ဒုကနိပါတ် - ၁၀။ သိင်္ဂါလဝဂ် -(၂၄၈) ကိံသုကောပမဇာတ်။ ။ ကမ္မဋ္ဌာန်းချင်း ကွဲပြားလျက် အရဟတ္တဖိုလ်ရခြင်း တူမျှ၍ သံသယရှိသော ရဟန်းတို့အား ပေါက်ပင်ကို မြင်ဖူးသော မင်းသားညီနောင် လေးယောက်တို့နှင့် နှိုင်းယှဉ်၍ မိန့်တော်မူခြင်း အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ပြင်ဆင်ရန်

အကြောင်းကွဲလျက် ကျိုးတူချက်

ပြင်ဆင်ရန်

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် လေးပါးသော ရဟန်းတို့သည် မြတ်စွာဘုရားထံမှ ကမ္မဋ္ဌာန်းကိုယူပြီးလျှင် အသီးအသီး ပွားများအားထုတ်ကြကုန်၏။

ထိုလေးပါးသော ရဟန်းတို့တွင် တစ်ပါးသော ရဟန်းသည် ခြောက်ပါးသော ဖဿာယတနတို့ကို သိမ်းဆည်း၍ ရဟန္တာအဖြစ်သို့ရောက်၏။ တစ်ပါးသောရဟန်းသည် ငါးပါးသောခန္ဓာတို့ကို၊ တစ်ပါးသောရဟန်းသည် လေးပါးသော မဟာဘုတ်တို့ကို၊ တစ်ပါးသောရဟန်းသည် တစ်ဆယ့်ရှစ်ပါးသော ဓာတ်တို့ကို သိမ်းစည်း၍ ရဟန္တာအဖြစ်သို့ ရောက်ကြကုန်၏။ ထိုရဟန်းတို့သည် မိမိရအပ်သော တရားထူးကို မြတ်စွာဘုရားအား လျှောက်ထားကြကုန်၏။

ထိုအခါ တစ်ပါးသော ရဟန်းအား “ဤရဟန်းတို့၏ ကမ္မဋ္ဌာန်းတို့သည် ထူးကြကုန်၏။ နိဗ္ဗာန်ကား တူမျှကြကုန်၏။ အဘယ့်ကြောင့် ခပ်သိမ်းသော ရဟန်းတို့သည် အရဟတ္တဖိုလ်ကို ရကုန်သနည်း” ဟု အကြံဖြစ်၍ မြတ်စွာဘုရားအား ထိုဖြစ်သောအကြံကို လျှောက်ထားလေ၏။ မြတ်စွာဘုရားသည် “ရဟန်း ... သင်အား ပေါက်ပင်ကို မြင်ဖူးသော မင်းသားညီနောင် လေးယောက်တို့နှင့် ထူးခြားသောအဖြစ် အဘယ်မှာ ရှိအံ့နည်း” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ပြင်ဆင်ရန်

အမြင်ကွဲပြား မင်းသားများ

ပြင်ဆင်ရန်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ထိုဗြဟ္မဒတ်မင်းအား သားလေးယောက်တို့သည် ရှိကုန်၏။

တစ်နေ့သ၌ ထိုမင်းသားတို့သည် ရထားထိန်းကိုခေါ်၍ “အချင်း-ရထားထိန်း ... ငါတို့သည် ပေါက်ပင်ကို မြင်လိုကြကုန်၏။ ငါတို့အား ပေါက်ပင်ကို ပြပါလော” ဟု ပြောဆိုကြကုန်၏။

ရထားထိန်းသည် မင်းသားလေးယောက်တို့ကို တပေါင်းတည်း မပြဘဲ မင်းသားကြီးကို ရှေးဦးစွာ ရထားဖြင့ ဆောင်ယူပြီးှလျှင် “အရှင်မင်းသား ... ဤသစ်ပင်ကား ပေါက်ပင်ဖြစ်သည်” ဟု အရွက်မရှိ မီးလောင်ငုတ်ကဲ့သို နေသောအခါ၌ ပြလေ၏။ ထိုနောက် နှစ်ယောက်မြောက် မင်းသားအား ထူးသောအရွက် ရှိသောအခါ၌ ပြလေ၏။ သုံးူယောက်မြောက်မင်းသားအား ပွင့်သောအခါ၌ ပြလေ၏။ လေးယောက်မြောက် မင်းသားအား သီးသောအခါ၌ ပြလေ၏။

နောက်အဖို့၌ မင်းသားလေးယောက်တို့သည် တပေါင်းတည်းဆုံမိကြသောအခါ “ပေါက်ပင်ကား ဘယ်လိုနေသနည်း” ဟု အချင်းချင်း မေးမြန်းကြကုန်၏။ ထိုအခါ “မင်းသားကြီးသည် မီးလောင်ငုတ်ကဲ့သို့ရှိ၏။ နှစ်ယောက်မြောက်မင်းသားသည် ပညောင်ပင်ကဲ့သို့ရှိ၏။ သုံးယောက်မြောက်မင်းသားသည် သားတစ်ကဲ့သို့ ရှိ၏။ လေးယောက်မြောက်မင်းသားသည် ကုက္ကိုပင်ကဲ့သို့ရှိ၏” ဟု မိမိတို့ မြင်ခဲ့ကြသောအတိုင်း အသီးအသီး ပြောဆိုကြကုန်၏။

ခမည်းတော်ပြောပြ သဘောတူကြ

ပြင်ဆင်ရန်

ထိုမင်းသားတို့သည် အချင်းချင်းပြောဆိုကြသော စကားကို မနှစ်သက်နိုင်ကြသဖြင့် ဖခမည်းတော်ထံသို့ သွားကြ၍ “ခမည်းတော်မင်းမြတ် ... ပေါက်ပင်ကား ဘယ်လိုနေသနည်း” ဟု မေးပြန်ရာ မိမိတို့ပြောဆိုကြသော အမှတ်ဖြင့် အသီးအသီး လျှောက်ထားကြကုန်၏။ မင်းကြီးသည် သားတော်တို့ စကားကိုကြားလျှင် သားတော် လေးယောက်လုံးပင် ပေါက်ပင်ကို မြင်ဖူးကြသည်မှန်၏။ စင်စစ်ကား ပေါက်ပင်ကို ပြသောအခါ ပေါက်ပင်မှာ ဘယ်အခါ ဘယ်လိုရှိသည်ဟု ခွဲခြား၍ မမေးမိကြသည့်အတွက် ယုံမှားရှိကြသည်” ဟု သိတော်မူလျှင် -

“ချစ်သားတို့ ... သင်တို့အလုံးစုံပင် ပေါက်ပင်ကို မြင်ဖူးကြသည်မှန်၏။ ဤပေါက်ပင်၌ အဘယ်ကြောင့် သင်တို့ယုံမှား ဖြစ်သနည်းဟူမူ - သင်တို့ကား ပေါက်ပင်မှာ ဘယ်အခါ ဘယ်လိုရှိသည်ဟု အလုံးစုံသော ဌာနတို့၌ ရထားထိန်းကို မမေးမိကြသောကြောင့် ယုံမှားရှိကြကုန်၏” – ဟု သားတော်လေးယောက်တို့အား ပြောဆိုကြလေ၏။

ကြောင်းကျိုးမသိ ယုံမှားဘိ

ပြင်ဆင်ရန်

မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူ၍ “ရဟန်းတို့ ... မင်းသားညီနောင် လေးယောက်တို့သည် ခွဲခြမ်းဝေဖန်၍ မမေးအပ်သည်၏ အဖြစ်ကြောင့် ပေါက်ပင်၌ ယုံမှားရှိသကဲ့သို့ ထို့အတူ သင်သည်လည်း ဤတရား၌ ယုံမှားရှိကြောင်း သိတော်မူလျှင် -

ရဟန်းတို့ ... မင်းသားညီနောင် လေးယောက်တို့သည် ပေါက်ပင်၌ ယုံမှားရှိသကဲ့သို့ ထို့အတူ အလုံးစုံသော ဝိပဿနာဉာဏ်ဖြင့် ဖဿအာယတန အစရှိသော တရားတို့ကို မသိကုန်သောသူတို့သည် စင်စစ် ဖဿာယတနစသော တရားတို့၌ ယုံမှားဖြစ်ကြကုန်၏ ”- ဟု မိန့်တော်မူ၏။

ဇာတ်ပေါင်း

ပြင်ဆင်ရန်

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ဗာရာဏသီမင်းသည် - ယခုအခါ ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

ပြင်ဆင်ရန်

(၁) ပေါက်ပင်ပြလစ်၊ ခါမစစ်၊ ဖြစ်လိမ့်ယုံမှားသာ။

(၂) ဖဿစရှိ၊ ယုံမှား၏။ မသိဉာဏ်ဖြင့်သာ။

ကိံသုကောပမဇာတ် ပြီး၏။

  1. မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ