ကိုကို (စာရေးဆရာ)

(ကိုကို၊ စာရေးဆရာ မှ ပြန်ညွှန်းထားသည်)

ဧရာဝတီတိုင်းမြောင်းမြမြို့၌ အဖ မြောင်းမြခရိုင် ထောက်ပံ့ရေး အရာရှိ ဦးထွန်းတင်၊ အမိ ဒေါ်ငြိမ်းရှင် တို့က ၁၉၂၂ ခု မေလ ၂၁ ရက်နေ့တွင် မွေးဖွားသည်။ အကြီးဆုံးသား ဖြစ်သည်။ အမည်ရင်းမှာ ဦးကိုကို ဖြစ်သည်။

ကိုကို
အမည်ရင်းမောင်ကိုကို
မွေးဖွား၁၉၂၂-ခု၊ မေလ (၂၁) ရက်နေ့
ဧရာဝတီတိုင်း၊ မြောင်းမြမြို့
ကွယ်လွန်၁၉၉၂ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့
လူမျိုးဗမာ
နိုင်ငံသား မြန်မာ
မိဘဦးထွန်းတင် + ဒေါ်ငြိမ်းရှင်
ကိုးကွယ်မှုဗုဒ္ဓဘာသာ


၁၉၃၈ ခုနှစ်တွင် မြောင်းမြ ခရိုင် ကျောင်းသား သမဂ္ဂ အတွင်းရေးမှူးနှင့် တို့ဗမာ အစည်းအရုံး ခေါင်းဆောင် တဦး ဖြစ်ခဲ့သည်။ ၁၉၄ဝ ပြည့်နှစ်တွင် ရန်ကုန်သို့ ရောက်သည်။ ဆယ်သန်း သတင်းစာတွင် ညအယ်ဒီတာ အဖြစ် လုပ်ကိုင်သည်။ ၁၉၄ဝ - ၄၁ တွင် မြန်မာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂ ဗဟို အလုပ်အမှုဆောင်၊ ၁၉၄၁ - ၄၂ တွင် မြောင်းမြ ခရိုင် မြေအောက် တော်လှန်ရေး လုပ်ငန်း၌ နိုင်ငံရေးနှင့် စစ်ရေး၊ ထောက်လှမ်းရေး တာဝန် တို့ကိုပါ ပူးတွဲ ထမ်းဆောင် ခဲ့သည်။ ကွန်မြူနစ် ပါတီမှ ပထမဆုံး ထုတ်ဝေသော "အရေးတော်ပုံ" စာတမ်း များကို ဖြန့်ချိ ခဲ့သည်။ ၁၉၄၄ တွင် အထက် ဗမာပြည် ကွန်မြူနစ် ပါတီဝင်၊ ၁၉၄၅ တွင် မန္တလေး ခရိုင် ကွန်မြူနစ် ပါတီ ခရိုင် ကော်မတီ တာဝန် ယူခဲ့သည်။ ဖက်ဆစ် တော်လှန်ရေး ကာလတွင် ဗိုလ်မှူး ဗထူး တပ်၌ ဝါဒ ဖြန့်ချိရေးမှူး တာဝန်ကို ထမ်းဆောင် ခဲ့သည်။ တော်လှန်ရေး အပြီးတွင် မန္တလေး ခရိုင် ကွန်မြူနစ် ပါတီ ခရိုင် ကော်မတီဝင် ဖြစ်လာ ခဲ့သည်။ ၁၉၄၈ တွင် 'သတင်းလွှာ' ညနေ သတင်းစာ အယ်ဒီတာ တာဝန် ထမ်းဆောင် နေစဉ် အဖမ်း ခံခဲ့ ရသည်။ ထို့နောက် လူထု ပညာရေး ကောင်စီတွင် လူထု ပညာရေးမှူး (၁၉၅၂ - ၅၇)၊ သတင်း ဖြန့်ချိရေး အရာရှိ (၁၉၅၇ - ၅၉)၊ ၁၉၆၄ တွင် နိုင်ငံရပ်ခြား ရုပ်ရှင် တင်သွင်းရေး အေဂျင်စီ၌ ရုပ်ရှင် ဇာတ်ကား စီစဉ်ရေးမှူး၊ ၁၉၆၇ တွင် ကြီးကြပ်ရေးနှင့် နိုင်ငံခြား ဆက်သွယ်ရေးမှူး၊ ၁၉၆၉ တွင် ပြန်ကြားရေး ဝန်ကြီး ဌာန အတွင်းဝန် ကလေးနှင့် တွဲဖက် ညွှန်ကြားရေးမှူး၊ ၁၉၇ဝ ပြည့်တွင် ရုပ်ရှင် လုပ်ငန်း ကော်ပိုရေးရှင်း ရုံးချုပ် အုပ်ချုပ်ရေးမှူး၊ ၁၉၇၃ တွင် ရုပ်ရှင် ကော်ပိုရေးရှင်း ထုတ်လုပ်မှုနှင့် ဇာတ်လမ်း စိစစ်ရေး ဒုတိယ ညွှန်ကြားရေးမှူး၊ ထို့နောက် တွဲဖက် ညွှန်ကြားရေးမှူး အဖြစ် အငြိမ်းစား ယူခဲ့သည်။ မြန်မာ နိုင်ငံ စာရေးဆရာ သမဂ္ဂကို ဦးစီး တည်ထောင် ခဲ့သူ တစ်ဦး ဖြစ်သည်။ စာပေ လုပ်သား အဖွဲ့ ဖြစ်မြောက်ရေး ကော်မတီဝင် တဦး အဖြစ်လည်း တာဝန် ထမ်းဆောင် ခဲ့သည်။


ကျောင်းသား ဘဝ ကပင် မြန်မာ ဝတ္ထု၊ ဆောင်းပါး အရေး အသားတွင် စိတ်ပါ ဝင်စား ခဲ့သည်။ မြောင်းမြ အစိုးရ အထက်တန်းကျောင်း မဂ္ဂဇင်းတွင် အင်္ဂလိပ်စာ တွဲဖက် စာတည်း အဖြစ် ဆောင်ရွက် ခဲ့ပြီး အင်္ဂလိပ် ဘာသာ ဆောင်းပါးနှင့် မြန်မာ ဘာသာပြန် ဝတ္ထုများ စတင် ရေးသား ခဲ့သည်။ ၁၉၄၁ တွင် ထုတ်ဝေသော ဝတ္ထု ညွန့်ပေါင်း စာအုပ်ပါ 'ယောက်ျား ဆိုတာ' ဝတ္ထုသည် ပထမ ဆုံးသော လက်ရာ ဖြစ်သည်။ ထင်ရှားသော စာအုပ် အချို့မှာ ပိတောက်တွေ ပွင့်ပြန်ပေါ့ (၁၉၄၁)၊ လက်ရွှေးစင် ဝတ္ထုတိုများ၊ လင်းလုပါပြီ (၁၉၅၂)၊ မေ့သက်မှူး၊ အသည်း ကမ္ဘာဝယ်၊ ခရုအိမ် (၁၉၆၄ - ၆၆) တို့ ဖြစ်ကြသည်။ ခေါင်းလောင်းသံ [For Whom The Bell Tolls by Ernest Hemingway] (၁၉၆၅) ကို ဘာသာ ပြန်ခဲ့သည်။ ဤသစ်ဆုံ (မောင်ကျော်သာနှင့် ပူးတွဲရေး) ဖြင့် ၁၉၆၃ ခုနှစ် အနုပညာ စာပေဆိုင်ရာ ဝတ္ထုရှည် တတိယဆု ရရှိ ခဲ့သည်။ မော်ကွန်းဝင် (ပထမဆင့်) ကိုလည်း ရရှိ ခဲ့၏။ ရုပ်ရှင် ဇာတ်ညွှန်း များစွာ ကိုလည်း ရေးသား ခဲ့သည်။

ဘဝနိဂုံး ပြင်ဆင်ရန်

၁၉၉၂ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့တွင် ကွယ်လွန်သည်။[၁]


စာညွှန်း ပြင်ဆင်ရန်

  1. ရာပြည့် ဦးစိုးညွန့် စုစည်း တည်းဖြတ်တဲ့ '၂ဝ ရာစု မြန်မာ စာရေး ဆရာ ၁ဝဝ အတ္ထုပ္ပတ္တိ အကျုဉ်း' စာအုပ်(၂ဝဝ၅ ခု၊ ဇူလိုင်)
  • မလိခ။ မြန်မာ စာပေ အဘိဓာန် (၁)။ စာ ၇၇ - ၇၉။
  • မလိခ။ မြန်မာ ဝတ္ထု အညွှန်း (၁)။ စာ ၂၃၄ - ၂၄၇။
  • ဒဂုန်ရွှေမျှား၊ မြန်မာ နိုင်ငံ စာပေဆုများ။ စာ ၁၂၂ - ၁၂၃။