(၂) ဇာတ်ရှိပါသည်။ ဒုကနိပါတ် - ၆။ ဒဠှဝဂ် -၂၀၉ - ကုက္ကုဋဇာတ်။ ။ ကျော့ကွင်း၌ လိမ္မာ၍ မိမိကိုယ်ကို ကျော့ကွင်း မမိအောင် စောင့်ရှောက်နိုင်သော ကြက်အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ပြင်ဆင်ရန်

ကိုယ်ကိုစောင့်ကြပ် ရဟန်းမြတ်

ပြင်ဆင်ရန်

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ရှင်သာရိပုတ္တရာ၏ အတူနေတပည့်ဖြစ်သော ပဉ္စင်းငယ်သည် မိမိကိုယ်ကို စောင့်ရှောက်ရာ၌ လိမ္မာ၏။

ထိုပဉ္စင်းငယ်သည် မိမိကိုယ်ကို မချမ်းသာမည်းစိုးရိမ်၍ အလွန်အေးသောအစား၊ အလွန်ပူသောအစာကို မစားလေ။ နေပူလျှင် ပင်ပန်းမည်စိုးရိမ်၍ ပြင်ပသို့မထွက်။ အစာမကြေမည်ကို စိုးရိမ်၍ အလွန်ပျော့သောဆွမ်း၊ မနပ်သောဆွမ်းတို့ကို မစားလေ။ ထိုပဉ္စင်းငယ်၏ ကိုယ်ကို စောင့်ရှောက်ခြင်း၌ လိမ္မာသောအဖြစ်သည် သံဃာဘောင်တွင် ထင်ရှားလေ၏။

ရဟန်းတို့သည် တရားဘသင်ဝယ် ထိုပဉ္စင်းငယ်အကြောင်း စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရားသည် ကြွလာတော်မူ၍ “ရဟန်းတို့ ... ဤပဉ္စင်းငယ်သည် ယခုအခါ၌သာ ကိုယ်ကိုစောင့်ရှောက်ရာ၌ လိမ္မာသည်မဟုတ်၊ ရှေးအခါ၌လည်း လိမ္မာဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ပြင်ဆင်ရန်

ဘေးရန်သိမြင် ကြက်တိန်ညင်

ပြင်ဆင်ရန်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ်ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် တော်တစ်ခု၌ သစ်ပင်စောင့် ရုက္ခစိုးနတ် ဖြစ်လေ၏။

ထိုအခါ ငှက်မုဆိုးတစ်ယောက်သည် တိန်ညင်[တည်ကြက်] တစ်ကောင်ကိုယူ၍ သားမြီးဖြင့် ကျစ်ထားသော ကျော့ကွင်းနှင့် ကျော့ကွင်းတံတို့ကို ယူဆောင်ကာ တောသို့ သွား၍ ကြက်တို့ကို ထောင်လေ၏။ တောထဲသို့ ပြေးဝင်သော ကြက်ဟောင်း တစ်ကောင်သည် သားမြီးကျော့ကွင်း၌ လိမ္မာသောကြောင့် မိမိကိုယ်ကို မမိစိမ့်သောငှာ ပျံ၍ပျံ၍ နားလေ၏။ မုဆိုးလည်း ကိုယ်ကို သစ်ခက်သစ်ရွက်တို့ဖြင့် ဖုံးလွှမ်းကာ ကျော့ကွင်းကို အဖန်ဖန်ထောင်၏။ ကြက်သည် မုဆိုးကို အရှက်ကွဲစေလိုသောကြောင့် -

“အိုသစ်ပင် ... ဤတော၌ ငါမြင်ဖူးသော အင်ကြင်း၊ သစ်ဆိမ့်စသောအပင်တို့ကား သင်သစ်ပင်လို ဟိုဟိုသည်သည် ရွေ့လျားသွားလာခြင်း မရှိကြကုန်”- ဟု လူတို့ဘာသာစကားဖြင့် ပြောဆိုပြီးလျှင် ပြေး၍ တစ်ပါးသောအရပ်သို့ သွားလေ၏။ ထိုကြက် ပြေးသွားသောအခါ မုဆိုးသည် -

“လှောင်အိမ်ကို ဖျက်ဖောင်၍သွားသော ဤကြက်ဟောင်းကား သားမြီးကျော့ကွင်းတို့၌ လိမ္မာသည်ဖြစ်၍ မိမိကိုယ်ကို မမိစေဘဲ ကျော့ကွင်းမှ ရှောင်လည်း ရှောင်၏။ စကားလည်းဆိုခဲ့၏။ စကားဆိုပြီး၍လည်း ပြေးလေ၏” ဟု ပြောဆိုပြီးလျှင် တော်၌လှည့်ပတ်လျက် ရရသမျှကိုသာယူ၍ အိမ်သို့ပြန်ခဲ့ရ၏။

ဇာတ်ပေါင်း

ပြင်ဆင်ရန်

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ကြက်ဟောင်းသည် - ယခုအခါ ကိုယ်ကိုစောင့်ရှောက်ရာ၌ လိမ္မာသော ပဉ္စင်းငယ်။

မုဆိုးသည်-ဒေဝဒတ်။

ရုက္ခစိုးနတ်သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

ပြင်ဆင်ရန်

(၁) အပူ,အအေး၊ မြော်ချင့်တွေး၊ နေရေးစားသောက်မှု။

(၂) လျောက်ပတ်ရုံသာ၊ နေ,စားရာ၊ ကျန်းမာစောင့်ရှောက်ပြု။

ကုက္ကဋဇာတ် ပြီး၏။


ဒသကနိပါတ် - ၄၄၈။ ကုက္ကုဋဇာတ်

အဆွေခင်ပွန်းဖွဲ့၍ မပေါင်းသင်း ... ထိုက်သော သူတို့၏ လက္ခဏာ အမူအရာကို ပြောဆိုပြီးလျှင် စွန်အား ပြေးစေသော ကြက်မင်းအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

အသက်သေစေမှု ရန်ငြိုးပြု

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန် ကျောင်း၌ သီတင်းသုံးတော်မူစဉ် ဒေဝဒတ်သည် မြတ်စွာဘုရားကို သတ်ရန် လုံ့လပြုခြင်းကို အကြောင်း ပြု၍ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

စွန်ဥပါယ်ပြုငြား ကြက်တို့စား

လွန်လေ ပြီးသောအခါ ကောသမ္ဘီပြည်ဝယ် ကောသမ္ဗကမင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ဝါးတောတခုဝယ် ကြက်မျိုး၌ ကြက်အပေါင်း ခြံရံလျက်နေ၏၊ ထိုကြက်မင်း၏ မနီးမဝေးအရပ် စွန်တကောင်သည် နေလေ၏၊ ဥပါယ်တမျဉ်ဖြင့် ကြက်တကောင် တကောင်ကိုဖမ်း ယူ၍စားခဲ့ရာ ကြက်အပေါင်းကုန်၍ ကြက်မင်းတကောင်သာ ကျန်ရစ်တော့၏၊ ကြက်မင်းသည် မမေ့မလျော့သည် ဖြစ်၍ ထွက်သင့်သောအခါ၌သာ ထွက်၍ကျက်စားကာ ဝါးတောမှာပင် နေ၏။

ကြက်မင်းစားလို ဥပါယ်ဆို

စွန်သည် ကြက်မင်းကို ဖမ်းယူခြင်းငှါ မတတ်နိုင်သည်ဖြစ်၍ တခုသောဥပါယ်တမျဉ်ဖြင့် ဖြားယောင်းကာ ဖမ်းယူ မည်ဟု ကြံစည်၍ ကြက်မင်း၏ မနီးမဝေး အရပ်တွင် သစ်ခက်တခု၌ နားနေလျက် “အဆွေကြက်မင်း... ငါ့ကို အဘယ်ကြောင့် ကြောက်သနည်း၊ အသင်နှင့် အဆွေ ခင်ပွန်းဖွဲ့လိုပါသည်၊ ဤမည်သော အရပ်၌ အစာပြည့်စုံ၏၊ ထိုအရပ်၌ ကျက်စား၍ အချင်းချင်း ချစ်ချစ်ခင်ခင်နေ လိုပါ၏” ဟု ပြောလေ၏၊ ထိုအခါ ကြက်မင်းသည် “အချင်းစွန်...သင်နှင့်ငါ အကျွမ်းဝင်ခြင်းမရှိ၊ သင်သွားလော့”ဟု ပြော၏၊ အဆွေကြက်မင်း...ငါသည် ရှေး အခါ၌ မကောင်းမှုကို ပြုမိသောကြောင့် ငါ့ကိုမယုံကြည်၊ ဤနေ့မှစ၍ မကောင်းမှုကို မပြုတော့ပါ” ဟု ပြော၏။

သူမိုက် စွန်ယုတ် ပေါင်းသင်းမလုပ်

“အ ချင်းစွန် ... ငါ့မှာ သင်ကဲ့သို့ မကောင်းမှုပြုသောသူကို အဆွေခင်ပွန်း မဖွဲ့လို၊ သင်သွားလော့” ဟု သုံးကြိမ် မြောက်ပယ်၍ မကောင်းမှုပြုသော သတ္တဝါနှင့် အကျွမ်းဝင်ခြင်းငှါ မသင့်ဟု တောအုပ်ကို ပဲ့တင်ထပ်စေလျက် နတ်တို့ ကောင်းချီးပေးလတ်သော် ကြက်မင်းသည်-

“အို-နတ်များတို့မကောင်းမှုကို ပြုသောသူ, မုသားကိုဆိုလေ့ရှိသောသူ, မိမိအကျိုးကို အလိုရှိ၍ ဆည်းကပ် ခစားလာသောသူ, မိမိကိုယ်၌ ဂုဏ်ရှိ သကဲ့သို့ ပြုသောသူတို့နှင့် အကျွမ်းမဝင်ရာ”။

“အို-နတ်များတို့... အချို့သော သူတို့သည် ရေငတ်သော နွားကဲ့သို့ ဖြစ်ကုန်လျက် နှုတ်ဖြင့်သာ အဆွေခင်ပွန်းကဲ့သို့ ဆက်စပ်ကုန်၏၊ ကိုယ်ဖြင့်ကား မဆက်စပ်ကုန်၊ ထိုနှုတ်ဖြင့် အဆွေခင်ပွန်းဖွဲ့သော သူတို့နှင့် အကျွမ်းမဝင်ရာ”။

ရှက်ကြောက်ကင်းသူ ရှောင်လွှဲမှု

“အို–နတ်များတို့...အချည်းနှီး လက်အုပ်ချီကုန်လျက် နှုတ်ဖြင့်သာ ဤမည်သော အမှုကိုပြုမည်၊ ဤမည်သော ဥစ္စာကို ပေးမည်ဟု ဖုံးလွှမ်း၍ ပြောဆိုသောသူ, အရှက်အကြောက် အနှစ်သာရကင်း၍ မရှက် မကြောက်သောသူ, သူပြုဘူးသော ကျေးဇူးကို မသိသောသူတို့နှင့် အကျွမ်းမဝင်ရာ”။

“အို-နတ်များတို့... မုန်းလွယ် ချစ်လွယ်သော စိတ်ရှိသော မိန်းမ, ယောက်ျား, အထူးထူးသော အကြောင်းတို့ဖြင့် ရောနှောသည်ကို ထင်စွာပြု၍ ဘေးအန္တရာယ်ကို ပြုတတ်သောသူတို့နှင့် အကျွမ်း မဝင်ရာ”။

ပရိယာယ်ပြောလင့် မပေါင်းသင့်

“အို-နတ်များတို့...သူယုတ်တို့အမှုသို့ သက်ဝင်သောသူ, ခိုင်မြဲသော စကား မရှိသောသူ, အဝတ် ပုဆိုးတို့ဖြင့် ဖုံးလွှမ်းအပ်သော သန်လျက်ကဲ့သို့ သတ္တဝါ ခပ်သိမ်းတို့ကို ညှဉ်းဆဲသောသူတို့နှင့် အကျွမ်းမဝင်ရာ”။

“အို-နတ်များတို့—လောက၌ စကားပြေပြစ်၍ စိတ်ကမပါဘဲ အဆွေခင်ပွန်း သဘောဖြင့်အထူးထူးသော အကြောင်းတို့ဖြင့် အခွင့်ကောင်းကို ရှာနေသောသူတို့နှင့် အကျွမ်းမဝင်ရာ”။

ကြက်မင်းဆုံးမပေး စွန်ထွက်ပြေး

“အို-နတ်များတို့...အဆွေခင်ပွန်းအိမ်၌ တွေ့မြင်သော ထမင်းခဲဖွယ်နှင့်အခြားပစ္စည်းဥစ္စာကို မြင်၍ ပြစ်မှားသောသူ၊ အဆွေခင်ပွန်းကို ဖျက်ဆီးသော သူတို့နှင့် အကျွမ်းမဝင်ရာ”

ဟု နတ်အပေါင်းအား အကျွမ်းမဝင် ကောင်းသော ဟောကြားလေ၏၊ ထို့နောက် ကြက်မင်းသည် စွန်ကို ခေါ်၍ “အချင်းစွန်သင်သည် ဤအရပ်၌ အကယ်၍ နေငြားအံ့၊ သင့်အားပြုအပ်သော အမှုကို သိရပေလိမ့်ည်”ဟု ပြောဆို ခြိမ်းချောက်လေ၏၊ စွန်လည်းကြောက်သဖြင့် ထိုအရပ်မှ ဖဲ၍ အရပ်တပါးသို့ ပြေးလေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်, ပစ္စုပ္ပန် နှစ်တန်သောဝတ္ထုတို့ကို အနုသန္ဓေဆက်စပ်တော်မူလျက်–

ရဟန်းတို့...

*ထိုအခါ စွန်သည်-ယခုအခါ ဒေဝဒတ်။

*ကြက်မင်းသည်-ငါဘုရားဖြစ်လာပြီ–

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) မကောင်းပြုလို၊ မုသားဆို၊ ကျိုးလိုဆည်းကပ်လာ။

(၂) ဂုဏ်ရှိမာန်ပြ၊ နွားရေကျ၊ နှုတ်မျှဆက်စပ်ကာ။

(၃) ပေးမည်ပြုမည်၊ နှုတ်လိမ်လည်၊ တမည်ရှက်ကြောက်ကွာ။

(၄) ကျေးဇူးပစ်ပယ်၊ မုန်း, ချစ်လွယ်၊ အန္တရာယ်ပြုတတ်စွာ။

(၅) စကားမမြဲ၊ ယုတ်ဘက်လှဲ့၊ ညှဉ်းဆဲသတ္တဝါ။

(၆) ခင်ပွန်းယောင်နေ၊ နှုတ်ပြစ်ပြေ၊ ရှာဖွေခွင့်ကောင်းသာ။

(၇) ခင်ပွန်းအိမ်တွင်၊ ဥစ္စာမြင်၊ လိုချင်တတ်သူသာ။

(၈) ဆိုပြီးခဲ့တုံ၊ အလုံးစုံ၊ မယုံမကျွမ်းရာ။

ကုက္ကုဋဇာတ် ပြီး၏။

***

[]

  1. ၁.၀ ၁.၁ မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ