ကုမာရ၊ ဆရာတော် ဘဒ္ဒန္တ၊ အဂ္ဂမဟာပဏ္ဍိတ၊ (ရေဦးမြို့)

အဂ္ဂမဟာပဏ္ဍိတ ဆရာတော် ဘဒ္ဒန္တ ကုမာရ

ကုမာရ၊ ဆရာတော် ဘဒ္ဒန္တ၊ အဂ္ဂမဟာပဏ္ဍိတ၊ ရေဦးမြို့၊ လေးထပ်ကြီးကျောင်းတိုက် (မြန်မာ ၁၂၇၂-၁၃၅၁) ပြင်ဆင်ရန်

ဆရာတော် ဘဒ္ဒန္တ ကုမာရကို စစ်ကိုင်းတိုင်း ရေဦးမြို့နယ်၊ ထန်းကြီး အုပ်စု၊ ထန်းတောကုန်း ကျေးရွာ၌ ခမည်းတော် ဦးဘုန်းကျော်၊ မယ်တော်ဒေါ်မြစ်တို့က သက္ကရာဇ် ၁၂၇၂ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက် တနင်္လာနေ့တွင် ဖွားမြင်သည်။ ရှစ်နှစ်သားအရွယ်တွင် ခမည်းတော် မယ်တော်တို့၏ပစ္စယာနုဂ္ဂဟဖြင့် ထန်းတောကုန်းရွာ သဒ္ဓမ္မဝံသ ရွာသာကျောင်းတိုက်ဆရာတော် ဘုရားကြီးထံ၌ ရှင်သာမဏေအဖြစ်သို့ ရောက်သည်။ သာမဏေဘွဲ့မှာ ရှင်ကုမာရ ဖြစ်သည်။

ထို့နောက် သက္ကရာဇ် ၁၂၉၁ ခုနှစ်၊ တန်ခူးလဆန်း ၃ ရက် နေ့တွင် ထန်းတောကုန်းရွာ၊ သဒ္ဓမ္မဝံသရွာသာ ကျောင်းတိုက်၊ ခဏ္ဍသိမ် ရေဦးမြို့၊ လေးထပ်ကြီးကျောင်း ဆရာတော် ဦးဒေဝိန္ဒ ကို ဥပဇ္ဈာယ် ပြုလျက် ခမည်းတော် မယ်တော်တို့၏ ပစ္စယာ နုဂ္ဂဟကို ခံယူ၍ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်တော် မူသည်။

ဆရာတော်သည် ငါးနှစ်သားအရွယ်မှစ၍ အခြေခံစာများကို သဒ္ဓမ္မဝံသရွာသာကျောင်း ဆရာတော်ထံသင်ကြားခဲ့ပြီး ရှစ်နှစ် သားအရွယ် သာမဏေအဖြစ်သို့ရောက်သောအခါ အဘိုးဖြစ်သူ ဒီပဲယင်းမြို့နယ် ခေါင်းစား မရွာ တောရကျောင်း ဆရာတော် ဘုရားကြီးထံ၌ ပစ္စဝေက္ခဏာ၊ လိင်၊ ဒဏ်၊ သေခိယ၊ ခန္ဓကဝတ် တို့ကို ပါဌ် အနက် အာဂုံဆောင်နိုင်သည်အထိ ကောင်းစွာသင် ယူခဲ့သည်။

ထို့နောက်ဆရာတော်သည် ကျမ်းပေါင်းများစွာကို ရေးသား ပြုစုတော်မူသော ပိဋိကတ္တယကောဝိဒဂန္တကာရက ရေဦးဆရာ တော် ဦးဒေဝိန္ဒထံ၌ ပိဋကတ်ကျမ်းစာ အမျိုးမျိုးကိုလည်းကောင်း၊ တိုက်အုပ်ဆရာတော် ဦးစန္ဒ၊ စာချဆရာတော် ဦးဉာဏိန္ဒ စသော ဆရာတော်များထံ၌ ပါဠိ၊ အဋ္ဌကထာ၊ အဘိဓမ္မတ္ထသင်္ဂဟ၊ ဒွေမာ တိကာဝိနည်းပါဠိတော် စသောကျမ်းစာများကိုလည်းကောင်း သင်ကြားတတ်မြောက်တော်မူခဲ့သည်။

ထို့ပြင် ဆရာတော်သည် လယ်တီတိုက် ပထမကျော် ဦးဝါယမထံ၌ ရူပသိဒ္ဓိကျမ်း၊ အမရပူရ မင်္ဂလာ ရာမတိုက် ဆရာတော် ဦးဓမ္မသာမိ ထံ၌ ယမိုက်ပဋ္ဌာန်းညဝါကျမ်း၊ ညောင်ကန်ဆရာတော်ဘုရားကြီး ထံတော်၌ ကင်္ခါဝိတရဏီ အဋ္ဌကထာနှင့် ဋီကာကျမ်းစသော ကျမ်းစာများကို စွယ်စုံထူးမြောက် ပါရဂူမြောက်အောင် သင်ယူ တော်မူခဲ့သည်။

ထိုသို့ စာပေကျမ်းဂန်များကို သင်ယူတတ်မြောက်တော်မူပြီးနောက် ၁၂၉၈ ခုနှစ်တွင် ရေဦးမြို့၊ လေးထပ်ကြီးကျောင်းတိုက်၌ စာချ အနုနာယကအဖြစ် စာပေများကို ပို့ချတော်မူသည်။ စာပေကျမ်းဂန် များကို တပည့် သံဃာများအား ပို့ချတော်မူရင်း ဆဋ္ဌသင်္ဂါယနာ ဘာဏက၊ ဆဋ္ဌသင်္ဂါယနာ ပါဠိ ဝိသောဓက၊ ရေဦးမြို့ကျောင်း ထိုင် ဆရာတော်များအဖွဲ့ အကျိုးတော်ဆောင်၊ ရေဦးမြို့မြို့မသံဃာ့ အဖွဲ့ ဥက္ကဋ္ဌ၊ ပါဠိပထမပြန် စာမေးပွဲကြီးကြပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ စစ်ကိုင်းတိုင်း သံဃာ့နာယကအဖွဲ့ဝင်စသော သာသနာရေး ကိစ္စ အဝဝကို ထမ်းဆောင်တော်မူခဲ့သည်။

ဤသို့ သာသနာတော်အကျိုးကို သယ်ပိုးဆောင်ရွက်တော်မူသော ကြောင့် သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့နှင့် ပြည့်ဝတော်မူ သည့် ဆရာတော် ဘဒ္ဒန္တကုမာရသည် ၁၉၈၇ ခုနှစ်ဇန်နဝါရီလ ၄ ရက်နေ့တွင် ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်ကောင်စီက ဆက်ကပ် လှူဒါန်းသော အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ကို အလှူခံရရှိတော်မူသည်။

အဂ္ဂမဟာပဏ္ဍိတ ဆရာတော် ဘဒ္ဒန္တ ကုမာရသည် ၁၃၅၁ ခုနှစ် နယုန်လပြည့်ကျော် ၅ ရက်နေ့တွင် ဘဝနတ်ထံပျံလွန်တော်မူသည်။


[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)