယောက်က စွန့်ကြဲ ပေးကမ်း လှူဒါန်းလိုလျှင် မတားမြစ် “မယ်က လှူမူ မောင်ကြည်ဖြူ-မောင်က လှူဒါန်း မယ်ရွှင်လန်း” ဖြစ်စေရမည်။ အသိ အလိမ္မာ ဉာဏ်ပညာ ချင်းလည်း အရာရာ တူစေရမည်-ဟု ဟောတော်မူလိုရင်း ဖြစ်၏။ ဤ အဓိပ္ပာယ်ကို ရည်ရွယ်၍ ပဉ္စဝုဓပျို့၌--

“လူ့ ရပ်ခွင်၊ အိမ့်ရှင် အိမ်သူ၊ မြတ်ရည်တူလျက်၊ ဆုယူ ညီမျှ၊ လှူဒါနနှင့်၊ သီလမယိုင်၊ သဒ္ဓါပြိုင်မှု၊ ဘုန်းလှိုင် ကျော်ကြား၊ မိုးနတ်သားနှင့်၊ ဆွေဝါးအနီး၊ နတ်သမီးသို့၊ ကောင်းချီးအံ့ရာ၊ စုမိရှာလျက်၊ သံသာနောင်လည်း၊ ချစ်စည်းမပြေ၊ ရှည်ကြာလေ၏” ဟူသတည်း။

ဤဝတ္ထု၌ သောတာပန် ဖြစ်ပြီးသော ဇနီးမောင်နှံတို့ အပြန်အလှန် ချစ်ခင်ကြပုံကို ပထမ စဉ်းစားသင့်၏။ ထိုကဲ့သို့ လုံလုံ လောက်လောက် ချစ်ခင် ကြသည့်အတွက် မိမိတို့အချင်းချင်းမှ လွဲ၍ အခြား သူနှင့် ဖေါက်ပြားဖို့ရန် စိတ်မျှမကြံမိကြ၊ ထိုမျှလောက် စိတ်ထား စင်ကြယ် ကြသဖြင့်လည်း ပိုမို၍ မြတ်နိုးကာ တသံသရာလုံး မခွဲမခွါလိုပဲ အမြဲ တွေ့မြင် လိုကြပေသည်။ ဤကဲ့သို့ တွေ့မြင်လိုကြရာ၌ လောဘ အရင်းခံသော ဆန္ဒပင် ဖြစ်လင့်ကစား ထိုသူတော်စင်တို့၏ တဏှာပေမ လောဘသည် သူတို့ချင်း မကွဲမကွာအောင် ချည်နှောင်ပြီးလျှင် ပြုပြုသမျှ ကုသိုလ် အပေါင်းက ကောင်း မြတ်ရာသို့ ပို့ဆောင်ပေလိမ့်သတည်း။

(အရှင်ဇာနကာဘိဝံသ၏ ကိုယ်ကျင့်အဘိဓမ္မာမှ ကောက်နှုတ်တင်ပြသည်။)

ဒေါသ ပြင်ဆင်ရန်

ဒေါသ ဆိုသည်မှာ အမျက်ထွက်ခြင်းကို ခေါ်သည်။ စိတ်အတွင်းတွင် တနုံ့နုံ့ဖြင့် အသားတွင်းသို့ ဆူးဝင်သည့်ပမာ မျက်နေခြင်း၊ စိတ်အတွင်းတွင် တင်းပြီး မပေါက်ကွဲသေးသော အဆင့် ရုပ်ပိုင်းဆိုင်ရာ အားဖြင့် မည်သို့မျှ မပြုရသေးသည်ကို ကောဓ (အမျက်) ဟု ခေါ်သည်။ ကောဓမှ အပြင်ကို ပေါက်ကွဲထွက်ပါက ဒေါသဖြစ်သည်။ ကဏ္ဍဇာတ်တော်တွင် ကဏ္ဍရသေ့ကြီးမှ ကောဓ မဖြစ်ရပါလို၏၊ ဒေါသ မဖြစ်ရပါလို၏ဟု ခွဲခြားပြီး ဆုတောင်း အဓိဋ္ဌာန်ပြုခဲ့သည်ကို တွေ့ရသည်။

ဒေါသ အကြောင်း

စိတ်၏ ခက်ထန် ကြမ်းတမ်းခြင်း သဘောသည် ဒေါသ မည်၏။ ထို့ကြောင့် “ဒေါသတွက်ကြောင့်-စိတ်စက်ခက်ထန်”ဟု ဆိုခဲ့သည်။ ခက်ထန်-ဆိုသော်လည်း ရှူးရှူးရှဲရှဲ ခက်ထန်ခြင်းတမျိုးသာ မဟုတ်၊ စိတ်ညစ်နွမ်းနေပြန်လျှင်လည်း မညစ်နွမ်းသောစိတ်ကဲ့သို့ ညက်ညက်ညောညော မရှိ၊ စိတ်နေပုံမှာ ဇာတာ ကြမ်းတမ်းတမ်း ရှိရကား စိတ်ညစ်နွမ်းမှု၊ စိတ်အားငယ်မှု၊ ကြောက်လန့်မှုများလည်း ဒေါသ သဘောပင်။

အချုပ်မှာ-စိတ်ညစ်မှု၊ စိတ်မချမ်းသာမှု၊ ကြောက်ရွံ့မှု၊ စိတ်ပျက်မှု၊ စိတ်ကောက်မှု၊ စိတ်ဆိုးမှု၊ ရန်ငြိုးဖွဲ့မှု၊ ဆဲဆို ငေါက်ငမ်း ချောက်ချမ်းမှု၊ တိုက်ခိုက်မှု၊ သေကြေပျက်စီးအောင် ကြံဆောင်မှု အစုံစုံသည် ဒေါသချည်းတည်း၊ ကြောက်လန့်မှု ကြမ်းတမ်းမှု ၂-မျိုးလုံး၌ပင် ဒေါသ ပါဝင်ရကား ဒေါသကြီး၍ စိတ်ခက်ထန် ကြမ်းတမ်းသူသည် ကြောက်စရာ ရှိလျှင်လည်း ကြောက်လွယ်တတ်သည်။ ထိုလူမျိုးကို သတိထား၍ အကဲခတ် ပါလေ။ [ခက်ထန်မှုကို အတက် ဒေါသ၊ ကြောက်ရွံ့မှုကို အသက် ဒေါသ ဟုလည်း ခဲ့ကြသေး၏။

အမျိုးသမီးတယောက် ဝတ္ထု။။ ပြခဲ့သော ဒေါသများကို အတော် စုံအောင် ခံစား၍ သွားရရှာသော အမျိုးသမီးကလေး တဦး၏ အိန္ဒိယနိုင်ငံ၌ ဖြစ်ပုံကို ဒေါသ သဘောသိရရုံမက၊ လူငယ်ချင်း မမျှပဲ အတင်းပေးစားလေ့ရှိသော မိဘတို့ကို သတိရစေသလိုလည်း ဖြစ်ပေသည်။။

ဤဝတ္ထုပါ ငယ်ရွယ်သူ ၂-ယောက်ကား တယောက်သဘောကို တယောက် မသိကြ။ ၂-ဘက်မိဘတို့ စေ့စပ်ချက်ဖြင့် လက်ထပ်ပြီးကြလေပြီ။ သတို့သမီး ကလေးသည် အမျိုးကောင်းသမီးပီပီ တည်တည်ကြည်ကြည်နှင့် ဝတ်ကျေအောင် ပြုရှာပေ၏။ သို့သော် သတို့သားက ဘယ်ဟာပြုပြု အကောင်းဟု မထင်၊ ခင်မင် ယုယမှု မရှိချေ။

မိမိက ပြုစုပါလျက် ခင်ပွန်းက မိမိကို ဂရုမစိုက်သည့်အတွက် သတို့သမီး စိတ်ပျက်စပြုလာ၏၊ စိတ်ညစ်၏၊ စိတ်မချမ်းသာ၊ မကြာမကြာ မှိုင်နေသည်။ နဂိုကပင် မကျေနပ်သော ခင်ပွန်းသည်သည် ထိုသို့ မသာမယာ ဖြစ်နေပုံကို မြင်လျှင် သာ၍ပင်ရွံမုန်းကာ တခါ တခါ အကြမ်းဖက်လာ၏။ သတို့သမီးက စိတ်နာ၏။ ခင်ပွန်းသည်၏ ပြုမူပုံကို မကျေနပ်နိုင်။ သို့သော် မည်သို့မျှ မတတ်နိုင်တော့ပဲ မိမိဝတ္တရားကျေအောင် ပြုမြဲပြုရှာ၏။

သို့ရာတွင် ကျောက်တုံး ကျောက်သား မဟုတ်ပဲ စိတ်ဝိညာဉ် ပါသော ကိုယ်ခန္ဓာဖြစ်ရကား မကြာခဏ မိမိ၏ ဘဝကို အဆုံးစီရင်ရန် ကြံလေသည်။ ဤကဲ့သို့ ဒေါသထွက်ခြင်း၊ စိတ်ပျက်ခြင်း၊ စိတ်ညစ်ခြင်း၊ စိတ်မချမ်းသာခြင်း၊ ကြောက်ရွံ့ခြင်းတို့ ဆက်တွဲ၍ လောကငရဲ ခံကာ သားသမီး ၂-ယောက် ဖွားမြောက်ပြီးသည့်တိုင်အောင် အောင့်အည်းခဲ့ပါသော်လည်း နောက်ဆုံး၌ မစောင့်စည်းနိုင်တော့ရကား ကိစ္စတခုအတွက် အခြားမြို့သို့ သွားနေသော ခင်ပွန်းသည် အထံသို့ စာတစောင် ရောက်လာသည်မှာ.......။

“အရှင်မိဘများ ပေးစားသော ခင်ပွန်းပင် ဖြစ်သော်လည်း ရှင့်ကို အမှန်ချစ်၍ ရှင်၏အချစ်ကိုလည်း ရရှိနိုင်ရန် အမှန်ပင် ကြိုးစားခဲ့သည်။ သို့သော် ကျွန်မ၏ ကြိုးစားမှုတွေမှာ အကျိုး မရသည့်ပြင် “ပလီတယ်၊ မာယာများတယ်” ဟုသာ အထင်ခံရ၍ စိတ်ပျက်လှသဖြင့် ဘဝကိုအဆုံးစီရင်ရန် မကြာခဏ ကြံသော်လည်း ကလေးများ မျက်နှာထောက်၍ အထမမြောက်ခဲ့ပါ။ ယခုမှာမူ ဆက်လက်၍ နေသော်လည်း စိတ်ညစ်ရုံသာရှိမည် ဖြစ်သောကြောင့် ဤစာကိုရေးပြီးနောက် ကလေးများစားမည့် မုန့်ထည်း၌ အဆိပ် ခတ်ပြီးလျှင် ကျွန်မ၏ဘဝကို အဆုံးစီရင်လိုက်ပါပြီ။”

အထက်ပါစာကို ရပြီးနောက် ခင်ပွန်းသည် ယောက်ျားလည်း သူ့ ဇနီး၏ လိမ္မာပုံတွေကို အကုန်အစင် ထင်မြင် လာရကား ကပျာကသီ ပြန်သွားလေရာ အိမ်ပေါ်မှာ ပြင်ထားသော မိသား ၃-ဦး၏ အလောင်းကိုသာ တွေ့ရတော့သဖြင့် အဆင်သင့်ရှိသော သေနတ်ဖြင့် သူ၏ ဇာတ်ကိုပါ အဆုံး သတ်လိုက်လေသည်။ ဤဝတ္ထု၌ ဒေါသ ဖြစ်ပုံများ ထင်ရှားပြီ။] ဤဝတ္ထုကို ထောက်ထား၍ အကြောင်းအားလျော်စွာ ဆုံတွေ့ကြရသောအခါ သဘော ကြီးကြီးထား၍ ပြေပြေပြစ်ပြစ် ဖြစ်အောင် ကြိုးစားကြပါလေ။

(အရှင်ဇာနကာဘိဝံသ၏ ကိုယ်ကျင့်အဘိဓမ္မာမှ ကောက်နှုတ်တင်ပြသည်။)

မောဟ ပြင်ဆင်ရန်

မောဟ ဆိုသည်မှာ တွေဝေမိုက်မဲခြင်းကို ခေါ်သည်။ မောဟ၏ သဘောတရားကို အများစုမှာ သဘောမပေါက်ကြဘဲ ရောထွေးနေတတ်ကြသည်။ အဝိဇ္ဇာနှင့် မောဟ နှစ်ခုစလုံးသည် မသိခြင်းဟု အဓိပ္ပာယ်ထွက်သော်လည်း ကွဲပြားခြားနားသည်။ သစ္စာ (၄) ပါးကို မသိခြင်းသည် အဝိဇ္ဇာ ဖြစ်ပြီး ဒိဋ္ဌိနှင့် ဆက်နွယ်နေသည်။ မိမိလုပ်နေသော အလုပ်အပေါ်တွင် သတိမကပ်ဘဲ တွေဝေငေးငိုင်စွာ လုပ်နေခြင်း၊ မိမိလုပ်နေသော အလုပ်ကို ကုသိုလ် အကုသိုလ်ဟူ၍ ခွဲခြား မသိခြင်းသည် မောဟဖြစ်သည်။ သစ္စာမသိခြင်းလောက် အဆင့်မမြင့်ပေ။ သစ္စာမသိလျှင် သံသရာ လည်မည် မောဟများလျှင် အပယ်လားမည်ဟု ပြောဆိုလေ့ ရှိကြသည်။

အလှူလှူနေသော်လည်း မည်သို့ လှူသင့်သည်ကို မသိ၊ မိမိလှူသော အလှူမှ မည်သည့်ကုသိုလ်ရမည်ကို မသိဘဲ လှူနေခြင်းကို မောဟဖုံးလွှမ်းနေခြင်းဟု ဆိုသည်။ မောဟ၏ တွေဝေမှုတွင် ပြုမူချက်က ရှိနေပေမည်။ လှူလျှင် ကုသိုလ်ရမှန်း သိ၍ ကုသိုလ်ရအောင် လှူသော်လည်း ဤကောင်းမှုကြောင့် နတ်ဖြစ်ရပါလို၏ ဟု ဆုတောင်းခြင်းမျိုးတွင် အဝိဇ္ဇာ ပါဝင်သွားသည်။ ဒုက္ခသစ္စာကို မသိသဖြင့် သမုဒယသစ္စာကို လိုချင်ခြင်းပင် ဖြစ်သည်။

နောက်ထပ် ဥပမာ တစ်ခု ပေးရမည် ဆိုလျှင် လူတစ်ယောက်သည် အတိတ်ကို တွေးလျှင် ဒေါသဖြစ်မည် ဖြစ်၍ ဘာမှ ပြန်လုပ်၍ မရတော့သော အတိတ်ကို မတွေးရန် လိုအပ်သည်။ အနာဂတ်ကို တွေးလျှင် လောဘဖြစ်မည် ဖြစ်ပြီး အနာဂတ်က မရောက်သေး၍ ဖြစ်တတ်ပျက်တတ်သော သံသရာတွင် ကြိုတင်၍ လောဘစိတ်မထားရန် လိုအပ်သည်။ ပစ္စုပ္ပန်တွင် မောဟဖြင့် မနေနှင့်ဟု ဆုံးမလေ့ ရှိကြသည်။ သတိနှင့် နေ၍ ကုသိုလ် အကုသိုလ် ခွဲခြားနိုင်သော ပညာရှိနေခြင်းသည် မောဟ ကင်းခြင်းပင် ဖြစ်သည်။ ပညာအဆင့်မြင့်လာ၍ သစ္စာတရားများကို ရှုမြင်လာသည့် အခါတွင် အဝိဇ္ဇာပါ ကင်းစင်လာပေလိမ့်မည်။ မောဟ၏ တွေဝေမှုတွင် ပြုမူချက်များက ရှိနေပေဦးမည်။ ထိနမိဒ္ဓ ကဲ့သို့ ငိုက်မနေသင့်ပေ။

မောဟအကြောင်း

မောဟ ၂ မျိုး။။ မသိတတ်ခြင်း သဘောသည် မောဟတည်း။ ထို့ကြောင့် “မသိတတ်ဘိ-မောဟသိလော”ဟု ဆိုခဲ့သည်။ ထိုမောဟသည် အနုသယမောဟ – ပရိယုဋ္ဌာနမောဟဟု ၂ မျိုး ရှိ၏။ အနုသယဟူသော ပါဠိသည် ငြိမ်ဝပ်ခြင်း ကိန်းအောင်းနေခြင်းဟု အဓိပ္ပာယ်ရှိ၏။ ပရိယုဋ္ဌာနဟူသော ပါဠိကား ထကြွခြင်းခြင်းဟု အဓိပ္ပာယ်ရ၏။ ထို့ကြောင့် သတ္တဝါတို့၏ သန္တာန်တွင် အစဉ်တစိုက်လိုက်ပါနေသော မောဟသည် အနုသယမောဟမည်၏။ တရံတခါ စိတ်နှင့်တွဲ ဖက်၍ ဖြစ်ပေါ်လာသော မောဟသည် ပရိယုဋ္ဌာနမောဟမည်၏။

အနုသယမောဟ။။ အဆိပ်ပင်၌ အဆိပ်သီးများကို သီးစေနိုင်သောဓာတ်သတ္တိ ပါရှိသကဲ့သို့၊ ထို့အတူ သတ္တဝါတို့ သန္တာန်၌ သိထိုက်သော တရားများကို မသိအောင်ဖုံးကွယ်တတ်သော ဓာတ်သတ္တိ တမျိုးပါရှိလေသည်။ ထိုဓာတ်သတ္တိကို အနုသယမောဟဟု ခေါ်၏။ ဤ အနုသယ မောဟ၏ ဖုံးကွယ်ထားမှုကြောင့် ပုထုဇဉ်တို့သည် အနိစ္စ ဒုက္ခ အနတ္တ သဘောတို့ကိုလည်း နစ်နစ်နောနော မသိကြ၊ သစ္စာလေးပါးကိုလည်း ထိထိမိမိ မသိကြ၊ ပဋိစ္စသမုပ္ပါဒ်ကိုလည်း တပ်အပ်ထင်ထင် မသိမြင်ကြချေ။

ဤ အနုသယမောဟဓာတ်ကို ပုထုဇဉ်တို့ ဉာဏ်ဖြင့် မသိနိုင်။ ယခု ကာလ စာပေသင်ဘူး၍ အနိစ္စ ဒုက္ခ အနတ္တ စသည်ကို သိသည်ဟု ဆိုသော်လည်း သင့်တော်ရုံ ခန့်မှန်းနိုင်သော အသိမျိုးသာ ဖြစ်၏။ ထိုးထိုးထွင်းထွင်း ရှင်းလင်းအောင် သိသော အသိမျိုး မဟုတ်ချေ။ သောတာပန် သကဒါဂါမ် အနာဂါမ်ဖြစ်သည့်တိုင်အောင် ထိုအနုသယ မောဟဓာတ်မှာ အဆင့်ဆင့် ပါးလှပ်ရုံသာ ရှိသေး၏။ ရဟန္တာအဖြစ် ရောက်မှ အနုသယမောဟဓာတ် အကုန်အစင်ပြတ်သည်။ ထို့ကြောင့် “ရဟန္တာ မဖြစ်သေးသမျှ ကုသိုလ်ပြုနေတုန်း ခဏ၌လည်း အနုသယ မောဟဘတ်မှာ ငြိမ်သက်ကိန်းဝပ်လျက် ရှိနေသည်”ဟု မှတ်ပါ။

ပရိယုဋ္ဌာနမောဟ။။ စိတ်နှင့် တွဲဖက်၍ မောဟ ထကြွလာသောအခါ အကုသိုလ်စိတ် မကောင်းစိတ် ဖြစ်နေပြီဟု ဆိုရပေသည်။ ဤ ပရိယုဋ္ဌာနမောဟ၏ ဖုံးကွယ်မှုကြောင့် ဒုစရိုက်အကုသိုလ်၏ နောင်ရေးနောင်တာ ခံစားရမည့် မကောင်းကျိုးကိုလည်း မသိကြရ။ ယခုလောလောဆယ် ယုတ်မာညစ်ညမ်းဆိုးသွမ်းမှု အပြစ်ကိုလည်း မသိကြရ။ ထို့ကြောင့် မောဟဖြစ်ပေါ်လာသောအခါ နဂိုက ပညာရှိ သူတော်စင်တို့သည်ပင် အပြစ်ကို မမြင်နိုင်ပဲ ဒုစရိုက်အမှုကို ပြုမိကြလေတော့သည်။ ဤ မောဟသည် အကုသိုလ်စခန်း၌ အလွန်ဆိုးသွမ်း မိုက်မဲသော တရားမျိုးပင်တည်း။ ဤလောက၌ မိုက်မဲမှုဟူသမျှဝယ် ဤမောဟ သာလျှင် အခြေတည်လျက် ရှိလေသည်။

ပညာရှင်ကြီး မောဟစီးပုံ။။ ဟရိတစမည်သော ငါတို့ ဘုရားအလောင်းသည် ကုဋေ ရှစ်ဆယ် ကြွယ်ဝသော စည်းစိမ်ကြီးကို စွန့်လွှတ်လျက် တောထွက်၍ ရသေ့ လုပ်ပြီးလျှင် ဈာန်အဘိညာဉ်ကို ရလေသည်။ ထို့နောက် မိုးကာလအခါဝယ် ဟိမဝန္တာ၌ မိုးများသောကြောင့် ဗာရာဏသီပြည်သို့ ကြွလာ၍ ဘုရင့် ဥယျာဉ်တော်မှာ သီတင်း သုံးတော်မူလေသည်။ ထိုဗာရာဏသီ ပြည့်ရှင်ကား ရှင်အာနန္ဒာအလောင်း ပါရမီဖြည့်ဖက် မိတ်ဟောင်းပေတည်း။ ထို့ကြောင့် မြင်လျှင်မြင်ချင်း လွန်မင်းစွာကြည်ညိုရကား ဥယျာဉ်တော် အတွင်းမှာ သီတင်းသုံးရန် တောင်းပန် လျှောက်ထား၍ ပစ္စည်း လေးပါးဖြင့် ထောက်ပံ့လျက် နံနက်တိုင်း နန်းတော်မှာ မိမိကိုယ်တိုင် ဆွမ်းကပ်လေသည်။

အခါတပါး၌ကား တိုင်းပြည်ဝယ် သူပုန်ထသောကြောင့် ဘုရင့် ကိုယ်တိုင် နှိမ်နင်းရန် ထွက်ခါနီးမှာ ဆရာရသေ့ကို မမေ့ရစ်ဖို့ရန် မိဖုရားအား တန်တန်မှာပြီးမှ ထွက်သွားလေသည်။ မိဖုရားလည်း အချိန်မှန်မှန် ဆွမ်းပြုစု၍ တနေ့သောနံနက်မှာမူ ဆရာရသေ့မလာသေး သည့်အတွက် ကိုယ်လက် သန့်စင်အောင် နံ့သာရေမိုး ကောင်းစွာ ချိုး၍ ချောမွေ့နုနယ်သော အဝတ်ကို ဝတ်ဆင်ကာ ဆရာ ရသေ့အလာကို စောင့်မျှော်ယင်း သလွန် ပေါ်မှာ ခေတ္တ လျောင်းနေလေသည်။

အလောင်းတော် အရှင်ရသေ့လည်း အဘိညာဉ် သမာပတ် အစွမ်းဖြင့် ကောင်းကင်လမ်းက ကြွ၍လာခဲ့ရာ၊ လေသာနန်းတံခါး ပေါက်သို့ ရောက်သောအခါ “လျော်တေ” ခေါ်သော ရသေ့အဝတ်သံကို ကြား၍ ဗြူးကနဲ အထလိုက်တွင် အမြင်မတော်သော ကိုယ်တပိုင်းမှ ခါးဝတ် လျောကျသွားသည်ကို မြင်လေသော် သန့်ရှင်းသော စိတ်ဓာတ်ဝယ် ကိန်းဝပ် တည်နေသော အနုသယ မောဟသည် ရုတ်တရက် ထကြွ၍ ပရိယုဋ္ဌာနမောဟ အဖြစ်သို့ ရောက်ကာ လောဘ တဏှာ ဖက်တွဲလျက် မိဖုရားလက်ကို ဆွဲပြီးလျှင် သဘက်သရဲပမာ မှားခြင်းကြီး မှားရှာလေသတဲ့။

ဝတ္ထုမှတ်ချက်။။ ဤ ဝတ္ထု၌ မောဟ၏ မိုက်မဲ ရမ်းကားမှုကို လေးလေး နက်နက် သတိပြုသင့်ကြပေသည်။ ဤမောဟ မျိုးသာ မဝင်လာလျှင် အလောင်းတော် အရှင်ရသေ့သည် ထိုကဲ့သို့ မတရားအမှုကို ဘုရင့်ကိုယ်တိုင်က ကျေကျေနပ်နပ် ခွင့်ပေးသော်လည်း ပြုနိုင်မည် မဟုတ်ပါ။ ယခုမောဟမှောင်ကြီး ဖိစီးကျရောက်ရကား ယခုဘဝအပြင် နောင် သံသရာအပြစ်တို့ကို မမြင်နိုင်တော့သဖြင့် မသင့်သောအမှုကို ပြုမိလေသည်။ တသက်လုံး အားထုတ်လာခဲ့သော ဈာန်အဘိညာဉ် ပညာများလည်း ယခုလိုအချက်ထဲ၌ မောဟအမှောင်ကို မဖျက်ခဲ့နိုင်ရုံမက၊ မောဟ၏ ဖိစီးမှုကြောင့် ဈာန်အဘိညာဉ်တို့သာ ကွယ်ပျောက်ရလေသည်။

သို့သော် အလောင်းတော် အရှင်ရသေ့ကား မူလက ပါရမီဓာတ်ခံ ရင့်သန်ပြီး ဖြစ်သောကြောင့် ဘုရင် ပြန်ရောက်လာသောအခါ လွန်စွာ သံဝေဂဖြစ်၍ လျှောကျသော ဈာန်ကို ပြန်ရအောင် အားထုတ်ကာလူ့ အနားနေလို့ ဤအမှုမျိုးဖြစ်ရသည်ဟု နောင်တရလျက် လူသူကင်းကွာသော ဟိမဝန္တာသို့ ပြန်ကြွလေသည်။

မသိတိုင်း မောဟဟု မမှတ်ရ။။ မသိခြင်းသဘောကို မောဟဟု ဆိုသောကြောင့် မသင်ဘူးသော အတတ် – မရောက်ဘူးသော အရပ်နှင့် မမှတ်ဘူးသော နာမည် စသည်တို့ကို မသိခြင်းများလည်း မောဟအစစ် အကုသိုလ်ဖြစ်သည်ဟု မှတ်ထင်တတ်ကြ၏။ ထိုမသိမျိုးမှာ မသိရုံ သက်သက်သာဖြစ်၍ မောဟ အစစ် အကုသိုလ် မဖြစ်ပါ။ မိမိ၌ မှတ်သားဘူးသော သညာမရှိမှု သာတည်း။ ထိုမသိမျိုးမှာ သာမန်လူတွေကို မဆိုထားဘိ၊ ရဟန္တာများမှာပင် ရှိပါသေးသည်။

ဘုရားရှင်က လွဲလျှင် ပထမတန်းဉာဏ်တော်ရှင် ဖြစ်သော အရှင်သာရိ ပုတြာ သည်ပင် တပည့်ရဟန်းကလေးတပါး၌ ကမ္မဋ္ဌာန်း အပေးမှားတော် မူခဲ့သေး၏။ ရဟန်းကလေးက ငယ်ရွယ်သူဖြစ်၍ ကာမရာဂ ထကြွချိန်ဟု သဘောပိုက်ကာ အသုဘကမ္မဋ္ဌာန်းကို ပေးတော်မူလေရာ၊ ရဟန်းကလေး၏ စရိုက်အလိုနှင့် မတဲ့သောကြောင့် ၄-လလုံးလုံး အားထုတ် ပါသော်လည်း အရိပ်နိမိတ်မျှမထင်ပဲ ရှိလေသတဲ့။

ထို့နောက် ဘုရားရှင်ထံခေါ်သွားမှ ဘုရားက စရိုက်နှင့်သင့်မြတ်အောင် ပဒုမ္မာကြာပန်းကို ဖန်ဆင်း၍ပေးတော်မူလေရာ လွန်စွာနှစ်သက် နေစဉ် မကြာခင် ညှိုးနွမ်းအောင် ဖန်ဆင်းပြ၍ သံဝေဂအရမှာ အနိစ္စ ဒုက္ခ အနတ္တ ထင်မြင်အောင် ဆင်ခြင်၍ ဟောပြသောအခါ ရဟန္တာ ဖြစ်သွားလေသည်။ ဤနေရာတွင် ဘုရားရှင်၏ ညဏ်တော်ကြီးပုံနှင့် မောဟ ကင်းပြီး အရှင်သာရိပုတြာ၏ အချို့အရာ၌ မသိပုံကို သတိပြုခဲ့ပါ။

ဤသို့လျှင် အရှင်သာရိပုတြာသော်မှ မိမိအရာမဟုတ်သော အချက်များကို မသိနိုင်သောကြောင့် ယခုကာလ မသင်ဘူးသောအတတ် စသည်နှင့် ဉာဏ်ကြီးရှင်တို့ အရာကို မသိခြင်းမှာ မောဟ၏ ကာကွယ်မှု မဟုတ်၊ မိမိဉာဏ်ပညာ၏အစွမ်းသတ္တိ နုံ့မှုသာဟုမှတ်ပါ။ ဥပမာ-နေ့လယ်ကြောင်တောင် နေရောင်ရှိတုန်း အခါ၌ အကွယ်အကာ မရှိသော အဝေးအရပ်ကို လှမ်း၍ မမြင်ရခြင်းမှာ တစုံတရာ ကွယ်ကာမှုကြောင့်မဟုတ်၊ မိမိမျက်စိ၍ အစွမ်းသတ္တိ မရှိခြင်းကြောင့်သာ ဖြစ်သကဲ့သို့တည်း။

မောဟ အကြမ်းအနု။။ ထိုပြခဲ့သော မောဟအစစ်တွင် အကုသိုလ်မှန်း၊ ကုသိုလ် အမှန်းကို ခွဲခြား၍ မသိအောင် ဖုံးလွှမ်းထားသော မောဟသည် အတော် ကြမ်းတမ်း ထူထဲ၏၊ ရုပ်နာမ် တရားတို့၏ အနိစ္စ ဒုက္ခ အနတ္တ သဘောကို မသိ၊ သစ္စာ လေးပါးကိုလည်း အတော်အတန် မသိ၊ ပဋိစ္စသမုပ္ပါဒ် အကြောင်းကို မရိပ်မိသော မောဟ မျိုးကား (မောဟအကြမ်းကိုစာလျှင်) အတော် အတန် ပါးလှပ်သော မောဟပေတည်း။ ဤမောဟနှင့် တွဲဖက်၍ဖြစ်သော စိတ်ကို “မောဟစိတ် အမိုက်စိတ်”ဟု ခေါ်၍ ထိုမောဟဓာတ် အားကြီးသူကိုလည်း “လူမိုက်၊ လူမဲ၊ လူမှောင်၊ လူပြိန်း၊ လူအ၊ လူန၊ လူထိုင်း၊ လူရိုင်း၊ လူဖျင်း”ဟု ယခုကာလ ခေါ် ခေါ်ရလေသည်။

ဤလောကကြီးသည် အမှောင်အတိဖြစ်၍နေ၏။ ဤလောကကြီးတွင် သတ္တဝါ အနည်းငယ်သာ ထူးထူးခြားခြားရှုမြင်နိုင်၏။ ပိုက်ကွန်ပြီးမှ လွတ်ထွက်နိုင်သော ငှက်သည် နည်းသကဲ့သို့ ထို့အတူ သေပြီးနောက် နတ်ပြည်ရောက်နိုင်သူမှာ အနည်းငယ်သာ ရှိလေသည်။။ (ဓမ္မပဒ-ပါဠိတော်)

မောဟအကြောင်း ပြီး၏။

(အရှင်ဇာနကာဘိဝံသ၏ ကိုယ်ကျင့်အဘိဓမ္မာမှ ကူးယူတင်ပြသည်။)

မာန ပြင်ဆင်ရန်

မာန ဆိုသည်မှာ ထောင်လွှားခြင်းကို ခေါ်ဆိုခြင်း ဖြစ်သည်။ မာန်တက်နေသည် မာနကြီးနေသည်ဟု ပြောလေ့ ရှိကြသည်။ မာန (၃) မျိုးရှိသည်။

  • သေဌမာန် = "ငါသာမြတ်တယ်" ဟု မာန်တက်ခြင်း
  • သဒိသမာန် = "ငါနှင့် တန်းတူတွေပါပဲ" ဟု မာန်တက်ခြင်း
  • ဟိနမာန် = "ငါကား နိမ့်တယ်၊ဒါပေမဲ့ ဘယ်သူ့မှ ဂရုစိုက်စရာ မလိုဘူး" ဟု မာန်တက်ခြင်း တို့ ဖြစ်သည်။

မာန်တက်ရန် (၃) ချက်မှာ အောက်ပါအတိုင်း ဖြစ်သည်။

  • ဇာတိမာန် = ဇာတိကို စွဲ၍ မာန်တက်ခြင်း
  • ဣဿရိယ မာန် = အစိုးရခြင်း ကို စွဲ၍ မာန်တက်ခြင်း
  • ဂေါတ္တမာန် = အမျိုးအနွယ်ကို စွဲ၍ မာန်တက်ခြင်း တို့ဖြစ်သည်။


မာန အကြောင်း

ထောင်လွှား တက်ကြွခြင်း သဘောသည် မာန်မာန မည်၏။ ထို့ကြောင့် “မာနကားမူ ထောင်လွှားကြွတက်”ဟု ဆိုခဲ့ပေသည်။ မာနဓာတ်ခံ ရှိသူသည် တံခွန်အလံကို စိုက်ထောင်၍ ထားသကဲ့သို့ အများအပေါ်၌ မောက်မော် လို၏။ ကြွတတ ရှိ၏။ ရာထူး ဂုဏ်သိန်၊ စည်းစိမ်ဥစ္စာ၊ ပညာအဆင်း၊ ရောဂါ ကင်းခြင်း စသော ဂုဏ်တို့ဖြင့် သူများထက် သာနေသောအခါ “ငါက သင်းတို့နှင့် တူသလား၊ ငါနှင့် အဖက်တန်သလား”ဟု ကိုယ် ကိုယ်ကို အထင်ကြီးကာ သူတပါးကို အထင်သေးတတ်၏။

သူများထက်မသာပဲ တန်းတူဖြစ်နေလျှင်လည်း မာနဓာတ်ခံရှိနေသူတို့မှာ “သင်းနဲ့ ငါနဲ့ ဘာထူးသေးသလဲ၊ သူ့ လောက်တော့ ငါလဲ ရတာပေါ့”ဟု တန်းတူ ထားလျက် မာန်တက်ပြန်၏။ ရာထူးစည်းစိမ် စသည်တို့က အောက်တန်းကျပြန် လျှင်လည်း မာနဓာတ်ခံရှိနေသူမှာ “သူတို့က ငါထက်သာကော၊ ငါက ဘာအရေးစိုက်ရမှာလဲ၊ ကိုယ့်ရှိမှ ကိုယ်စားရ၊ ကိုယ်လုပ်မှ ကိုယ်ရတာပဲ ဘယ်သူ့ကို ခခယယ လုပ်နေရမှာတုံး”ဟု အံမတုနိုင်သော်လည်း မာန်ပြုလျက်ပင်။

အများဖြစ်တတ်သော မာန်များနှင့် ပယ်ရှားဖို့နည်းလမ်း

ဇာတိမာန်။။ အမျိုးကောင်းသည့်အတွက် မာန်မာနတက်ခြင်းကို “ဇာတိမာန်” ဟုခေါ်သည်။ ယခုခေတ်၌ အတော်အတန် အမျိုးကောင်းသူတွေ ရှိပါပေသည်။ သို့သော်မာန်တက်လောက် ဟန်ကြီးပန်ကြီး လုပ်လောက်အောင် တဘက်သားကို ခြေဖဝါးအောက်ကဟု ထင်လောက်အောင် အမျိုးမကောင်းပါ။ ရှေးက မဟာသွေး မဟာမျိုးဖြစ်၍ တကယ် အမျိုးကောင်းသည်ပင် ဆိုဦးတော့၊ အမျိုးမြတ်သူက မာနမဖက်ပဲ ညက်ညက်ညောညောအပြောချိုကာ အရာရာမှာလိုက်လျောပါမူ အောက်တန်းကျသူတို့ကပိုမို၍ ချစ်ခင်ကြည့်ညို ရိုသေကြမည် မဟုတ်ပါလော။ “အရောဝင်တော့-အရိုသေတန်”ဆိုသကဲ့သို့ အချို့ ရိုင်းစိုင်းသူတို့က အရောဝင်၍ အရိုသေတန်ကောင်း တန်ပေလိမ့်မည်။ သို့သော် ထိုအရိုသေတန်မှုအတွက် ထိုသူ့အပြစ်သာဖြစ်၍ ထိုသူပင် နစ်နာပေလိမ့်မည်။

ဤသို့ အရာရာ ရှေ့နောက် စိစစ်လျက် ဇာတိမာန် မတက်မိအောင် သတိ ဆောင်ကြပါကုန်။

ဓနမာန်။။ အထိုက်အလိုက် ဥစ္စာရှိသူတို့၏ မာန်ကို “ဓနမာန်”ဟု ခေါ်၏။ ယခုအခါ အတော်အတန် ဥစ္စာပေါသူတွေ့ရှိပါပေ၏။ သို့သော် ဥစ္စာနည်းပါးသူများနှင့် အတူမသွားနိုင်၊ အတူမစားနိုင်၊ အတူ စကားမပြောနိုင်လောက်အောင် မကုန်မခန်း ပေါများကြသည် မဟုတ်ပါ။ “မမြင်ဘူး မူးမြစ်ထင်” ဆိုသလို မိမိကိုယ်ကို သဌေး သူကြွယ်ဟုပင် ထင်စေဦးတော့၊ ဆင်းရဲသူဆင်းရဲသားတို့၏ အပေါ်မှာ သဘောကြီးကြီးထား၍ သနားကြင်နာ ကရုဏာသက်တတ်ပါလျှင် သာ၍ပင် ဂုဏ်မရှိပါလော။ မိမိ ပစ္စည်း၌ ဘေးအန္တရာယ် မထူအောင် အကူအညီပင် ရနိုင်သေးသည်မဟုတ် ပါလော။ ဓနရှင်တို့၏ ပြုံးရွှင်သောမျက်နှာ၊ ချိုသာသော စကား အသုံးသည် ဆင်းရဲသားတို့အတွက် အမြိန်ရှက်ဆုံး အမြိုက်ဆေးတမျိုးပင် ဖြစ်နိုင်သည်။

ထို့ကြောင့် ရှေးက ဒါနကုသိုလ် အကျိုးပေး၍ တသက်လျာအတွက် ရရှိသော စည်းစိမ်ကလေးကို နောင်သံသရာ အဝယ် အမျိုးအနွယ်အောက်ကျသွားဖို့အကြောင်း မကောင်းသောမာန၏ အောက်ခံ ပုံသဖွယ် မဖြစ်စေပဲ ဓနရှင်ပီပီ တည်ကြည်သော စိတ်ထားဖြင့် အများ၏ ကိုးစားစရာ ဖြစ်အောင် ကြိုးစား၍ သတိဆောင်ကြပါကုန်။ ယခုတဘဝ ကြီးကျယ်သော စည်းစိမ်သည် ဘေးအန္တရာယ်အလွန်များလှ၏။ ဘေးအန္တရာယ်ကင်းစေကာမူ တသက်လျာမျှသာ သုံးစွဲနိုင်သည်။

“ရွှေအိမ်နန်းနှင့်၊ ကြငှန်းလည်းခံ၊ မတ်ပေါင်းရံလျက်၊ ပျော်စံရိပ်ငြိမ်၊ မင်းစည်းစိမ်ကား၊ သမုဒြာ၊ ရေမျက်နှာထက်၊ ခဏ တက်သည့်၊ ရေပွက်ပမာ၊ တသက်လျာတည်း”၊-[အနန္တသူရိယအမတ်။]

ပညာမာန်။။ စာပေတတ်ကျွမ်းသူတို့၏ မာန်ကို “ပညာမာန်”ဟု ခေါ်၏။ စာပေပညာသည် မသင့်သည်ကို မသင့်မှန်းသိ၍၊ သင့်သည်ကို သင့်မှန်း သိဖို့ရာ အလိမ္မာပေးသော ပညာ၊ ပေါင်းသင်းဆက်ဆံရာ၌ ယဉ်ကျေးဖို့ရန် အလိမ္မာပေး ပညာတည်း။ သို့ပါလျက် ထိုပညာကို အကြောင်းပြု၍ မတော်မတရားကြီးမားသော မာန်မာနဖြစ်ရခြင်းမှာ လွန်စွာ ရှက်ဖွယ်ကောင်းလှ၏။ ယခုကာလ၌ လူများထံမှ တဆင့် သင်ယူ၍ တတ်သိရသော စာပေ ပညာလည်း ထူးခြားသော အတတ် မဟုတ်သေးပါ။ အကြောင်း ညီညွတ်၍ ဆရာကောင်းထံသင်ကြရလျှင် အများပင် တတ်နိုင်ပါ၏။

သို့ဖြစ်၍ အကြောင်း မညီညွတ်သဖြင့် မသင်ကြရသူ၊ အထူးဉာဏ်ထိုင်း သူများကို တွေ့ရသောအခါ မောက်မော် ဝါကြွားမည့် အစား သနားကြင်နာ ကရုဏာသက်ဖို့သာ၊ သို့မဟုတ် တဆင့် သင်ပြပေးဖို့ သင့်ပါသည်။ ရှေးတုန်းက အတော်ထင်ရှားသော ဆရာတော်တပါးသည် လွန်ခဲ့သောဘဝက စိတ်ရှည်လက်ရှည် စာချဘူးသဖြင့် ယခုဘဝမှာ လောက-ဓမ္မ ၂ ဌာန၌ ထင်ရှားကျော်ကြားသော ကျမ်းတတ်ပုဂ္ဂိုလ်ကြီးတပါး ဖြစ်လာရပါသတဲ့။ ထို့ကြောင့် တတ်သိသော ပညာကို သံသရာအတွက် အသုံးပြုကြပါလေ။။

စာပေ ပညာ၏လမ်း ၂-သွယ်။။ ယခုခေတ် အသက်မွေး ဝမ်းကျောင်းနှင့် သက်ဆိုင်သော လမ်း ၂-သွယ် လောကီပညာတို့သည် နဂိုကပင် အသက်မွေးဖို့ လမ်းကိုမှန်းပြီးဖြစ်၍ စိစစ်ဖွယ် မလိုပါ။ သာသနာဝန်ထမ်း ရဟန်းတော်များ၏ ပိဋကစာပေ ပညာမှ လမ်း ၂ သွယ် ဖြာနေပုံကို ထင်ရှား ဦးမည်။

အောက်လမ်း စာပေတတ်လျှင် နာမည်ကြီးလာလိမ့်မည်၊ လှူဒါန်းချင်သူ ပေါလာလိမ့်မည်။ ဆွမ်း သင်္ကန်းကျောင်းတို့ အကောင်း အမွန်ရလိမ့်မည်၊ သူတပါးအပေါ် မောက်မော်နိုင်မည်၊ စာပေတတ်လျှင် မည်သူ့ကိုမျှ လူမထင်ပဲ လုပ်ချင်ရာလုပ်နိုင်မည်။ ဤသို့ စသည်ဖြင့် လောဘ ဒေါသ မာန်မာနကို အခြေခံ၍ စာပေသင်ကြ၏။ တတ်မြောက်သော အခါ၌လည်း မူလရည်ရွယ်ချက်အတိုင်း လာဘ်ပေါအောင်ကြိုးစား၍ သူတပါးအပေT မောက်မော် စော်ကားတက်၏။ ထိုသူ၏ ပညာသင်ကြားမှု ပညာတတ်သိမှုသည် အောက်လမ်းသွားဖို့ အကြောင်း မကောင်းမှုချည်းသာ ဖြစ်သည်။ ထိုကဲ့သို့ စိတ်ထားဖြင့် စာပေသင်ကြားမည့်အစား အိပ်နေခြင်းကပင် တော်သေး၏ဟု ကျမ်းဂန်၌ ဆိုသည်။

အထက်လမ်း။။ စာပေတတ်လျှင် ဘုရားရှင်၏ တရားတော်ကို သိရလိမ့်မည်။ သူတပါးအား တဆင့်ပို့ချမည်။ စာပေပိဋကတ် တည်းဟူသော မှန်အပြင်ဝယ် အစဉ်မပြတ်ကြည့်ရှု၍ မိမိစိတ်နေစိတ်ထားကို ဖြူစင်ဖြောင့်မတ် မြင့်မြတ်အောင် ပြင်ဆင်မည်။ ဤသို့ စသောရည်ရွယ်ချက်ဖြင့် သင်၍ တတ်မြောက်သောအခါလည်း ပစ္စည်းလာဘ်လာဘ ဒကာ ဒကာမ ပေါများမှုကို ဂရုမစိုက်ပဲ မူလရည်ရွယ်ယင်း အတိုင်းပင် ကြိုးစား၏။ ထိုပုဂ္ဂိုလ်၏ စာပေသင်ကြားတတ်မြောက်မှုမျိုးကား အထက်လမ်းသို့ တက်လှမ်းဖို့အကြောင်း အကောင်းချည်းသာ ဖြစ်ပါပေသည်။

အချို့မှာကား စာပေမတတ်ခင်က စိတ်ထားမတတ်၍ စာမေးပွဲအောင်လိုခြင်း၊ နာမည်ကြီးလိုခြင်း စသောရည်ရွယ်ချက်များရှိသော်လည်း စာပေတတ်မြောက် သောအခါ အရာရာ စိတ်ပြောင်း၍ စိတ်ကောင်း နှလုံးကောင်း ရှိ၏။ ထိုပုဂ္ဂိုလ်ကား ရေမပြည့်ခင် ဘောင်ဘင်ခတ်နေသော ရေအိုးသည် ရေပြည့်သောအခါ ငြိမ်သက်လာသလို ဖြစ်သည့်အတွက် အထက်တန်းသို့ တက်လှမ်းဖို့အကြောင်း လမ်းကောင်း ရသူပင်ဖြစ်သည်။ ငယ်ရွယ်သူဟူသမျှကို စာတတ်သောအခါ ဤကဲ့သို့ လမ်းကောင်း ရကြပါစေ။

အဆင်းမာန်။။ အလှဂုဏ်အတွက် မာန်တက်ခြင်းကို “အဆင်းမာန်”ဟု ခေါ်၏။ ရှေးဘဝက ဒေါသနည်းပါးခြင်း၊ ပန်း စသည်ကို လှူဒါန်းခြင်း၊ ဘုရားကျောင်းဝင်း စသည်တို့၌ အမှိုက်သုတ်သင်ရှင်း လင်းခြင်းစသော ကုသိုလ်ကောင်းမှုကြောင့် ယခုဘဝ၌ “ပရိသတ်အလယ် တင့်တယ်ဝင်းစက် အဆင်းထွက်ခြင်းမှာ မာန်တက်မည်ဆိုလျှင် တက်လောက် ပါပေသည်။

သို့ရာတွင် မိမိအဖြစ်ဟောင်းကို ပြန်ပြောင်း၍ မှန်းဆသောအခါ ဒေါသ ကင်းစင် စိတ်ကြည်လင်၍ ရေလှူ-ပန်းလှူခြင်း စသောကုသိုလ်ကောင်းမှုရှင် သူတော်စင် ဖြစ်ခဲ့ဖူးရကား ယခုဘဝရောက်မှ အလှဂုဏ်မာန်တက်၍ သူတပါး အဖက်မထင်နိုင်အောင် ဟန်ကြီးပန်ကြီး မလုပ်သင့်ပါ။ လှပသော ကိုယ်တွင်း၌ သန့်ရှင်းသောစိတ်အစဉ်ကို မွေးမြူကာ အရာရာသိမ်မွေ့လျက် ဣန္ဒြေရှင် သူတော်စင်ဖြစ်အောင် သတိထား၍ ကြိုးစားသင့်ပါသည်။

အချုပ် သတိပေးချက်။။ အချုပ်မှာ နိဗ္ဗာန် စံဝင်ပြီးသော သူတော်စင်ကြီးတို့သည် ယခု ပြခဲ့သော ဇာတိမာန် စသည်တို့ တက်မည် ဆိုလျှင် မိုးထိအောင် လှေကား မထောင်ပဲ တက်နိုင်ကြပေ၏။ မာန်တက်လောက်အောင်ပင် ဘုရင် မိဖုရားတို့၏ လက်ပေါ်တွင် ကြီးပွားရသော မင်းညီ မင်းသားများ ဖြစ်ကြသည်။ ပညာဘက်ကလည်း မဟောသဓာ သုခမိန် စသည်ဖြင့် ကမ္ဘာ့စံချိန် ချိုးတော်မူခဲ့သည်။ အမျိုးသမီးများဘက်ကလည်း ဥပ္ပလဝဏ်၊ ခေမာ၊ ယသော်ဓရာ စသော သူတော်ကောင်း အမျိုးသမီးတို့မှာ အမျိုး ဥစ္စာ ပညာဘက်၌သာမက၊ အလှဘက်ကလည်း တကမ္ဘာလုံး၏ မျက်နှာဖုံးများ ဖြစ်ကြပေသည်။

ထိုမျှလောက် အထက်တန်းကျသော အမျိုးသား အမျိုးသမီးတို့သည် သူတို့၏ မျိုးရိုးဇာတိ စသည်တို့အတွက် မာန်မာန မတက် ကြပါပဲလျက် “သည်လိုယုန်တော့-ချုံတိုင်းတွေ့နိုင်”တဲ့ အစား၊ “တံငါစာ၍-ငါသာသာ” ရှိသူများက ရှိစု မဲ့စု-စု၍ရသော ဇာတိ ပညာ ဥစ္စာ အဆင်းဖြင့် “ကြက်ဆူပင်မင်းမူ” နေခြင်းမှာ နက်နက်နဲနဲ တွေးလျှင် လေးလေးပင်ပင် ရှက်ဖွယ်ပါတကား။

ထို့ကြောင့် နှလုံးလေပင့်၍ ဘဝင်မြင့်သူအား ထောင်လွှား တက်ကြွ မာန်မာန ဖြစ်ခြင်းသည် သူတပါးတို့ မြင်ပြင်းကတ်ဖွယ်ရာ အကျိုးမဲ့ကိုသာ ဖြစ်စေရုံမက၊ နောက်နောက်ဘဝတို့၌ အမျိုးညံ့ဖို့ အကြောင်း မကောင်း သက်သက်ဖြစ်ရကား ဇာတိ ပညာ ဥစ္စာ အဆင်းအားဖြင့် ရောက်သင့်သလောက် အထက်တန်း ရောက်နေသော်လည်း နောက် နောက် ဘဝ အဆင့်ဆင့်၌ မြင့်သည်ထက်မြင့်ဖို့ အရေးကိုသာ ရွယ်ကိုး၍ “အစွယ်ကျိုသောမြွေ၊ ဦးချို ကျိုးသော နွား၊ ခြေသုတ်ပုဆိုး အလား”ကဲ့သို့ တက်ကြွားသော မာန်စွယ်ကို နုတ်ပယ် နှိမ်ချိုးနိုင်ကြပါစေသား။

(အရှင်ဇာနကာဘိဝံသ၏ ကိုယ်ကျင့်အဘိဓမ္မာမှ ကောက်နှုတ်တင်ပြသည်။)

ဒိဋ္ဌိ ပြင်ဆင်ရန်

ဒိဋ္ဌိ ( မိစ္ဆာ ဒိဋ္ဌိ ) = အယူမှားခြင်း ဒိဋ္ဌိ ၆၂ ပါး ရှိသော်လည်း ၃ ပါး၊ နိယတ (၄) ပါး။ (၁၀)ပါး၊ (၁၁)ပါး စသဖြင့် ဆရာတော်များ သင့်သလိုဟောပြောကြသည်။ ဒိဋ္ဌိသည် ရှစ်ပါးသော တရားများအပေါ်တွင် အမှီပြု၍ ဖြစ်တတ်သည်။ (က) ခန္ဓာ ကိုယ်နဲ့ ပတ်သက်၍ ၎င်း၊ (ခ) သစ္စာ (၄) ပါး နဲ့ ပတ်သက်၍ ၎င်း၊ (ဂ) အတွေ့အထိနဲ့ ပတ်သက်၍ ၎င်း၊ (ဃ) မှတ်သားမှု နဲ့ ပတ်သက်၍ ၎င်း၊ (င) အကြံအစည် နဲ့ ပတ်သက်၍ ၎င်း၊ (စ) နှလုံးသွင်းမှု နဲ့ ပတ်သက်၍ ၎င်း၊ (ဆ) မိုက်မဲသူများနှင့် ပေါင်းသင်းမိ၍၎င်း၊ (ဇ) သူတပါး၏တရားစကား နဲ့ ပတ်သက်၍ ၎င်းဒိဋ္ဌိဖြစ်လာတတ်သည်။


ဒိဋ္ဌိ အကြောင်း

မှားမှားယွင်းယွင်း သိမြင်ခြင်းသည် ဒိဋ္ဌိ မည်၏။ ထို့ကြောင့် “မှားသော အမြင်-ဒိဋ္ဌိတွင်သား”ဟု ဆိုခဲ့သည်။ ဤ အသိအမြင် မှားနေခြင်းကိုပင် ယခုကာလ၌ “အယူမှားနေခြင်း”ဟု ခေါ်ကြ၏။ ဤ ဒိဋ္ဌိသည် မရှိသည်ကို အရှိ၊ ရှိသည်ကိုမရှိ၊ မဟုတ်သည်ကို အဟုတ်၊ ဟုတ်သည်ကို မဟုတ်”ဟု သိမြင်နေရုံမက “သူ၏အယူက အမှန်၊ သူများ အယူတွေ တလွဲ” ဟုပင် စွပ်စွဲတတ်သေးသည်။

ထိုတွင် ဤကမ္ဘာလောကကြီးနှင့် သတ္တဝါတွေကို ဖန်ဆင်းသူ မရှိပဲလျက် ဖန်ဆင်းသူရှိ၏ဟု သိမြင်ခြင်း၊ သတ္တဝါတို့၏ ကိုယ်ခန္ဓာအတွင်း၌ အတ္တခေါ်သော အသက်ကောင် မရှိပဲလျက် “အတ္တရှိ၏၊ အသက်ကောင် ရှိ၏”ဟု သိမြင်ခြင်းသည် မရှိသည်ကို အရှိ”ဟု သိမြင်သော ဒိဋ္ဌိတည်း။ သတ္တဝါတို့ သန္တာန်၌ ပြုပြုသမျှ ကုသိုလ်ကံ အကုသိုလ်ကံသည် နောင်ခါ အကျိုးပေးရန် သတ္တိ ကျန်ရှိပါလျက် ထိုကုသိုလ်ကံ အကုသိုလ်ကံ မရှိဟု သိမြင်ခြင်း၊ ထိုကံ၏ အကျိုးကို အကောင်းအဆိုး အမျိုးမျိုးခံစားရပါလျက် “ကံ၏အကျိုးမရှိ”ဟု သိမြင်ခြင်း၊ ရုပ်နာမ်တရားတို့၏ ချုပ်ငြိမ်းခြင်း ဟူသော နိဗ္ဗာန်တရား ရှိပါလျက် နိဗ္ဗာန်မရှိဟု သိမြင်ခြင်း၊ နိဗ္ဗာန်မရသေးသမျှ ရောက်ရဦးမည့် နောက်ဘဝရှိ ပါလျက် တမလွန် (နောက်နောက်ဘဝ) မရှိဟု သိမြင်ခြင်းသည် “ရှိသည်ကို မရှိ”ဟု သိမြင်သော ဒိဋ္ဌိတည်း။

သတ္တဝါတွေကို သတ်၍ ယဇ်နတ် ပူဇော်ကြခြင်းသည် အင်မတန်ကြီးကျယ်သော ကောင်းမှုကုသိုလ်ကြီးပေတည်း။ အလွန်အေးမြသောကာလ၌ ရေချိုးခြင်း၊ အလွန်ပူအိုက်သောကာလ၌ နေ့လယ်ကြောင်တောင်ဝယ် မီးလေးဖိုအလယ်၌ နေ၍ ကိုယ်ကိုမီးကင်ခြင်း၊နွားလိုနေခြင်း၊ ခွေးလိုနေခြင်း စသော အကျင့်များသည် ကိလေသာ စင်ကြယ်ဖို့အကြောင်း ကောင်းသောအကျင့်တည်း။ ကောင်းသော အချိန်အခါဝယ် ဂင်္ဂါမြစ်ရေ၌ အပြစ်တွေကို မျှောရခြင်းသည်ပြုမိသော အပြစ်များ၏ စင်ကြယ်ဖို့အကြောင်း ကောင်းသော အကျင့်တည်း။ ဤသို့ စသည်ဖြင့် သိမြင်နေခြင်းသည် “မဟုတ်သည်ကို အဟုတ်”ဟု သိမြင်သော ဒိဋ္ဌိတည်း။

ဒါန သီလ ဘာဝနာများကို ပြုခြင်းသည် သုဂတိဘဝသို့ ရောက်ကြောင်း၊ နိဗ္ဗာန်ကို သိမြင်ဖို့အကြောင်း ကောင်းသောအကျင့် မဟုတ်ဟု သိမြင်ခြင်းသည် “ဟုတ်သည်ကို မဟုတ်”ဟု သိမြင်သော ဒိဋ္ဌိတည်း။ ဤသို့ စသည်ဖြင့် ဒိဋ္ဌိ၏ အမှားသိပုံမှာ လွန်စွာ အရာကျယ်လေသည်။ ဤ ဒိဋ္ဌိနှင့်တကွဖြစ်သော စိတ်ကို “ဒိဋ္ဌိစိတ်”ဟု ခေါ်၍ ထိုအယူမှားရှိသူကို “မိစ္ဆာဒိဋ္ဌိ”ဟု ခေါ်ကြသည်။ နောက်နောက် စေတသိက်များ၌လည်း တွဲဖက်စိတ်နှင့် ပုဂ္ဂိုလ် အပေါ်မှာ ထိုက်သလို နာမည်ရပုံကို သိပါ။

(အရှင်ဇာနကာဘိဝံသ၏ ကိုယ်ကျင့်အဘိဓမ္မာမှ ကောက်နှုတ်တင်ပြသည်။)

ဝိစိကိစ္ဆာ ပြင်ဆင်ရန်

ဝိစိကိစ္ဆာ ဆိုသည်မှာ တွေးတော ယုံမှားခြင်းသဘော၊ သို့လော သို့လော စိတ်နှစ်ခွဖြစ်ခြင်းသဘောကို ခေါ်ဆိုခြင်း ဖြစ်သည်။ (ဝိစိကိစ္ဆာ သည်လည်း ရှစ်ပါးသော တရားများပေါ်တွင် အမှီပြု၍ ဖြစ်တတ်သည်) (က) ဘုရားရှင်၏ ၃၂-ပါးသော လက္ခဏာတော်များ၊ ဉာဏ်တော်များ နဲ့ ပတ်သက်၍၎င်း၊ (ခ) သစ္စာ (၄) ပါး၊ မဂ်၊ ဖိုလ်၊နိဗ္ဗာန် သည် သံသရာမှ တကယ် လွတ်/မလွတ် နဲ့ ပတ်သက်၍ ၎င်း၊ (ဂ) အရိယာပုဂ္ဂိလ် နဲ့ ပတ်သက်၍ ၎င်း၊ (ဃ) သီလ၊ သမာဓိ၊ ပညာ ဟူသော သိက္ခာ (၃) ပါးနဲ့ ပတ်သက်၍ ၎င်း၊ (င) အတိတ်၌ ခန္ဓာ၊ အာယတန ဖြစ်/မဖြစ် နဲ့ ပတ်သက်၍ ၎င်း၊ (စ) အနာဂတ်၌ ခန္ဓာ၊ အာယတန ဖြစ်/မဖြစ် နဲ့ ပတ်သက်၍ ၎င်း၊ (ဆ) သံသရာ တလျှောက်လုံး ခန္ဓာ၊ အာယတန ဖြစ်/မဖြစ် နှင့် ပေါင်းသင်းမိ၍၎င်း၊ (ဇ) ပဋိစ္စသမုပ္ပါဒ် တရားတော် နဲ့ ပတ်သက်၍ ၎င်း ဝိစိကိစ္ဆာ ဖြစ်လာပါတယ်။ ဒိဌိ နဲ့ ဝိစိကိစ္ဆာ ကို ပယ်သတ်နိုင်သူဟာ သောတာပန် ပုဂ္ဂိလ်ဖြစ်ပါပြီ။

ထိနမိဒ္ဓ ပြင်ဆင်ရန်

ထိနမိဒ္ဓ = ထိုင်းမှိုင်းခြင်း၊ ငိုက်မျဉ်းခြင်း။

ဥဒ္ဓစ္စ ပြင်ဆင်ရန်

ဥဒ္ဓစ္စ = စိတ်ပျံ့လွင့်ခြင်း။

ဥဒ္ဓစ္စ အကြောင်း

စိတ်၏ ပျံလွင့်ခြင်း၊ မငြိမ်သက်ခြင်း သဘောသည် ဥဒ္ဓစ္စတည်း။ ထို့ကြောင့် “မှတ်ယူပျံ့လျက်-မငြိမ်သက်ထ-ဥဒ္ဓစ္စနှင့်”ဟု ဆိုခဲ့သည်။ “ပျံ့လွင့်” ဆိုသည်ကား ပြာပုံပေါ်၌ ခဲကျသောအခါ ပြာတွေ လွင့်တက်သကဲ့သို့ အာရုံတခုခု အပေါ်၌ ငြိမ်သက်စွာ မတည်နိုင်ပဲ ဟိုအာရုံရောက်လိုက်၊ သည်အာရုံရောက်လိုက် ဖြစ်နေခြင်းတည်း။ ထိုဥဒ္ဓစ္စနှင့် အတူတကွ ဖြစ်သော စိတ်လည်း စိတ်လေ စိတ်လွင့်ဖြစ်၍ ဥဒ္ဓစ္စ အားကြီးနေသောအခါ ကိုယ်ခန္ဓာလည်း မငြိမ်မသက် ဖြစ်နေရကား လူလေလူလွင့် လူ့ ဘော်ကျော့ ဖြစ် တတ်လေသည်။

နန္ဒထေရ် စိတ်မတည်ပုံ။။ ဇနပဒကလျာဏီနှင့် လက်ထပ်မင်္ဂလာ ပြုမည့်ဆဲဆဲမှာ နန္ဒမင်းသားကို ဘုရားရှင် ခေါ်လာ၍ ရဟန်းပြုပေးလေရာ ရဟန်း တရား၌ ငြိမ်သက်စွာ မတည်နိုင်ပဲ စိတ်လွင့်ပါး၍ ဇနပဒ ကလျာဏီ အထံသို့ မကြာခဏ စိတ်ရောက်သွားလေသည်။ ဤဝတ္ထု၌ ရဟန်း တရားဝယ် ငြိမ်သက်စွာ မတည်ခြင်းမှာ ဥဒ္ဓစ္စ သဘောပင်တည်း။

ဥဒ္ဓစ္စ သတ္တိ ညံ့ပုံ။။ ဤ ဥဒ္ဓစ္စသည် သူ့ပင်ကို သဘောအားဖြင့် မည်သည့် အာရုံ၌မျှ တည်တည်တံ တံ မရှိ။ ဟိုအာရုံရောက်လိုက်၊ သည်အာရုံရောက်လိုက်နှင့် ပျံ့လွင့်နေရကား မကောင်းတရား အကုသိုလ် တရားဟု ဆိုရစေကာမူ မည်သည့် ဒုစရိုက်ကိုမျှ ထိထိမိမိ မပြုသောကြောင့် လောဘ ဒေါသ စသည်တို့ကဲ့သို့ အပါယ် ချနိုင်လောက်အောင် သတ္တိ မကြီးမချေ။

(အရှင်ဇာနကာဘိဝံသ၏ ကိုယ်ကျင့်အဘိဓမ္မာမှ  ကောက်နှုတ်တင်ပြသည်။)

အဟိရိက ပြင်ဆင်ရန်

အဟိရိက = မကောင်းမှုလုပ်ရမှာ မရှက်ခြင်း။

အဟိရိက အကြောင်း

မရှက်ခြင်းသဘောသည် အဟိရိကတည်း၊ ထို့ကြောင့် “အဟိရိက-မရှက်စွတည့်”ဟု ဆိုခဲ့သည်။ အကုသိုလ်ဒုစရိုက်ဟူသမျှ မစပ်ဘင်ပုပ်နှင့်တူ၏။ အဟိရိကကား ရွာဝက်ကြီးနှင့် တူလေသည်။ ချဲ့ဦးအံ့--မစင်သည်စက်ဆုပ်ရွံရှာဖွယ် ကောင်းလှ၏၊ မတော်တဆ လူးမိပြန်လျှင် ပရိသတ်အလယ်မှာ ရှက်ဖွယ်ရာကြီးတည်း။ သို့သော် မစင်ကို အမွန်အမြတ်အစာဟု ထင်နေသော ရွာဝက်ကြီးကား ထိုမစင်ကို မစက်ဆုပ် မရွံရှာ၊ မစင်လူးမှာလည်း မရှက်။ မစင်ထဲ၌ လူးကာလှိမ့်ကာ မစင်များများ စားရသည်ကိုပင် ဂုဏ်တမျိုးတက်သည်ဟု မှတ်ထင်လေသည်။

ထို့အတူ ပါဏာတိပါတ စသော ဒုစရိုက်တရားစုတို့သည် သူတော်ကောင်းတို့၏ သဘောဖြင့် ကြည့်လျှင် အင်မတန်စက်ဆုပ် ရွံရှာဖွယ်ကောင်း၏။ မတော် တဆပြုမိပြန်လျှင်လည်း သူတော်စင် ပရိသတ်တို့၏ အလယ်မှာ ရှက်ဖွယ်သာ ဖြစ်၏။ သို့သော် အဟိရိက သဘောကား ထိုဒုစရိုက်တို့ကို စက်ဆုပ်ရွံရှာခြင်း လည်းမရှိ၊ ပြုမိသော်လည်းမရှက်တတ်ချေ။ စင်စစ်မှာ အဟိရိကသမား အရှက်မရှိ သူများအလယ်၌ ဒုစရိုက်များများပြုနိုင်သည်ကိုပင် “ကြီးကျယ်သော ဂုဏ်တမျိုး”ဟု မှတ်ထင်နေလေသည်။

မောဟဖြစ်လျှင် ဤအဟိရိက သဘောလည်း ပါဝင်လာသဖြင့် ပညာရှိများပင် ဒုစရိုက်မှုကို မရှက်တမ်း ပြုမိကြလေတော့သည်။ ဤစကား မှန်မမှန်ကို ပညာရှိ အခေါ်ခံရသူတိုင်း ကိုယ်တွေ့အမှုများဖြင့် စဉ်းစား၍ကြည့်ကြပါလေ။

ဟရိတစဝတ္ထု မှတ်ချက်။။ မောဟအခန်း၌ ပြခဲ့သော ဟရိတစ ရှင်ရသေ့၏ ပြုမူပုံ၌ ဤအဟိရိက သဘောလည်း ပေါလောပေါ်အောင်ထင်ရှား၏။ အရှင်ရသေ့ကား ဈာန်အဘိညာဉ်ရသော ပထမတန်း သူတော်ကောင်းကြီးဖြစ်၏။ ပြုကျင့်သော အမှုကလည်း နန်းတော်ကြီး၏ အထက်ထပ်ဝယ် မောင်းမမိဿံတို့၏ အလယ် တကယ်ရှက်စရာ ကောင်းသော ကာမမှုကြီးပေတည်း။ ထိုမျှလောက် မဖွယ်ရာသောကိစ္စကိုပင် မောဟကလည်းဖုံးလွှမ်း၊ အဟိရိကကလည်း မရှက်တမ်းပင် ဖြစ်နေသောကြောင့် လက်စွမ်းကုန်ယွင်းမှား၍ မကြားကောင်း မနာသာ ဖြစ်ရရှာလေတော့သည်။

အကုသိုလ်မှန်လျှင် ရှက်ဖွယ်။

။ ကာမမှုသာမဟစ်အော်ကောင်းမှု  ဒုစရိုက်မှန်လျှင် ဤ  ပရိသတ် အလယ်၌ ရှက်ဖွယ် မဟုတ်သေး။ အပြင်းအထန် စိတ်ဆိုးသဖြင့်  ငေါက်ငန်း ကြမ်းတမ်းစွာ ဆဲဆိုသော ဒေါသ၊ နှလုံးကိုလေပင့်၍ ဘဝင် မြင့်သော အရူးကဲ့သို့ ထောင်လွှား ကြွတက် သူတပါးကို အဖက်မထင် စိတ်ကြီးဝင်သောမာန၊ ငြူစူစောင်းမြောင်း မကောင်းပြစ်တင် ကဲ့ရဲ့ ချင်သော ဣသာမှု စသည်များလည်း စက်ဆုပ် ရွံရှာ ရှက်ဖွယ်ရာ ကောင်းလှပေသည်။ ထို့ကြောင့် ဒုစရိုက် မကောင်းမှုမှန်လျှင် အားလုံးပင် ရှက်ဖွယ်ချည်းဟုမှတ်ပါ။ ဤ အဟိရိကနှင့်အတူဖြစ်သော စိတ်ကိုလည်း “အဟိရိကစိတ်= မရှက်စိတ်”ဟု ခေါ်၍ ဒုစရိုက်အမှုပြုနေသူကိုလည်း “အရှက်မရှိသူ”ဟု ခေါ်ဝေါ်ရလေသည်။

(အရှင်ဇာနကာဘိဝံသ၏ ကိုယ်ကျင့်အဘိဓမ္မာမှ ကောက်နှုတ်တင်ပြသည်။)

အနောတ္တပ္ပ ပြင်ဆင်ရန်

အနောတ္တပ္ပ = မကောင်းမှုလုပ်ရမှာ မကြောက်ခြင်း။


အနောတ္တပ္ပ အကြောင်း

မကြောက်မလန့်ခြင်း သဘောသည် အနောတ္တပ္ပတည်း။ ထို့ကြောင့် “အနောတ္တပ္ပ-မလန့်ဟူ၏”ဟု ဆိုခဲ့ရပေသည်။ အကုသိုလ် ဒုစရိုက်တွေသည် မီးတောက်မီးလျှံ တွေနှင့်တူ၏။ အနောတ္တပ္ပကား ပိုးပရန်နှင့်တူလေသည်။ ချဲ့ဦးအံ့--မီးတောက် မီးလျှံသည် ကြောက်မက်ဖွယ် အလွန်ကောင်း၏။ သို့သော် “ပိုးပရန်”ဟု ခေါ်သော ပိုးကောင်ကလေးကား ထိုမီးလျှံကို ကြောက်၍ ဖွယ်ဟု မထင်ပဲ ရဲရဲကြီးတိုးကြလေသည်။ ထို့အတူ အကုသိုလ် ဒုစရိုက်များသည်လည်း ဘေးဒုက္ခအမျိုးမျိုးကို ဖြစ်စေတတ်သည့်အတွက် ကြောက်မက်ဖွယ် ကောင်းလှ၏။ သို့သော် ထိုဒုက္ခဘေးတွေကို မောဟက ဖုံးကွယ် ထားမှုအတွက် အနောတ္တပ္ပက ကြောက်လန့်ဖွယ်ကို မမြင်တော့ပဲ ရဲရဲကြီး ပြုဝံ့လေသည်။ အကုသိုလ် ဒုစရိုက်များနှင့် စပ်၍ တွေ့ရတတ်သော ဘေးတို့ကား

၁။ အတ္တာနုဝါဒဘေး-သူတပါးက “ငါ့ကို လူကြီး လူကောင်း၊ သူတော်ကောင်း”ဟု အထင်ကြီးကြသော်လည်း ငါ့အကြောင်းကို ငါသာ သိ၏။ ငါသည် သူတို့ ထင်သလို ကောင်းသော သူတော်ကောင်း မဟုတ်ချေ။ “မကောင်းမှု ဒုစရိုက်များကို ခိုးကြောင် ခိုးဝှက် ပြုလုပ်လေ့ရှိသော လူယုတ်မာ တယောက် ဖြစ်သည်”ဟု မိမိကိုယ်ကို မိမိ ပြန်၍ စွပ်စွဲ ကဲ့ရဲ့ခြင်း၊ မိမိကိုယ်တိုင် မကြည်ညိုနိုင်ခြင်း ဘေးတည်း။ [အတ္တ=မိမိကိုယ်ကို+အနုဝါဒ=စွပ်စွဲခြင်း။]

၂။ ပရာနုဝါဒဘေး-“အကုသိုလ် ဒုစရိုက်များကို ပြုနေသော လူယုတ်မာပဲ”ဟု သူတပါးတို့က စွပ်စွဲကဲ့ရဲ့ခြင်း၊ အထင်သေး အမြင်သေး ခံရခြင်းဘေးတည်း။ [ပရ= သူတပါးတိုက+အနုဝါဒ= စွပ်စွဲခြင်း]။

၃။ ဒဏ္ဍဘေး-အကုသိုလ်ကို ပြုလျှင် ယခုဘဝမှာပင် “သူ့ကို သတ်မိ၍ ကိုယ်ကိုလည်း အသတ်ခံရခြင်း၊ သူ့ဥစ္စာခိုးမိ၍ ဥစ္စာရှင်၏ ရိုက်နှက် သတ်ပုတ်ခံရခြင်း၊ သူ့ အိမ်ရာကို ပြစ်မှားမိ၍ အသတ်ခံရခြင်း၊ မှုပြစ် ထင်ရှားသဖြင့် ထောင်ကျရခြင်း” စသော ဒုက္ခဘေးရန် အပြစ်ဒဏ်အမျိုးမျိုး ခံကြရခြင်း ဘေးတည်း။။

၄။ ဒုဂ္ဂတိဘေး-အကုသိုလ် ဒုစရိုက်ကို ပြုထားမိသည့်အတွက် သေခါနီးမှ အကြီးအကျယ် နောင်တရ၍ နောက်ဘဝ၌ အပါယ်လေးပါးတည်း ဟူသော မကောင်းသောဂတိသို့ ရောက်ရမည့်ဘေးတည်း။

အကုသိုလ်ကို ပြုထားမိလျှင် လူပါး လူနပ် လူလည်ဖြစ်၍ ရှေ့ဘေးကြီး ၃-ပါးမှ လွတ်အောင် တိမ်းရှောင် နိုင်စေကာမူ နောင် သံသရာအရေး ဒုဂ္ဂတိ ဘေးမှ လွတ်အောင်ကား ရှောင်နိုင်ရန် ခဲယဉ်းလှသောကြောင့် အကုသိုလ် ဒုစရိုက်မှန်က အလွန်ကြောက်ရွံ့ ထိတ်လန့်ဖွယ် ကောင်းလှ၏။ သို့သော် အနောတ္တပ္ပ ဝင်လာသောအခါ နဂိုက ဒုစရိုက်ကို ကြောက်ရွံ့တတ်သော သူတော်ကောင်း များပင် ဤမျှလောက် ကြောက်ဖွယ် ကောင်းသော ဒုစရိုက်မှုကို မကြောက်မရွံ့ ရဲဝံ့စွာ ပြုမိကြလေတော့သည်။

ဟိရိတစဝတ္ထု မှတ်ချက်။။ ဤနေရာ၌လည်း အလောင်းတော်ကြီး ဟရိတစရှင်ရသေ့၏ အမှုသွားကိုပင် ထပ်မံ၍ စဉ်းစားသင့်ပေသည်။ ရှင်ရသေ့၏ အမှုဝယ် ကြောက်ရွံ့ဖွယ်များလှ၏။ မိမိကိုယ်ကို မိမိမကြည်ညိုနိုင်သော အတ္တာနုဝါဒဘေးမှာ ပြောဖွယ်ရာ မရှိပြီ၊ “ဘုရင်၏ ဆရာတော် အရှင်ရသေ့က မိဖုရားကို ပြစ်မှားသတဲ့” ဟူသော သတင်းဆိုးကြီးကား ဘုရင် မရှိတုန်းဝယ် တမြို့လုံးနှံနှင့်လေသောကြောင့် သူတပါးတို့၏ အစွပ်စွဲ အကဲ့ရဲ့ ခံရခြင်း ဟူသော ပရာနုဝါဒဘေးလည်း လက်ငင်းဒိဋ္ဌိတွေ့ကြုံလျက် ရှိလေပြီ။

ထို ရှင်ဘုရင်သာ အရှင်အာနန္ဒာအလောင်း ပါရမီဖြည့်ဖက် သူတော်ကောင်း မဟုတ်ပါမူ မိမိကြင်ရာတော်ကို စော်ကားသည့်အတွက် ရသေ့၏ အသက်ကို မြက်တပင်လောက်မျှ ပမာဏပြုမည်မဟုတ်။ ရှင်ဘုရင်က သူတော်ကောင်းဖြစ်၍သာ ဒဏ္ဍဘေးမှ သီသီကလေး လွတ်ခဲ့ရသည်။ ထိုမျှလောက် အသက် ဘေးနှင့် အရေးတကြီး နီးကပ်နေသော ကာမမှုကိုပင် အနောတ္တပ္ပ ဝင်လာ သည့်အတွက် မည်သူ့ကိုမျှ ထီမထင်တော့ပဲ ပြုရဲလေတော့၏။ ဤအနောတ္တပ္ပနှင့် အတူဖြစ်သော စိတ်ကို “အနောတ္တပ္ပစိတ်”ဟု ခေါ်သည်။

ရွာဝက်သည် မစင်ကို မရွံ့သကဲ့သို့၊ အရှက်မရှိသူသည် မကောင်းမှုကို မရွံ့....။

ပိုးပရန်ကောင်သည် မီးလျှံကို မကြောက်သကဲ့သို့၊ ဩတ္တပ္ပ မရှိသူလည်း မကောင်းမှုမှ မကြောက်။ (ဋီကာကျော်)

( အရှင်ဇနကာဘိဝံသ၏ ကိုယ်ကျင့်အဘိဓမ္မာမှ ကောက်နှုတ်တင်ပြသည်။)

ကိလေသာ ၁၅၀၀ ဖြစ်ပုံ ပြင်ဆင်ရန်

ဒါတွေဟာ ကိလေသာ ( ၁၀ ) ပါး (အပြား ၁၅၀ဝ )ဖြစ်ပါတယ်။

၁၅၀ဝ ဖြစ်ပုံကတော့ နာမ်-နိလက် ကိုခံ၊ သန်-ကိလေ နဲ့ မြှောက်လို့ မှတ်ထားဖူးပါတယ်။

နာမ် ဆိုတာ စိတ် - ၁၊ စေတသိက် ၅၂ ဟူသော နာမ်တရား ၅၃၊

နိ ဆိုတာ - နိပ္ဖန္နရုပ် ၁၈ ပါး။

လက် ဆိုတာ - လက္ခဏာရုပ် ၄ ပါး။ စုစုပေါင်း ၇၅ ပါးကို တည်ထားပြီး၊

သန်၊ ဆိုတဲ့ အဇ္ဈတ္တ၊ဗဟိဒ္ဓ သန္တာန် (၂) ပါးနှင့်မြှောက်၊ ရလဒ်ကို ကိလေသာ (၁၀)ပါးနှင့် ထပ်မြှောက် ရင် အားလုံး ကိလေသာ (၁၅၀ဝ)ဖြစ်သွားပါတယ်။

ကိုးကား ပြင်ဆင်ရန်

ပြင်ပလင့်ခ်များ ပြင်ဆင်ရန်