ကိုယ်ဝန်ဆောင်ခြင်း ဟူသည် တစ်ဦးသို့မဟုတ် ထိုထက်ပိုသော သန္ဓေသား သို့မဟုတ် သားလောင်း ဟုခေါ်သည့် ရင်သွေးကလေးများကို အမ ၏ သားအိမ် အတွင်း၌ သယ်ဆောင်ထားခြင်းဖြစ်သည်။ ကိုယ်ဝန်ဆောင်ခြင်းတွင် နှစ်မွှာပူး သို့မဟုတ် သုံးမွှာပူး တို့တွင်ကဲ့သို့ မြောက်မြားစွာ ကိုယ်ဝန်ဆောင်ခြင်း ရှိနိုင်သည်။ လူသား ကိုယ်ဝန် ဆောင်ခြင်းသည်အားလုံးသောနို့တိုက်သတ္တဝါများကိုယ်ဝန်ဆောင်ခြင်း တွင် လေ့လာမှု အများဆုံးဖြစ်သည်။ မီဖွားခြင်း သည် သန္ဓေတည်ပြီးနောက် ၃၈ ပတ် အကြာတွင် ဖြစ်ပွားလေ့ရှိသည်။ ရာသီစက်ဝန်းတစ်ခါလည်ပတ်မှု လေးပတ်ကြာတတ် သော အမျိုးသမီးများတွင် ယင်းသည် အကြမ်းဖြင်းအားဖြင့် နောက်ဆုံး ပုံမှန် ရာသီလာခဲ့ခြင်း (LNMP) မှ ၄၀ ပတ်အကြာတွင် ဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းမှ ပုံမှန်လပြည့်စွာ မွေးဖွားခြင်းသည် ၃၇ ပတ် နှင့် ၄၂ ပတ် အကြားတွင်ဖြစ်သည်ဟု သတ်မှတ်ထားသည်။

William Hunter, Anatomia uteri humani gravidi tabulis illustrata, 1774

အခေါ်အဝေါ်

ပြင်ဆင်ရန်

သားလောင်း ဟူသည့်အသုံးအနှုန်းအား သန္ဓေတည်ပြီးနောက် ပထမဆုံး ၈ ပတ် အတွင်း ဖွံ့ဖြိုးလာသော ရင်သွေး ကလေးအား ဖော်ပြရန်သုံးပြီး၊ သန္ဓေသား ဟူသည့် အသုံးအနှုန်း အား ၂ လ သားအရွယ် ဖွံ့ဖြိုးမှုမှ မမွေးဖွားခင် အထိ သုံးသည်။ လူနေမှုဝန်းကျင်များ၏ ဆေးပညာအရ သို့မဟုတ် ဥပဒေအရ ဖွင့်ဆိုချက်များ တွင် လူသား ကိုယ်ဝန်ဆောင်ခြင်းအား အတော်အတန်အားဖြင့် သုံးလအပိုင်းအခြား ကာလများအဖြစ် မီးမဖွားမီ ဖွံ့ဖြိုးမှု တို့၏ အဆင့်အမျိုးမျိုးကို ရှင်းလင်း လွယ်ကူအောင် ညွှန်းဆိုရန် သင့်သလို ခွဲခြားလိုက်သည်။ ပထမဆုံးအပိုင်းအခြားတွင် ကိုယ်ဝန်ပျက်ကျမှု အန္တရာယ် အမြင့်ဆုံးဖြစ်သည် (သဘာဝအလျောက် သားလောင်း သို့မဟုတ် သန္ဓေသားလေးသေဆုံးခြင်း)။ ဒုတိယ အပိုင်း အခြား ကာလအတွင်း သန္ဓေသား၏ ဖွံ့ဖြိုးမှုမှာ အလွယ်တကူစောင့်ကြည့်နိုင်၊ ရှာဖွေဖော်ထုတ်နိုင်သည်။ တတိယ ကာလ အပိုင်းအခြားအစသည် ဆေးပညာ၏အကူအညီ ပါပါ၊ မပါပါ သားအိမ် အပြင်ဘက်တွင် ရှင်သန်နိုင်မှု ၏ အမှတ် သို့မဟုတ် သန္ဓေသား၏ အသက်ရှင်နိုင်စွမ်းရည်ကို နီးနီးစပ်စပ် ခန့်မှန်းနိုင်သည်။

တိုးတက်မှုအစပြုခြင်း

ပြင်ဆင်ရန်

ကိုယ်ဝန်ဆောင်ခြင်းသည် သန္ဓေတည်ခြင်း နှင့် စတင်သော်လည်း ကိုယ်ဝန်ဖြစ်စေကြောင်းဦးတည်သော ဖြစ်စဉ်မှာ ရှေးဦး အမမျိုးပွားဆဲ(လ်) သို့မဟုတ် ဥဆဲ(လ်) သည် အဖိုမျိုးပွားဆဲ(လ်) သုတ်ကောင် နှင့်ပေါင်းစပ်ခြင်း၏ ရလဒ် ဖြစ်သည်။ ဆေးပညာတွင် ထိုဖြစ်စဉ်အား သန္ဓေအောင်ခြင်း ဟုညွှန်းဆိုပြီး၊ အရပ်သုံးစကားအရ ကိုယ်ဝန်ရခြင်း ဟု အများအားဖြင့် သိကြသည်။ သန္ဓေအောင်ခြင်း အမှတ်ပြီးသောနောက်တွင် အမနှင့် အဖိုမျိုးပွားဆဲ(လ်) တို့၏ ပေါင်း စပ်ထားသောရလဒ်ကို သားလောင်းဆဲ(လ်) သို့မဟုတ် သန္ဓေအောင်သောဥ ဟုညွှန်းသည်။ အဖိုနှင့်အမ မျိုးပွား ဆဲ(လ်) တို့ ပေါင်းစပ်ခြင်းသည် အများအားဖြင့် ကာမဆက်ဆံခြင်း နောက်တွင်ဖြစ်လေ့ရှိပြီး သဘာဝအလျောက် ကိုယ်ဝန်ရရှိခြင်း ဖြစ်စေသည်။ သို့သော်လည်း အတုပြုလုပ်ကာသုတ်ကောင်ထည့်သွင်းပေးခြင်း နှင့် ဖန်ပြွန်တွင်း သန္ဓေ အောင်ခြင်း တို့ပေါ်ထွန်းလာမှုမှ ကာမဆက်ဆံမှုဖြင့် သန္ဓေအောင်ခြင်းဖြစ်မလာသည့်အခါတွင် ကိုယ်ဝန်ရယူနိုင်ခြင်းကို ရရှိစေသည် (ဥပမာ - ရွေးချယ်ချက်အရ သို့မဟုတ် အမျိုးသား/အမျိုးသမီး မြုံခြင်း ကြောင့်)။

ဖြစ်စဉ်၏ စစခြင်းတွင် သုတ်ကောင်မှ ကိုယ်ဝန်ရရှိမှုဖြစ်စေနိုင်ရန် ပြောင်းလဲမှုများ တစ်သီကြီးဖြစ်ပေါ်ရသည်။ လော လောလတ်လတ် ထုတ်ယူရထားသော သုတ်ကောင်သည် သန္ဓေအောင်နိုင်ရန် မဖြစ်နိုင် သို့မဟုတ် အားရလောက် အောင် ဖြစ်နိုင်ခြင်းမရှိသည့်အတွက်သုတ်ကောင်သည် အခွံချွတ်ခြင်း ဟုခေါ်သော ဖြစ်စဉ်ကို ဖြတ်သန်းရသည်။ သုတ်ရည်ထုတ်လွှတ်ခြင်း တွင် ၃၀၀၀၀၀၀၀၀ သောသုတ်ကောင်တို့ ပါဝင်ပြီး ယင်းတို့မှ ၂၀၀ တည်းသာ ဥပြွှန် သို့ ရောက်ရှိသည်။ အခွံချွတ်ခြင်းဟူသည် သုတ်ကောင်မှ အမဥနှင့်ပေါင်းစပ်ရန် ပြင်ဆင်သည့် ဖြစ်စဉ်ကို ခေါ်ပါသည်။ အခွံ ချွတ်ခြင်းဟူသည် ၅ နာရီ မှ ၆ နာရီတွင်ဖြစ်ပေါ်ပြီး သုတ်ကောင်မှ အမျိုးသမီးအင်္ဂါ သို့ ရောက်သည်နှင့် စတင် ဖြစ်ပေါ်သည်။ ဤတွင် သုတ်ကောင်မှ အလွန်သွက်လက်ပြီး acrosome (အက်ကရိုဇုမ်း) ဖြစ်စဉ်အတွက် ပြင်ဆင် သည်။ အမဥအတွင်းသို့ ဝင်ရောက်နိုင်ရန် သုတ်ကောင်သည် အမဥကိုကာရံထားသော အလွှာဖြစ်သည့် "zona pellucida" ("ဇိုနာပလူစီဒါ") ကို ဖြတ်သန်းရမည်ဖြစ်သည်။ ထိုဇိုနာပလူစီဒါ ကိုဖြတ်သန်းပြီးသည်နှင့် ဥဆဲ(လ်) ထံသို့ သုတ်ကောင်ရောက်ရှိနိုင်ပြီ ဖြစ်သည်။

ကြာမြင့်ချိန်

ပြင်ဆင်ရန်

မီးဖွားမည်ဟု မျှော်မှန်းရသောနေ့ (EDD) သည် နောက်ဆုံး ရာသီလာခဲ့သည့်ကာလ ၏ ပထမဆုံးရက် (LMP) မှ စရေလျှင် ၄၀ ပတ် မြောက်သောနေ့ ဖြစ်ပြီး မီးဖွားခြင်းသည် အများအားဖြင့် ၃၇ ပတ်နှင့် ၄၂ ပတ် အကြားတွင် ဖြစ်လေ့ရှိသည်။[13] အမှန်တကယ် ကိုယ်ဝန်ဆောင်သည့် ကာလမှာ ထုံးစံအားဖြင့် သန္ဓေတည်ပြီးနောက် ၃၈ ပတ် အကြာ ဖြစ်သည်။ သန္ဓေစတည်ခြင်း တွင် ကိုယ်ဝန်ဆောင်ခြင်း စတင်သော်လည်း အမျိုးသမီး၏ နောက်ဆုံး ရာသီကာလ ပထမဆုံးရက်မှ သို့မဟုတ် သန္ဓေတည်သည့်နေ့ကိုသိလျှင်ထိုနေ့မှ စတင်ရေတွက်ခြင်းမှာ ပိုမိုအဆင်ပြေ သည်။ ထိုရက်များအနက် တစ်ခုခုမှစတင်ပြီး မီးဖွားမည်ဟု မျှော်မှန်းရသောနေ့ကို Naegele's rule (နာအီဂီလီ၏ စည်မျဉ်း) အားသုံး၍ တွက်ချက်ကာ မီးဖွားမည့်ရက်ကို ခန့်မှန်းနိုင်သည်။

ရှာဖွေဖော်ထုတ် သတ်မှတ်နိုင်ခြင်း

ပြင်ဆင်ရန်

ကိုယ်ဝန်စရှိခြင်းကို နည်းလမ်းပေါင်းများစွာနှင့် သိရှိနိုင်သည် - ကိုယ်ဝန်ဆောင်သူအမျိုးသမီးမှ ဆေးစစ်ခြင်းမရှိဘဲ နှင့် သို့မဟုတ် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတို့၏ ကူညီပါဝင်မှု ရှိရှိ၊ မရှိရှိ ဆေးစစ် ကြည့်ခြင်းဖြင့်လည်း သိနိုင် သည်။ အများစုသော ကိုယ်ဝန်ဆောင်အမျိုးသမီးတို့သည် ကိုယ်ဝန်ရှိကြောင်း လက္ခဏာပြသည့် အရိပ်လက္ခဏာ များစွာကို ကြုံတွေ့သိရှိကြသည်။[21] ထိုလက္ခဏာတို့တွင် ရာသီထိမ်ခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ အလွန်အမင်း နွမ်းနယ်ခြင်း၊ မောပန်းခြင်း၊ ပုံမှန် အတိုင်းတွင် တောင်းတတ်လေ့မရှိသော အစားတစ်ခုခုတို့ကို ချဉ်ခြင်းတတ်ခြင်း နှင့်အထူးသဖြင့် ညအချိန်တွင်း မကြာ ခဏ ဆီးသွားခြင်း တို့ပါဝင်သည်။

စောစီးစွာ ပြတတ်သော ဆေးပညာနှင့်ဆိုင်သည့်လက္ခဏာ တို့သည်လည်း ကိုယ်ဝန်ဆောင်ခြင်းနှင့် ဆက်နွယ်နေ သည်။ ထိုလက္ခဏာများသည် ထုံးစံအရ သန္ဓေတည်ပြီး ပထမအပတ်များအတွင်းတွင် အားလုံးတွင် ပေါ်တတ် ကြသည်။ ထိုလက္ခဏာများအားလုံးသည် အမြဲရှိမနေနိုင်သော်လည်း သို့မဟုတ် ယင်းတို့အားလုံးအား ကိုယ်တိုင်သိရှိ တွက်ချက်နိုင်မည် မဟုတ်သော်လည်း အားလုံးစုပေါင်း၍ ကိုယ်ဝန်ဆောင်ခြင်း ဖြစ်နိုင်ကြောင်း တွက်ချက်မှန်းဆ နိုင်သည်။ ထိုလက္ခဏာများတွင် အချင်းကထွက်သည့် ဟော်မုန်း (hCG) သွေးနှင့်ဆီး ထဲတွင် ပါဝင်နေခြင်း၊ ရာသီကာလ လွန်သွားခြင်း နှင့် နောက်ဆုံးရာသီကာလအပြီး တတိယ သို့မဟုတ် စတုတ္ထအပတ် အတွင်း သားအိမ် အတွင်း သားလောင်း သန္ဓေတည်သည့် အချိန်တွင်ဖြစ်သည့် သန္ဓေတည်သည့်သွေးဆင်းခြင်း တို့ပါဝင်သည်။ ရင်သားနာကျင်ခြင်း သည် ပထမ ကာလအတွင်း အဖြစ်များပြီး အသက်ငယ်သည့် ကိုယ်ဝန်ဆောင်အမျိုးသမီးတို့တွင် ပိုတွေ့ရတတ်သည်။

ကိုယ်ဝန်ကိုသိရှိရန် တစ်ခု သို့မဟုတ် ထို့ထက်ပိုသော ကိုယ်ဝန်ကိုစစ်ဆေးချက်များ ဖြစ်သည့် အချင်း ဖြစ်ပေါ် ခြင်းဖြင့် ထုတ်လွှတ်သော ဟော်မုန်းများကို သိရှိခြင်းဖြင့် လုပ်ဆောင်သိရှိနိုင်သည်။ လက်တွေ့ သွေးနှင့်ဆီး စစ်ဆေးမှု များသည် သန္ဓေတည်ပြီး ၁၂ ရက် အကြာမှ ကိုယ်ဝန်ကို သိရှိနိုင်သည်။ ကိုယ်ဝန်ကိုသိရှိရန် သွေးစစ်ဆေးခြင်း သည် ဆီးစစ်ဆေးခြင်းထက် ပိုမိုတိကျသည်။[27] အိမ်တွင် ကိုယ်ဝန်စစ်ဆေးနိုင်သော စစ်ဆေးချက်များမှာ ဆီး စစ်ဆေးခြင်းဖြစ်ပြီး ပုံမှန်အားဖြင့် သန္ဓေအောင်ပြီး အနည်းဆုံး ၁၂ ရက်မှ ၁၅ ရက် အတွင်းမရှိသေးလျှင် ကိုယ်ဝန်ကို သိရှိနိုင်မည်မဟုတ်ပေ။ လုံလောက်သောပမာဏရှိသည့် သွေးစစ်ဆေးမှုသည် သားလောင်းကလေး သန္ဓေတည်သည့် ရက်ကို ခန့်မှန်းခြေအားဖြင့် ဆုံးဖြတ်နိုင်သည်။

လက္ခဏာများရှိနေသော်လည်း အချို့သောအမျိုးသမီးများသည် သူတို့တွင် ကိုယ်ဝန်ရှိသည်ကို လအတော်ရင့်သည် အထိ သတိထားမိခြင်းမရှိကြပေ။ အချို့သောအဖြစ်များတွင် မီးဖွားခြင်း မစမီအထိ သူတို့၏ ကိုယ်ဝန်ကိုဂရုစိုက်မိခြင်း မရှိကြပေ။ ယင်းကို ဖြစ်စေနိုင်သည့်အချက်များမှာ ရာသီပုံမှန်မလာခြင်း (ဆယ်ကျော်သက်တို့တွင် အဖြစ်များသည်)၊ အချို့သောဆေးများသောက်သုံးခြင်း (ကလေးရရန်နှင့် မသက်ဆိုင်သောဆေး) နှင့် အလွန်ဝသော အမျိုးသမီးများတွင် သူတို့ အလေးချိန်တိုးလာသည်ကို ဂရုမထားခြင်း တို့ဖြစ်သည်။ အခြားတို့မှာ မိမိတို့အခြေအနေကို ငြင်းဆိုနေခြင်း ဖြစ်နိုင်သည်။

ဇီဝကမ္မဖြစ်စဉ်

ပြင်ဆင်ရန်

ကိုယ်ဝန်ဆောင်ခြင်းကို အများအားဖြင့် အပိုင်းကာလသုံးခု ခွဲခြားလိုက်ပြီး တစ်ခုစီတွင် သုံးလဝန်းကျင်ပါဝင်သည်။[29] ယင်းတွင် တရားသေ စည်းမျဉ်းများထုတ်မထားဘဲ ထိုခွဲခြားခြင်းများသည် အချိန်နှင့်အမျှ ပြောင်းလဲလာမှုတို့ကို ဖော်ပြ ရာတွင် အသုံးဝင်သည်။

ပထမဆုံးကာလအပိုင်းအခြား

ပြင်ဆင်ရန်

ထုံးစံအရ ဆရာဝန်တို့မှ ကိုယ်ဝန်ကိုလက်လှမ်းမီသောအချက်များဖြစ်သည့် နောက်ဆုံးရာသီလာသည့်ရက်၊ သားဥ ကြွေခြင်း၊ သန္ဓေအောင်ခြင်း၊ သန္ဓေတည်ခြင်း နှင့် ဓာတုနည်းပညာတို့နှင့် တိုင်းတာပြီးဖြစ်သည်။ ဆေးပညာတွင် ဖွံ့ဖြိုးလာသော သားလောင်း မှ အမျိုးသမီး၏ သားအိမ် အားကာရံထားသည့် သားအိမ်နံရံ သို့ သန္ဓေလာတည်ခြင်း ကို ကိုယ်ဝန်ဆောင်ခြင်း စတင်သည်ဟု သတ်မှတ်ဖွင့်ဆိုသည်။ အချို့သော အဖြစ်များတွင် နောက်ဆက်တွဲပြဿနာများ ဖြစ်သည့် သန္ဓေအောင်သည့် ဥကလေးမှာ သားအိမ်ပြွန်များ၊ သားအိမ်ခေါင်း၊ မျိုးဥအိမ် သို့မဟုတ် ဝမ်းတွင်းသို့ သွားရောက်တည်ခြင်း တို့ဖြင့် သားအိမ်ပြင်ပတွင် သန္ဓေတည်ခြင်း ဖြစ်စေသည်။ ထိုသို့ သားအိမ်ပြင်ပတွင် သန္ဓေတည်ခြင်းတွင် ထိုကိုယ်ဝန်အနေနှင့် ပုံမှန်အတိုင်းဖွံ့ဖြိုးစရာ နည်းလမ်း လုံးဝမရှိပေ။ မကုသဘဲထားလျှင် ဆိုးကျိုးဖြစ်နိုင်ပြီး ပေါက်ထွက် သွားသည့်အခါမျိုးတွင် မိခင်၏အသက်ကို ထိခိုက်နိုင်သည်။ တစ်ခါတရံတွင် သူ့အလိုအလျောက် ပြီးသွားသော်လည်း သို့မဟုတ်ပါက ထိုကိုယ်ဝန်အနေဖြင့် အန္တရာယ်ကင်းစွာ ဆက်လက်ရှိနေနိုင်မည့်လမ်း လုံးဝမရှိသဖြင့် ခွဲစိတ်ခြင်း သို့မဟုတ် ဆေးသောက်ခြင်းဖြင့် ပြွှန်တွင်းမှ ကိုယ်ဝန်ကို ဖယ်ရှားရန်ပြုရသည်။

အများစုသော ကိုယ်ဝန်ဆောင် အမျိုးသမီးတို့တွင် သန္ဓေတည်သည်တွင် အနည်းငယ် သွေးဆင်းခြင်းကို ကြုံတွေ့ရသည်မှာ ဖြစ်လေ့မရှိသည် မဟုတ်သော်လည်း သိသာသည့်သန္ဓေတည်ခြင်း၏ နိမိတ်၊ လက္ခဏာများ မရှိလိုက်ပေ။ အချို့အမျိုးသမီးများသည် သူတို့၏ ပထမကာလအပိုင်းအခြားအတွင်း ကြွက်တက်ခြင်းကို ခံစားရသည်။ ယင်းမှာ သွေးစက်တွေ့ခြင်း သို့မဟုတ် သွေးဆင်း ခြင်းတို့ ပါဝင်ခြင်းမရှိလျှင် စိုးရိမ်စရာမဟုတ်ပေ။ သားအိမ်နံရံမှ တစ်ဝက်နှင့် သန္ဓေသား၏အပြင်လွှာမှတစ်ဝက် ပေါင်းဖြစ်ပေါ်လာသော အချင်း သည် ဖွံ့ဖြိုးနေသော သန္ဓေသားအား သားအိမ်နံရံသို့ဆက်သွယ်ပေးပြီး အာဟာရများ ရယူခြင်း၊ အညစ်အကြေးစွန့်ထုတ်ခြင်း နှင့် မိခင်၏ သွေးပံ့ပိုးမှုမှတဆင့် ဓာတ်ငွေ့လဲလှယ်မှုတို့ကို ပြုလုပ်စေသည်။ ချက်ကြိုး ဟူသည် သားလောင်း သို့မဟုတ် သန္ဓေသား မှ အချင်းသို့ဆက်သွယ်ထားသော ကြိုးဖြစ်သည်။ ဖွံ့ဖြိုးလာသော သားလောင်းသည် သန္ဓေသားဖွံ့ဖြိုးမှု ဖြစ်စဉ် အတွင်းတွင် များပြားလှသော ကြီးထွားမှု နှင့် ပြောင်းလဲမှုများစွာကို ဖြတ်သန်းရသည်။

ကိုယ်ဝန်ရှိစတွင် ပျို့အန်ခြင်း သည် ခုနစ်ဆယ်ရာနှုန်းသော ကိုယ်ဝန်ဆောင်မိန်းမအားလုံးတွင် ဖြစ်ပေါ်လေ့ရှိပြီး ပထမ ကာလအပိုင်းအခြား နောက်ပိုင်းတွင် ထုံးစံအရကောင်းမွန်သွားသည်။"ကိုယ်ဝန်ရှိစတွင် ပျို့အန်ခြင်း" ဟု ဖော်ပြထားသော်လည်း အမျိုးသမီးတို့မှာ ထိုပျို့အန်ခြင်းကို နေ့လယ်၊ ညနေ နှင့် တစ်နေ့လုံးတွင်လည်း ခံစားရနိုင် သည်။ ကိုယ်ဝန်ဆောင်ခြင်း၏ ပထမဆုံး ၁၂ ပတ် ကာလတွင် နို့သီးခေါင်းနှင့်ဝန်းကျင်နေရာတို့မှာ ဟော်မုန်းတို့ ယာယီ များလာခြင်းကြောင့် အရောင်ရင့် လာတတ်သည်။ ကိုယ်ဝန်ဆောင်ခြင်း၏ ပထမဆုံး ၁၂ ပတ် အား ပထမကာလအပိုင်းအခြား အဖြစ်ပြုလုပ်သတ်မှတ်ထားသည်။ ပထမ ကာလအပိုင်းအခြားမှ ပထမဆုံးနှစ်ပတ်အား ကိုယ်ဝန်အမှန်တကယ်ရှိနေခြင်း မဟုတ်သော်လည်း ကိုယ်ဝန်၏ ပထမ ဆုံးနှစ်ပတ်အဖြစ် တွက်ချက်ယူသည်။ ထိုနှစ်ပတ်သည် သန္ဓေတည်ခြင်းမတိုင်ခင် နှစ်ပတ်ဖြစ်ပြီး အမျိုးသမီး၏ နောက် ဆုံး ရာသီကာလ ပါဝင်သည်။

တတိယအပတ်သည် သန္ဓေအောင်ခြင်းဖြစ်ပွားသည့် အပတ်ဖြစ်ပြီး၊ စတုတ္ထအပတ်သည် သန္ဓေတည်ခြင်း ဖြစ်သည့် ကာလဖြစ်သည်။ စတုတ္ထမြောက်အပတ်တွင် သန္ဓေအောင်ပြီးသားဥ သည် သားအိမ် သို့ရောက်ရှိပြီး နံရံအတွင်းသို့ ဝင် ရောက်နေထိုင်ကာ သူလိုအပ်သော အာဟာရ တို့ကို ရယူသည်။ ဤအချိန်တွင် မျိုးအောင်သောဆဲ(လ်) မှ သားလောင်း ပထမအဆင့် ဖြစ်လာပြီး၊ အချင်း လည်း စတင်ပေါ်ပေါက်လာသည်။ ထို့အပြင် ကိုယ်ဝန်စစ်ဆေးချက် အများစုတွင် ထိုအပတ်တွင် ကိုယ်ဝန်စတင်ခြင်းကို သိရှိနိုင်သည်။ ငါးပတ်မြောက်အပတ်သည် သားလောင်းကာလ ၏ အစဖြစ်သည်။ ယင်းမှာ ကလေး၏ ဦးနှောက်၊ ကျောရိုးအာရုံကြော၊ နှလုံး နှင့် အခြားသောကလီစာ တို့စတင်ဖြစ်ပေါ်သည့် အချိန်ဖြစ်သည်။ဤအချိန်တွင် သားလောင်းအား အလွှာ သုံးလွှာဖြင့် ဖွဲ့စည်းထားပြီး အပေါ်ဆုံးတစ်ခု (အပြင်ခွံလွှာ ဟုခေါ်) မှ ကလေး၏အပြင်ဆုံးအလွှာ အရေပြား၊ ဗဟို အာရုံကြောနှင့် အပြင်ပိုင်း အာရုံကြောစနစ်၊ မျက်စိ၊ နားအတွင်းပိုင်း နှင့် တွယ်ဆက်တစ်ရှူးများ အဖြစ်ပေးသည်။ နှလုံးနှင့် သွေးလည်ပတ်မှုစနစ် စတင်ခြင်း၊ အရိုးများ၊ ကြွက်သားများ နှင့် ကျောက်ကပ် တို့အား အလယ်လွှာ (ကြားအလွှာ) မှပြုလုပ်သည်။ သားလောင်း၏ အတွင်းဆုံးအလွှာ မှ ကလေး၏ အဆုတ်၊ အူ နှင့် ဆီးအိမ် တို့ဖွံ့ဖြိုးမှု အစမှတ် အဖြစ် ဆောင်ရွက်ပေးသည်။ ထိုအလွှာအား အတွင်းဆုံးသောအလွှာ ဟုလည်း ညွှန်းဆိုသည်။ ၅ ပတ်အရွယ် ရှိပြီဖြစ်သော ကလေးသည် ပုံမှန်အားဖြင့် ၁.၆ မှ ၃.၂ မီလီမီတာ အရှည်ရှိသည်။

ခြောက်ပတ်မြောက်တွင် ကလေးသည် အခြေခံ မျက်နှာအသွင်အပြင်များ နှင့် လက်မောင်းများ၊ ခြေများ စတင်ကြီးထွား ဖွံ့ဖြိုးလာသည်။ ထိုအချိန်တွင် သားလောင်းသည် ၄.၂ မှ ၆.၃ မီလီမီတာ ထက် ပိုမရှည်တတ်ပေ။ နောက်တစ်ပတ်တွင် ဦးနှောက်၊ မျက်နှာ နှင့် လက်များ ခြေထောက်များ သည် လျင်မြန်စွာ ဖွံ့ဖြိုးလာကြသည်။ ၈ ပတ်မြောက်တွင် ကလေး မှာ စတင်လှုပ်ရှားမှုပြုပြီး နောက်ထပ် ၃ ပတ်အကြာတွင် ကလေး၏ ခြေချောင်းကလေးများ၊ လည်ပင်း နှင့် လိင်အင်္ဂါ တို့သည်လည်း ဖွံ့ဖြိုးလာကြသည်။ အမေရိကန်ကိုယ်ဝန်ဆောင်များအစည်းအရုံး အဆိုအရ ပထမကာလ အပိုင်းအခြား ဆုံးသည်နှင့် သန္ဓေသား သည် ၇၆ မီလီမီတာခန့် ရှည်လျားပြီး ၂၈ ဂရမ်နီးပါး အလေးချိန်ရှိနိုင်သည်။

ဒုတိယမြောက် ကာလအပိုင်းအခြား

ပြင်ဆင်ရန်

ကိုယ်ဝန်၏ ၁၃ ပတ်မှ ၂၈ ပတ်အထိအား ဒုတိယမြောက် ကာလအပိုင်းအခြားဟု ခေါ်သည်။ ထိုကာလတွင် အမျိုး သမီး အများစုသည် အားအင်ပိုပြည့်သည်ဟု ခံစားရပြီး ကိုယ်ဝန်ရှိစတွင် ပျို့အန်ခြင်း ကဲ့သို့သော လက္ခဏာများမှာ လည်း လျော့ပါးသွားပြီး နောက်ဆုံးတဖြည်းဖြည်းပျောက်သွားသဖြင့် အလေးချိန်စတင် တိုးလာသည်။၂၀ ပတ်မြောက်တွင် သန္ဓေသားလောင်းအား ထိန်းသိမ်းထားသော ကြွက်သားအင်္ဂါဖြစ်သည့် သားအိမ်သည် ကိုယ်ဝန် ဆောင်စဉ်အတွင်း ပုံမှန်အရွယ်အစား၏ အဆ ၂၀ အထိ ပြန့်ကားလာနိုင်သည်။ ပထမကာလအပိုင်းအခြား အတွင်း တွင် သန္ဓေသား မှ စတင်လှုပ်ရှားပြီး လူသားပုံစံအဖြစ် အသိအမှတ်ပြုနိုင်ပြီ ဖြစ်သော်လည်း ဒုတိယမြောက် ကာလ အပိုင်းအခြား မတိုင်မီအထိ ထိုသန္ဓေသားလှုပ်ရှားမှု ("ကလေးလှုပ်ခြင်း" ဟုလည်းညွှန်းလေ့ရှိ) ကို ခံစားနိုင်မည် မဟုတ် ပေ။ ယင်းသည် ထုံးစံအရ စတုတ္ထမြောက်လတွင် ဖြစ်လေ့ရှိပြီး ပိုမိုအတိအကျဆိုလျှင် ၂၀ နှင့် ၂၁ ပတ်မြောက်တွင် သို့မဟုတ် ထိုအမျိုးသမီးမှ ယခင်ကကိုယ်ဝန်ဆောင်ဖူးလျှင် ၁၉ ပတ်မြောက်တွင် ဖြစ်သည်။ သို့သော်လည်း အချို့ အမျိုးသမီးများအတွက် သန္ဓေသားလှုပ်ခြင်းကို နောက်အနည်းငယ်အကြာအထိ မခံစားရခြင်းမှာ ဖြစ်လေ့မရှိသောအရာ မဟုတ်ပေ။ ထိုအချိန်တွင် အချင်းမှာ ပြည့်စုံစွာလုပ်ငန်းများ လုပ်ဆောင်နေပြီဖြစ်ပြီး သန္ဓေသားမှ အင်ဆူလင် ထုတ်လုပ်ပြီ၊ ဆီးသွားပြီ ဖြစ်သည်။ သန္ဓေသားတွင် ယောက်ျားလေး သို့မဟုတ် မိန်းကလေး အဖြစ် မျိုးပွားအင်္ဂါများနှင့် ခွဲခြားနိုင်ပြီ ဖြစ်သည်။

တတိယမြောက် ကာလအပိုင်းအခြား

ပြင်ဆင်ရန်

ကိုယ်ဝန်တစ်လျှောက်လုံးတွင် ကိုယ်အလေးချိန်အတက်ဆုံးဖြစ်သည့် နောက်ဆုံးအလေးချိန်တက်ခြင်း ဖြစ်လာသည်။ ဤအဆင့်တွင် သန္ဓေသားသည် တစ်နေ့လျှင် ၂၈ ဂရမ် အထက်တိုးခြင်းဖြင့် အလျင်မြန်ဆုံး ကြီးထွားလာသည်။ အမျိုးသမီး၏ ဝမ်းဗိုက်မှာလည်း သန္ဓေသားမှ မီးဖွားရန်အသင့် အောက်သို့ လှည့်ထားသည့် အနေအထားပုံစံ ပြုထား သည့်အတိုင်း ဝမ်းဗိုက်မှာလည်း ပုံစံပြောင်းသွားသည်။ ဒုတိယမြောက် ကာလအပိုင်းအခြားတွင် အမျိုးသမီး၏ ဝမ်းဗိုက် သည် အပေါ်သို့အလွန်ရောက်နေပြီး တတိယမြောက်ကာလအပိုင်းအခြားတွင်မူ အောက်သို့အတော်နိမ့်စွာ ဆင်းသွား ပြီး အမျိုးသမီးမှ သူမဝမ်းဗိုက်အား အပေါ်အောက် မတင်နိုင်မည်ဖြစ်သည်။ သန္ဓေသားသည် အချိန်မှန် စတင်လှုပ်ရှား ပြီး အမျိုးသမီးမှ ခံစားသိရှိနိုင်သည်။ သန္ဓေသားလှုပ်ရှားမှုများမှာ အတော်လေးပြင်းထန်လာပြီး အမျိုးသမီးအား အနှောင့်အယှက် ဖြစ်စေနိုင်သည်။ အမျိုးသမီး၏ ချက် သည် သူမ၏ ကျယ်ကားလာသော ဝမ်းဗိုက် ကြောင့် တစ်ခါ တရံ ခုံးနေတတ်သည်။ (စူထွက်နေတတ်) ထိုကာလတွင် သူမ၏ကိုယ်ဝန်သည် သက်သောင့်သက်သာမရှိ ဖြစ်နိုင်ပြီး ဆီးအိမ် ထိန်းနိုင်အားနည်းခြင်းနှင့် ခါးနာခြင်းတို့ကဲ့သို့သော လက္ခဏာများလည်းဖြစ်စေနိုင်သည်။ သန္ဓေသား၏ သားအိမ်ပြင်ပ ရှင်သန်မှုအတွက် ပြင်ဆင်ထားသော ဦးနှောက်၊ မျက်စိ၊ နှင့် ကြွက်သားလုပ်ဆောင်မှု ဖွံ့ဖြိုးတိုးတက် လာမှုမှ တဆင့် သန္ဓေသား၏လှုပ်ရှားမှုမှာ ပြင်းထန်လာပြီး ပို၍လည်းအကြိမ်စိပ်လာသည်။ သန္ဓေသား လိမ့်နေသည်ကို အမျိုးသမီးမှခံစားရနိုင်ပြီး ယင်းမှာ အမျိုးသမီး၏ နံရိုးနှင့် ကျောရိုးတို့နှင့် နီးလျှင် နာကျင်မှု သို့မဟုတ် မသက်မသာဖြစ်မှု တို့ဖြစ်နိုင်သည်။

တတိယကာလအပိုင်းအခြားတွင် ခေါင်းဝင်ခြင်း ဖြစ်တတ်သည်။ ယင်းမှာ သန္ဓေသား၏ခေါင်းသည် တင်ပါးဆုံရိုးကွင်းအတွင်းပိုင်း ထဲသို့ ဆင်းနေပြီး ဝမ်းဗိုက်မှ အပိုင်းအနည်းငယ်သာ (သို့မဟုတ် လုံးဝမရ) စမ်းသပ်ရ နိုင်သည်။ စအိုနှင့် မိန်းမကိုယ်နှုတ်ခမ်းဝ ကြားနေရာ နှင့် သားအိမ်ခေါင်းတို့မှာ ပိုမို၍ ပြားချပ်လာပြီး ခေါင်းကို မိန်းမကိုယ်မှတဆင့် ခံစားသိရှိနိုင်သည်။[35] ခေါင်းဝင်ခြင်းအား အရပ်စကားဖြင့် ကလေးကျလာသည် ဟု ခေါ်ပြီး သဘာဝဆေးပညာတွင် ဝမ်းဗိုက်အပေါ်ပိုင်းတွင် သက်ရောက်နေသော ဖိအားလျော့သွားပြီး အသက်ရှူစဉ်တွင် အသစ်တဖန် သက်သာစေခြင်းကြောင့် ပေါ့သွားခြင်း ဟု လည်းခေါ်သည်။ သို့သော်လည်း တင်ပါးဆုံရိုး ကြမ်းပြင်နှင့် အစာဟောင်းအိမ်ပေါ်တွင် ဖိအားပိုများလာရာ ယင်းသည် ဆီးအိမ် ထိန်းသိမ်းနိုင်စွမ်းကို ပြင်းထန်စွာလျော့နည်းစေ သည့်အတွက် မိခင်မှ အချိန်မရွေး သန္ဓေသား "ပြင်ပသို့ ထွက်ကျ လာမည်" ခံစားချက်မျိုးထပ်တလဲလဲ ခံစားနေရ သည်။ ထိုအချိန်မျိုးတွင် ကလေးကို လမစေ့ဘဲ မွေးလာလျှင် ရှင်နိုင်စွမ်းရှိနိုင်သည်။ ယနေ့ခေတ်ဆေးပညာ၏ အထူးကြပ်မတ် ကုသမှု နည်းပညာကို သုံးခြင်းသည် လမစေ့ဘဲမွေးလာသော ကလေးငယ်များရှင်သန်မှု ဖြစ်နိုင်ခြေကို များစွာတိုး တက်လာစေပြီး၊ ကူညီစောင့်ရှောက်မှုမလိုအပ်ဘဲ ဖြစ်နိုင်ခြေရှိမည့် အနည်းငယ်စောသောအချိန်သို့ ရှင်သန်နိုင်မှု ကန့်သတ်မှုကိုပြန်တွန်းပို့ခဲ့ပြီဖြစ်သည်။ ထိုသို့သော ဖွံ့ဖြိုးတိုးတက်မှုများမရှိခဲ့လျှင် လမစေ့ဘဲမီးဖွားခြင်းသည် သန္ဓေသားတို့အတွက် အဓိကခြိမ်းခြောက်မှုတစ်ခု အဖြစ်ရှိနေဦးမည်ဖြစ်ပြီး ကလေးမှာ အသက်ရှင်နိုင်သည်ဆိုလျှင် သော်မှ နောက်ပိုင်းသက်တမ်းတွင် ကျန်းမာရေးမကောင်းခြင်း များရှိနေနိုင်သည်။

သားလောင်းနှင့် သန္ဓေသားတို့ ဖွံ့ဖြိုးမှု

ပြင်ဆင်ရန်

မီးဖွားခြင်းမတိုင်မီ ဖွံ့ဖြိုးမှုအား အခြေခံ ဇီဝဗေဒဆိုင်ရာ အဆင့်နှစ်ခုအဖြစ်သို့ ခွဲခြားထားသည်။ ပထမတစ်ခုမှာ သားလောင်းအဆင့် ဖြစ်ပြီး နှစ်လခန့်ကြာမြင့်သည်။ ထိုအချိန်မှစ၍ သန္ဓေသားအဆင့် စတင်သည်။ သန္ဓေသားအဆင့် စစခြင်းတွင် ကိုယ်ဝန်ပျက်ကျသည့် အန္တရာယ်မှ သိသာစွာနည်းသွားပြီး အားလုံးသောအရေးကြီးသည့် သွင်ပြင်များ ဖြစ်သော ခေါင်း၊ ဦးနှောက်၊ လက်များ၊ ခြေများ နှင့် အခြားအစိတ်အပိုင်းများလည်း ရှိလာပြီး ဆက်လက်၍ ကြီးထွား ဖွံ့ဖြိုးကြသည်။ သန္ဓေသားအဆင့် စတင်သောအခါတွင် သန္ဓေသားသည် ပုံမှန်အားဖြင့် ၃၀ မီလီမီတာခန့် အရှည်ရှိပြီး နှလုံးခုန်နေခြင်းကို အာထရာဆောင်းမှ မြင်ရသည်။ သန္ဓေသားခေါင်းကိုကွေးခြင်း နှင့် အထွေထွေ လှုပ်ရှားမှုတို့ ပြုလုပ်သည့်အခါ တစ်ကိုယ်လုံးပါ ပါဝင်လှုပ်ရှားသွားသည်တို့ပါ တွေ့ရသည်။

ဦးနှောက်လှုပ်ရှားမှု လျှပ်စစ်လှိုင်းတို့ကို ကိုယ်ဝန်၏ ၅ပတ်မြောက်နှင့် ၆ပတ်မြောက်အကြားတွင် ဦးဆုံးသိရှိရပြီး ယင်း အား ကိုယ်ဝန်နောက်ပိုင်းတွင် တိုးတက်လာသော သတိရှိသောအတွေးများ စတင်ခြင်းထက် ရှေးဦးဖြစ်သည့် အာရုံ ကြောလှုပ်ရှားမှုအဖြစ် ဆက်လက်မှတ်ယူနေကြသည်။ ၁၇ ပတ်တွင် အာရုံကြောမွှာဆုံများ စတင်ပေါ်ပေါက်ပြီး ၂၈ ပတ် လောက်တွင် အလွန်မြန်ဆန်စွာ ပွားများခြင်းစတင်၍ ယင်းသည်မွေးပြီး ၃-၄ လလောက်အထိ ဆက်လက် ဖြစ်ပေါ်နေသည်။ ၂၃ ပတ်မတိုင်ခင် အထိ အဓိကဆေးပညာဆိုင်ရာ ထောက်ပံ့မှုမပါဘဲ သားအိမ်ပြင်ပတွင် သန္ဓေသား ရှင်သန်နိုင်စွမ်းမှာ မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ထိုအချိန်မတိုင်မီအထိ သူ့တွင် ကောင်းမွန်ပြည့်စုံစွာ လုပ်ကိုင် နိုင်သည့် လူသားဦးနှောက် မရှိသေးသောကြောင့် ဖြစ်သည်။

မီးမဖွားမီ ကျန်းမာရေးစောင့်ရှောက်မှုသည် အမျိုးသမီးအား ကိုယ်ဝန်မတိုင်ခင်နှင့် ဆောင်ထားစဉ်အတွင်း အကြံပြု ထားသည့် ဆေးကုသမှုနှင့် သူနာပြုစောင့်ရှောက်ခြင်း ဖြစ်သည်။ ကောင်းမွန်သော မီးမဖွားခင်စောင့်ရှောက်မှု ရည်ရွယ် ချက်မှာ မီးမဖွားခင် ပြဿနာများကို စောစီးစွာသိရှိရန်နှင့် ဖြစ်နိုင်လျှင်၎င်းတို့အား ကာကွယ်နိုင်ရန် (အကြံပြုထားသော လုံလောက်သည့်အာဟာရ၊ လေ့ကျင့်ခန်း၊ ဗီတာမင် စားသုံးမှု စသည်တို့ ပြုလုပ်၍) နှင့် အမျိုးသမီးအား လိုအပ်သော အထူးကုများ၊ ဆေးရုံများသို့ လိုအပ်လျှင် ညွှန်ကြားနိုင်ရန် တို့ဖြစ်သည်။

မျှတသော၊ အာဟာရပြည့်ဝသော အစားအစာသည် ကျန်းမာသော ကိုယ်ဝန်ဆောင်မှုတစ်ခုအတွက် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်သည်။ ကျန်းမာသော အစားအသောက်ပုံစံကို စားသောက်ခြင်း၊ ကစီဓာတ်၊ အဆီ နှင့် အသားဓာတ် တို့အား မျှတမှုရှိစေခြင်း နှင့် အသီးအနှံများ၊ ဟင်းသီးဟင်းရွက်များ စုံလင်အောင်စားခြင်းတို့ဖြင့် ကောင်း မွန်သောအာဟာရကို ရရှိနိုင်သည်။ ကျန်းမာရေးပြဿနာများ၊ ကိုးကွယ်မှုဆိုင်ရာလိုအပ်ချက် သို့မဟုတ် လူမျိုးရေး ဆိုင်ရာယုံကြည်မှုတို့ကြောင့် အစားအသောက်ပုံစံကို သက်ရောက်သူများသည် ကျန်းမာရေးစောင့်ရှောက်မှု ပေးသူတို့ နှင့် တိုင်ပင်၍ တိကျသော အကြံဉာဏ်တို့ရယူနိုင်သည်။

လုံလောက်သော ဖောလစ်အက်ဆစ် (ဖောလိတ် သို့မဟုတ် ဗီတာမင် ဘီနိုင်း ဟုလည်းခေါ်) သောက်သုံးမှုသည် သန္ဓေသား၏ အာရုံကြောဆိုင်ရာ ချို့ယွင်းမှုတို့ဖြစ်သည့် အလွန်ဆိုးရွားသော မွေးရာပါချို့ယွင်းမှု ဖြစ်သည့် ကျောရိုးနှစ်ခုကွဲခြင်း တို့ကို ကာကွယ် တားဆီးနိုင်ကြောင်း သက်သေပြပြီးဖြစ်သည်။ ဖောလိတ် (ဖော်လီယာ အရွက်မှ ဆင်းသက်လာသည်) သည် ဒေါက်ခွရွက် (လတ်ဆတ်သော၊ ခဲထားသော သို့မဟုတ် စည်သွပ်ထားသော) တွင် အမြောက်အမြားပါဝင်ပြီး အစိမ်းရောင်အရွက်ရှိသောဟင်းသီးဟင်းရွက်တို့ ဥပမာ - ဆလတ်ရွက်၊ မုန်လာဥချိုများ၊ ပန်းဂေါ်ဖီစိမ်း၊ ကညွှတ်၊ ချဉ်သောအသီးများ နှင့် သခွားမသီး၊ ကုလားပဲ (hummus (ဟမ်းမတ်(စ်)) သို့မဟုတ် falafel (ဖေလဖယ်(လ်)) တို့အနေနှင့်လည်းတွေ့ရ) နှင့် ဥမျိုးစုံ တို့တွင် တွေ့ရသည်။

အန္တရာယ်ရှိသော ဘက်တီးရီးယား သို့မဟုတ် ကပ်ပါးပိုးမွှားများသည် အစားအစာတို့ကို ကပ်ပါစေနိုင်သည်။ အထူး သဖြင့် Listeria (လစ်စတီးရီးယား) (အစာအဆိပ်ဖြစ်စေသော ပိုးတစ်မျိုး) နှင့် toxoplasmosis (တောက်စို ပလတ်(စ်)မိုးစစ်) ဖြစ်တတ်သော ပိုးမွှားများ။ အသီးများနှင့် ဟင်းသီးဟင်းရွက် အစိမ်းများကို သေချာစွာ ဆေးကြော ခြင်း၊ အသားတို့ကို သေချာစွာ ချက်ပြုတ်ခြင်း သို့မဟုတ် အသားတို့ကို စနစ်တကျ စီစဉ်ချက်ပြုတ် ခြင်းတို့ဖြင့် ထိုပိုးမွှားများကို ဖယ်ရှားနိုင်သည်။ ဒိန်ခဲတို့တွင် Listeria (အစာအဆိပ်ဖြစ်စေသော ပိုးတစ်မျိုး) ပါတတ်သည်။ နို့အစိမ်း ဆိုလျှင် အန္တရာယ်ပိုရှိနိုင်သည်။ ကြောင်ချေးသည်လည်း အထူးအန္တရာယ်ရှိသည့် အရာ ဖြစ်သည်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတို့သည် ဥများနှင့် ကြက်သားတို့ကို သေချာစနစ်တကျ ချက်ပြုတ်ခြင်း မပြုလျှင် Salmonella (ဆာမိုနဲလား) (အစာအဆိပ်သင့်စေသောပိုး) ရောဂါပိုးဝင်ရောက်ရန် ပိုမိုလွယ်ကူသည်။ မီးဖိုထဲတွင် သန့်ရှင်းစွာထားရှိခြင်းသည် ထို အန္တရာယ်တို့ကို လျှော့ချနိုင်သည်။

ကိုယ်အလေးချိန် တိုးခြင်း

ပြင်ဆင်ရန်

သန္ဓေသား၏ ကောင်းမွန်သော ဖွံ့ဖြိုးတိုးတက်မှုအတွက် ကယ်လိုရီစားသုံးခြင်းအား မြှင့်တင်ရမည်။ ကိုယ်ဝန် တစ်ခုဆောင်ထားစဉ်အတွင်း တိုးလာသော ကိုယ်အလေးချိန်ပမာဏမှာ အမျိုးသမီးတို့အကြား ကွဲပြားကြသည်။ ဆေး တက္ကသိုလ် မှ ကိုယ်ဝန်စဆောင်စဉ်တွင် ပုံမှန်အလေးချိန်ရှိသော ခန္ဓာကိုယ်အလုံးအထည်အညွှန်း (BMI) ၁၈.၅ မှ ၂၄.၉ ရှိသော အမျိုးသမီးများအတွက် ကိုယ်ဝန်ဆောင်စဉ်တိုးရမည့်ကိုယ်အလေးချိန်အား ၁၁.၄ မှ ၁၅.၉ ကီလိုဂရမ်တိုးရန် အကြံပြုထားသည်။ ကိုယ်အလေးချိန် လျော့နည်းသော အမျိုးသမီးများ (BMI) ၁၈.၅ ထက်နည်းသောသူများ သည် ၁၂.၇ နှင့် ၁၈.၁ ကီလိုဂရမ်အတွင်းသို့တိုးရန် လိုအပ်သည်။ ကိုယ်အလေးချိန်ပိုနေသူ အမျိုးသမီးများအား ၆.၈ နှင့် ၁၁.၃ ကီလိုဂရမ်သာ တိုးစေရန် အကြံပေးထားပြီး၊ အဝလွန်သောအမျိုးသမီးများသည် ၄.၉ နှင့် ၉.၀ ကီလိုဂရမ်အတွင်းတိုးရန် ရည်မှန်းထားသည်။

ကိုယ်ဝန်ဆောင်စဉ်အတွင်း မလုံလောက်သော သို့မဟုတ် ပိုမိုသော ကိုယ်အလေးချိန်တိုးမှုသည် မိခင်နှင့် သန္ဓေသား၏ ကျန်းမာရေးကို ထိခိုက်နိုင်သည်။ အမျိုးသမီးအားလုံးအား ကိုယ်ဝန်မဆောင်မီ အလေးချိန်အား ဘေးဖယ်ထားပြီး ကျန်းမာသော စားသောက်မှုပုံစံကို ရွေးချယ်စားသောက်ရန် အားပေးရမည်။ ကိုယ်ဝန်ရှိစဉ်တွင်း လမ်းလျှောက်ခြင်း နှင့် ရေကူးခြင်းကဲ့သို့သော လေ့ကျင့်ခန်းပြုလုပ်ခြင်းအား ကျန်းမာသောကိုယ်ဝန်များအတွက် အကြံပြုထားသည်။ လေ့ကျင့် ခန်းလုပ်ခြင်းသည် မိခင်ရော ကလေးအတွက်ပါ အလွန်အကျွံ အလေးချိန်တိုးခြင်းကို ကာကွယ်ခြင်းအပါအဝင် သိသာ သော ကျန်းမာရေး အကျိုးကျေးဇူးတို့ကို ရရှိနိုင်သည်။

ဆေးဝါးသုံးစွဲခြင်း

ပြင်ဆင်ရန်

ကိုယ်ဝန်ဆောင်စဉ်အတွင်း သုံးစွဲသောဆေးဝါးများတွင် သန္ဓေသားအပေါ်တွင် ယာယီ သို့မဟုတ် ထာဝရ အကျိုး သက်ရောက်မှုများ ဖြစ်နိုင်သည်။ ထို့ကြောင့် သမားတော်အများမှ ဆေးဝါးကြောင့် မွေးရာပါအင်္ဂါချို့တဲ့မှုများ ဖြစ်မည်ကို အထူးစိုးရိမ်သဖြင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများအား မလိုအပ်ဘဲ ဆေးဝါးတိုက်ခြင်းများ မပြုလုပ်ရန်ကို ပိုမိုနှစ်သက်ကြသည်။

အဆိပ်အတောက်တို့နှင့် ထိတွေ့မှု

ပြင်ဆင်ရန်

ဖွံ့ဖြိုးမှုအတွင်း အဆိပ်အတောက်မျိုးစုံတို့သည် သန္ဓေသားကို သိသာသောအန္တရာယ်များ ပေးနိုင်သည်-

  • ကိုယ်ဝန်ဆောင်စဉ်အတွင်း အရက်သေစာ သောက်သုံးခြင်းသည် သန္ဓေသားအား တစ်သက်တာနှင့် အကြီးအ ကျယ် ပျက်စီးစေသော မွေးရာပါချို့ယွင်းမှုများ ဖြစ်စေနိုင်သည်။ လေ့လာမှုအမြောက်အမြားမှ ကိုယ်ဝန်ဆောင်စဉ် အတွင်း အနည်းငယ်သော သောက်သုံးမှုမှာ သန္ဓေသားကို အန္တရာယ် မဖြစ်စေသော်လည်း၊ လုံးဝ မသောက် သုံးခြင်းသည် လုံးဝဥဿုံ စိတ်ချရကြောင်း အာမခံမှုပြုထားသည်။
  • လေ့လာမှုအမြောက်အမြားမှ ဖော်ပြထားသည်မှာ မီးမဖွားမီ စီးကရက်မီးခိုးငွေ့နှင့် ထိတွေ့သော ကလေးသူငယ် များမှာ အမူအကျင့်၊ အာရုံကြော နှင့် ကိုယ်ခန္ဓာဆိုင်ရာ ခက်ခဲမှုများ များပြားစွာ ရှိနိုင်သည်။
  • ဒြပ်စင် ပြဒါး နှင့် မီသိုင်း(လ်)ပြဒါး တို့သည် ကိုယ်ဝန်ဆောင်စဉ်တွင် အန္တရာယ်ဖြစ်စေနိုင်သည့် ပြဒါးပုံစံနှစ်မျိုး ဖြစ်သည်။ မီသိုင်း(လ်)ပြဒါးသည် ကမ္ဘာအနှံ့ ပင်လယ်စာ နှင့် ရေချိုငါးတို့တွင် ပါဝင်နေပြီး၊ အာရုံကြော စနစ် အတွက် အထူးသဖြင့် ဦးနှောက်ဖွံ့ဖြိုးမှုအတွင်းတွင် ဆိုးကျိုးများဖြစ်စေကြောင်းလည်း သိရသည်။ ငါးစား ခြင်းသည် လူသားတို့အား ပြဒါးနှင့်ထိတွေ့စေသည့် အဓိကရင်းမြစ်ဖြစ်ပြီး အချို့သောငါးတို့သည် မမွေးဖွားလာ သေးသော ကလေးငယ်၏ ဖွံ့ဖြိုးဆဲအာရုံကြောစနစ်ကို ထိခိုက်စေရန် လုံလောက်သောပြဒါးတို့ပါဝင်ရာတစ်ခါတရံတွင် သင်ယူမှုအခက်အခဲများ

တို့သို့ ဦးတည်သွားစေသည်။ ငါးအမျိုးအစား အတော်များများတွင် ပြဒါး ပါဝင်ပြီး၊ အများအားဖြင့် ငါးကြီးများတွင်တွေ့ရသည်။ အမေရိကန်ပြည်ထောင်စု အစားအစာနှင့်ဆေးဝါးများ စီမံခန့်ခွဲရေး နှင့် ပတ်ဝန်းကျင်ကာကွယ်ရေးအဖွဲ့ တို့မှ ကိုယ်ဝန်ဆောင်အမျိုးသမီးတို့အား ဓားရှည်နှုတ်သီးငါး၊ ငါးမန်း၊ မက်ကရယ်ငါးမင်း နှင့် ပင်လယ်တိုင်း(လ်)ငါးတို့အား မစားရန်နှင့် အယ်(လ်)ဘကိုး တူးနားငါးများ စား သုံးခြင်းကိုလည်း တစ်ပတ်လျှင် ၆ အောင်စ သို့မဟုတ် ယင်းထက်နည်းအောင် သတ်မှတ်စားသောက်ရန် အကြံ ပြုထားသည်။

ကိုယ်ဝန်ရှိစဉ်အတွင်း လိင်ဆက်ဆံခြင်း

ပြင်ဆင်ရန်

ကိုယ်ဝန်ဆောင်အမျိုးသမီးအများစုသည် ကိုယ်ဝန်တစ်လျှောက်လုံးတွင် ကိုယ်ဝန်ရှိစဉ်အတွင်း လိင်ဆက်ဆံခြင်း ကို ခံစားနိုင်သည်။ လေ့လာမှုများမှ အဆိုပြုထားသည်မှာ ကိုယ်ဝန်ရှိစဉ်အတွင်းတွင် ကာမတောင့်တစိတ်နှင့် ကာမဆက် ဆံခြင်းကြိမ်နှုန်း လျော့နည်းလာသည်ဟူ၍ ဖြစ်သည်။ ထိုအခြေအနေမျိုးတွင် အားလုံးသော တောင့်တစိတ် လျော့နည်းမှုအား အချို့သောလေ့လာမှုများမှ ဒုတိယကာလအပိုင်းအခြားတွင် ရှေးဦးစွာ တောင့်တစိတ် လျော့နည်းပြီး နောက်တိုးလာသည်ဟူ၍ ဖော်ပြသည်။ သို့သော်လည်း ထိုသို့လျော့နည်းခြင်းမှာ အားလုံးအတွက်မဟုတ်ဘဲ သိသာသောအရေအတွက်ရှိသည့် အမျိုးသမီးတို့မှ တင်ပြသည်မှာ သူတို့၏ကိုယ်ဝန်ဆောင်မှု တစ်လျှောက်လုံးတွင် ပိုမိုကောင်းမွန်သော ကာမကျေနပ်မှုကို ရရှိသည်ဟု ဖြစ်သည်။

ကိုယ်ဝန် ပျက်ကျခြင်း

ပြင်ဆင်ရန်

ကိုယ်ဝန်ပျက်ကျခြင်းဟူသည်မှာ သဘာဝနည်းအရ သို့မဟုတ် ဆေးပညာနည်းလမ်းများအရ၊ ပုံမှန်အားဖြင့် ပထမ ကာလအပိုင်းအခြားတွင် သန္ဓေသားအား အဆုံးသတ်ခြင်း ဖြစ်သည်။ သဘာဝအလျောက်ပျက်ကျခြင်း (ကိုယ်ဝန် ပျက်ခြင်း) သည် သန္ဓေအောင်ပြီး နှစ်လထက်ပိုကြာလာလျှင် ဖြစ်ရန်ရှားပါးသည်။

နောက်ဆက်တွဲ ပြဿနာများ

ပြင်ဆင်ရန်

နှစ်စဉ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အရ ကိုယ်ဝန်ဆောင်ခြင်းကြောင့် နာမကျန်းမှုဖြစ်ခြင်းကို ခံစားရသည်မှာ (တစ်ခါ တစ်ရံတွင် အမြဲဖြစ်သွားတတ်သည်) ကမ္ဘာအနှံ့တွင် အမျိုးသမီးပေါင်း ၂၀ မီလီယံကျော်သည်ဟု ဆိုသည်။ ထို့အပြင် "၁၉၉၅ ခုနှစ် တွင် ရှစ်မီလီယံသော အမျိုးသမီးတို့၏ အသက်မှာ အန္တရာယ်ရှိနေပြီး ၅၀၀၀၀၀ ကျော်သော အမျိုးသမီး တို့မှာ ကိုယ်ဝန်ဆောင်ခြင်းနှင့် မီးဖွားခြင်းတို့နှင့် စပ်လျဉ်းသောအကြောင်းရင်းတို့ရလဒ်အဖြစ် သေဆုံးခဲ့ရကြောင်း ခန့်မှန်းရသည်။" ကိုယ်ဝန်ဆောင်ခြင်းသည် ကိုယ်ဝန်မဆောင်ခင်တွင်ရှိသော ကျန်းမာရေးအခြေအနေပေါ်တွင် မူတည်၍ အမျိုးသမီးတို့ အတွက်ကျန်းမာရေးအန္တရာယ် အခြေအနေအမျိုးမျိုးကို ဖြစ်ပေါ်စေသည်။ အောက်ပါအချက်များသည် ကိုယ်ဝန်မှ အမျိုးသမီး၏ ကိုယ်ခန္ဓာအား ပြောင်းလဲစေခြင်းကြောင့် ကိုယ်ဝန်ဆောင်စဉ် အတွင်းနှင့် သို့မဟုတ် ကိုယ်ဝန်ဆောင်မှုပြီးသောအခါတွင် တွေ့ရတတ်သည့် နာဖျားမှုအချို့ ဖြစ်သည်-

  • သွေးအားနည်းခြင်း
  • ခါးနာခြင်း၊ အထူးသဖြင့် တတိယကာလအပိုင်းအခြားတွင် လူနာ၏ ဆွဲအားဗဟိုပြောင်းရွှေ့သွားသည့် အခါ တွင် အဖြစ်များသော နာဖျားမှုဖြစ်သည်။
  • လက်ကောက်ဝတ် ရောင်ရမ်းနာကျင်ခြင်း အား ဖောသွပ်ခြင်းကြောင့်ဖြစ်နိုင်သည့် ၂၁% မှ ၆၂% သော အဖြစ် တို့တွင် တွေ့ရသည်။
  • ဝမ်းချုပ်ခြင်း - (ကိုယ်ဝန်ဆောင်မှုတွင် ပုံမှန်ဖြစ်သော) progesterone (ပရိုဂျက်စတရုန်းဟော်မုန်း) ပမာဏ တက်လာခြင်းကြောင့် ရေစုပ်အားကို ပိုမိုကောင်းစေသဖြင့် ဝမ်းတွင်းလှုပ်ရှားမှုလျော့ကျခြင်းကြောင့် ဖြစ်သည်။
  • Braxton Hicks contractions (အခါအားလျော်စွာ အချိန်မှန်မဟုတ်ဘဲ နာကျင်ခြင်းမရှိသော သားအိမ်ညှစ်ခြင်း) ဖြစ်ပြီး တစ်နေ့လျှင် အခါများစွာဖြစ်တတ်သည်။
  • ဖောခြင်း (ရောင်ခြင်း) ကိုယ်ဝန်ရင့်လာသည်တွင် အဖြစ်များသော နေထိုင်မကောင်းခြင်းဖြစ်သည်။ နှလုံးအောက် ဘက်သွေးကြောမကြီး (IVC) နှင့် တင်ပါးဆုံသွားသည့်သွေးပြန်ကြောတို့အား သားအိမ် မှ ဖိထားခြင်းကြောင့် ခြေထောက်ပိုင်းများတွင် ရေကိုတွန်းသည့်ဖိအားများပြားလာစေခြင်းကြောင့် ဖြစ်သည်။
  • အစာပြန်တက်ခြင်း၊ ရင်ပူခြင်း၊ ပျို့ခြင်း - အစာအိမ်နှင့် အစာပြွှန်တွင်းပြန်တက်မှုရောဂါ (GERD) ကြောင့် ဖြစ်နိုင်သည့် အဖြစ်များသောနေထိုင်မကောင်းမှုများ ဖြစ်သည်။ ထိုရောဂါသည် အစာပြွန်အောက်ဘက် ကြွက်သား (LES) တို့ကိုလျော့ဖြေခြင်းနှင့် (ကိုယ်ဝန်ဆောင်စဉ်တွင် ပုံမှန်ဖြစ်သော) အစာအိမ်တွင်း အစာနေချိန် ပိုကြာခြင်း၊ ၎င်းပြင် သားအိမ်ကြီးထွားလာမှုကြောင့် ဝမ်းတွင်းလေဖိအားမြင့်လာခြင်းတို့ကြောင့် ဖြစ်ရခြင်း ဖြစ်သည်။
  • လိပ်ခေါင်း - ကိုယ်ဝန်ရင့်လာသည်တွင် တွေ့ရတတ်သော နေထိုင်မကောင်းမှုဖြစ်သည်။ သွေးပြန်ကြောတွင်း နှေး ကွေးမှုများလာခြင်းနှင့် IVC (အိုင်ဗွီစီ) ဖိနှိပ်ထားခြင်းတို့မှ သွေးပြန်ကြောစနစ်တွင် ပိတ်ဆို့မှုကို ဦးတည်စေပြီး၊ နေရာယူလာသော ကိုယ်ဝန်ဆောင်ထားသည့် သားအိမ်ကြောင့်ဝမ်းတွင်း လေဖိအားမြင့်လာခြင်း နှင့် ဝမ်းချုပ်ခြင်း တို့ကြောင့် ဖြစ်သည်။
  • မွေးဖွားပြီးနောက် စိတ်ကျရောဂါ
  • မွေးဖွားပြီးနောက် ပြင်းထန်သည့်စိတ်ဝေဒနာ
  • သွေးခဲ ပြုတ်ထွက်ပိတ်ဆို့ခြင်း၊ အမေရိကန်တွင် ကိုယ်ဝန်ဆောင်အမျိုးသမီးများသေမှု အမြင့်ဆုံးအကြောင်း အရင်း။
  • ခဏခဏ ဆီးသွားလာခြင်း။ ကိုယ်ဝန်ကြောင့်ဖြစ်လေ့ဖြစ်ထရှိသော နေထိုင်မကောင်းခြင်းဖြစ်ပြီး၊ သွေးထဲတွင် အရည်ပိုများလာခြင်း၊ GFR (ဂျီအက်(ဖ်)အာ) မြင့်တက်ခြင်း (ကျောက်ကပ်ပြွန်တို့မှ စစ်ချသည့်နှုန်း နှင့် ဆီးအိမ် အား ကြီးလာသည့်သားအိမ်မှ ဖိထားခြင်းကြောင့် ဖြစ်သည်။
  • ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါပိုးဝင်ခြင်း
  • သွေးပြန်ကြောများထုံးခြင်း - ဖြစ်လေ့ရှိသော နေထိုင်မကောင်းမှုဖြစ်ပြီး သွေးပြန်ကြောဆိုင်ရာ ကြွက်သားနု များ ဖြေလျော့ခြင်းနှင့် သွေးကြောထဲရှိ ဖိအားတက်လာခြင်းကြောင့် ဖြစ်သည်။