(၆)သုတ် ရှိပါသည်။

[၁] မေတ္တာစေတောဝိမုတ္တိကို မပွားများ ကြိမ်ဖန်များစွာဖြစ်အောင် မလေ့လာထားလျှင် ယောက်ျားနည်း၍ မိန်းမများသောအိမ်ကို ခိုးသူတို့ အလွယ်တကူလုယက် ဖျက်ဆီးနိုင်ကြကုန်သကဲ့သို့၊ မေတ္တာစေတနာဝိမုတ္တိကို ပွားများကြရမည်၊ ကြိမ်ဖန်များစွာ ဖြစ်အောင်ပြုလုပ်အားထုတ်ကြရမည်၊ (အလွယ်တကူ သွားနိုင်သော) ယာဉ်ကဲ့သို့ ဖြစ်အောင် ပွားများကြရမည်၊ စွဲမြဲစွာတည်အောင်ပြုလုပ်အားထုတ်ထားရမည်၊ မိမိ၏ ပတ်ပတ်လည်၌ဖြစ်နေအောင် ပွားများထားရမည်၊ မေတ္တာစိတ်ဖြစ်နေအောင် အားထုတ် ကြရမည်၊ ယောက်ျားများ၍ မိန်းမနည်းသောအိမ်ကို ခိုးသူတို့ မဖျက်ဆီးနိုင်သကဲ့သို့ ထိုရဟန်းကို ဘီလူးတို့ မနှိပ်စက်နိုင်-ဟု ဘုရားရှင် ဟောတော်မူသည့်သုတ်။


[၂] ဘုရားရှင် ကောသလနိုင်ငံ နာလန္ဒာမြို့ ပါဝါရိကမ္ဗဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် နိဂဏ္ဌနာဋပုတ္တသည် မိမိ၏ဒကာရင်းဖြစ်သော အသိဗန္ဓက၏သား ရွာသူကြီးကို ဘုရားရှင် “မထွေးနိုင်, မမြိုနိုင်” (မဖြေကြားနိုင်)လောက်သည့် ပြဿနာ တစ်ခုကို ပြင်ဆင်၍ ဘုရားရှင်ထံ ဝါဒတင်ရန် စေလွှတ်လိုက်လေသည်၊ ဘုရားရှင်က “ဒါန, ဝစီသစ္စာ, သီလ”ဟူသော တရားသုံးပါးကြောင့် သတ္တဝါတို့ ကြီးပွားကြပုံ၊ (၉၁)ကမ္ဘာအတွင်း၌ ကျက်ပြီးသောထမင်းကို ပေးလှူခြင်းကြောင့် ပျက်စီးသောအမျိုး တစ်စုံတစ်ယောက်မျှမရှိခဲ့ပုံနှင့် အမျိုးတို့၏ ပျက်စီးခြင်းအကြောင်း ရှစ်မျိုးတို့ကို ဟောကြားတော်မူရာ ရွာသူကြီး သရဏဂုံဆောက်တည်သွားပုံကို ဟောတော်မူသည့်သုတ်။


[၃] များပြားလှစွာသော စည်းစိမ်ဥစ္စာတို့ ကြာရှည်လေးမြင့် မတည်တံ့နိုင်သော အကြောင်းလေးပါးနှင့် ကြာရှည်လေးမြင့် တည်တံ့နိုင်သောအကြောင်း လေးမျိုးတို့ကို ကဏှပက္ခ, သုက္ကပက္ခအားဖြင့် ဘုရားရှင် ဟောတော်မူသည့်သုတ်။


[၄] သီလဝန္တရဟန်းတော်တို့ ကြွရောက်သောအိမ်၌ အကြောင်းငါးမျိုးတို့ဖြင့် အိမ်သူအိမ်သားတို့ များစွာသော ကုသိုလ်တရားတို့ဖြစ်ပွားနိုင်ပုံကို ဘုရားရှင် ဟောတော်မူသည့်သုတ်။


[၅] မကပ် (မကြွ)ရောက်ဖူးသေးသော် ကပ် (ကြွ)ရောက်ရန် မသင့်၊ ကပ် (ကြွ) ရောက်ပြီးသော် ထိုင်ရန်မသင့်သော ဒါယကာတို့အိမ် (၇)မျိုးနှင့်၊ မကပ် (မကြွ)ရောက် ဖူးသေးသော် ကပ် (ကြွ)ရောက်ရန်သင့်၊ ကပ် (ကြွ)ရောက်ခဲ့သော် ထိုင်နေရန်သင့် မြတ်သော ဒါယကာတို့အိမ် (၇)မျိုးကို ကဏှပက္ခ, သုက္ကပက္ခအားဖြင့် ဘုရားရှင် ဟောတော်မူသည့်သုတ်။


[၆] မကြွရောက်ဖူးမျှော် ကြွရောက်ရန်မသင့်၊ ကြွရောက်ပြီးသော် ထိုင်နေရန် မသင့်သော ဒါယကာတို့အိမ် ကိုးမျိုးနှင့် မကြွရောက်ဖူးသေးသော် ကြွရောက်ရန် သင့်မြတ်၊ ကြွရောက်ပြီးသော် ထိုင်နေရန် သင့်မြတ်သောဒါယကာတို့၏အိမ် ကိုးမျိုးတို့ကို ကဏှပက္ခ, သုက္ကပက္ခအားဖြင့် ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၇]


ကုလသုတ်သည် မြတ်စွာဘုရား ဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် သီလရှိသော ရဟန်းတို့ ချဉ်းကပ်သော အိမ်သည် ငါးမျိုးသော အကြောင်းတို့ဖြင့် ကောင်းမှုများစွာ ပွားစေနိုင်ကြောင်းကို ဟောကြားတော်မူခဲ့သည်။[၈]

ကုလသုတ် ပြင်ဆင်ရန်

ရဟန်းတို့ သီလရှိသော ရဟန်းတို့ ချဉ်းကပ်အပ်သော အိမ်၌ လူတို့သည် ငါးမျိုးသော အကြောင်းတို့ဖြင့် များစွာသော ကောင်းမှုကို ပွားစေကုန်၏။[၈]

အဘယ်ငါးမျိုးတို့နည်းဟူမူ -[၈]

ရဟန်းတို့ သီလရှိသော ရဟန်းသည် အိမ်သို့ ချဉ်းကပ်သည်ရှိသော် လူတို့သည်မြင်၍ စိတ်ကြည်လင်သောအခါ ထိုအိမ်သည် နတ်ပြည်၌ ဖြစ်စေတတ်သောအကျင့်ကို ကျင့်သည်မည်၏။[၈]

ရဟန်းတို့ သီလရှိသော ရဟန်းသည် အိမ်သို့ ချဉ်းကပ်သည်ရှိသော် လူတို့သည် ခရီးဦးကြိုဆိုကြ ရှိခိုးကြ နေရာထိုင်ခင်း ပေးကြသောအခါ ထိုအိမ်သည် မြင့်မြတ်သောအမျိုး၌ ဖြစ်စေတတ်သောအကျင့်ကို ကျင့်သည်မည်၏။[၈]

ရဟန်းတို့ သီလရှိသော ရဟန်းသည် အိမ်သို့ ချဉ်းကပ်သည်ရှိသော် လူတို့သည် ဝန်တိုမှု အညစ်အကြေးကို ပယ်ဖျောက်သောအခါ ထိုအိမ်သည် တန်ခိုးကြီးခြင်းကို ဖြစ်စေတတ်သော အကျင့်ကို ကျင့်သည်မည်၏။[၈]

ရဟန်းတို့ သီလရှိသော ရဟန်းသည် အိမ်သို့ ချဉ်းကပ်သည်ရှိသော် လူတို့သည် အစွမ်းရှိသလောက် ဝေဖန်လှူဒါန်းသောအခါ ထိုအိမ်သည် ဥစ္စာပေါများခြင်းကို ဖြစ်စေတတ်သောအကျင့်ကို ကျင့်သည်မည်၏။[၈]

ရဟန်းတို့ သီလရှိသော ရဟန်းသည် အိမ်သို့ ချဉ်းကပ်သည်ရှိသော် လူတို့သည် ပုစ္ဆာ မေးကြ၊ ပြဿနာ မေးကြ၊ တရားနာကြသောအခါ ထိုအိမ်သည် ပညာကြီးခြင်းကို ဖြစ်စေတတ်သော အကျင့်ကို ကျင့်သည်မည်၏။[၈]

ရဟန်းတို့ သီလရှိသော ရဟန်းတို့ ချဉ်းကပ်အပ်သော အိမ်၌ လူတို့သည် ငါးမျိုးသော အကြောင်းတို့ဖြင့် များစွာသော ကောင်းမှုကို ပွားစေကုန်၏ဟု (မိန့်တော်မူ၏)။[၈]

ကိုးကား ပြင်ဆင်ရန်

  1. -သံ၊၁၊၄၅၄-၅။ သံ၊မြန်၊၁၊၄၄၃-၄။ သံ၊ဋ္ဌ၊၂၊၂၀၆။ သံ၊ဋီ၊၂၊၁၈၇။ -သံယုတ္တနိကာယ၊ နိဒါနဝဂ္ဂသံယုတ္တ၊ ၉-ဩပမ္မသံယုတ္တ၊ တတိယသုတ်။
  2. -သံ၊၂၊၅၀၇။ သံ၊မြန်၊၂၊၅၀၀-၂။ သံ၊ဋ္ဌ၊၃၊၁၄၃-၄။ သံ၊ဋီ၊၂၊၃၈၂။ -သံယုတ္တနိကာယ၊ သဠာယတနဝဂ္ဂသံယုတ္တ၊ ၈-ဂါမဏိသံယုတ္တ၊ နဝမသုတ်။
  3. -အံ၊၁၊၅၇၂။ အံ၊မြန်၊၁၊၅၈၆။ အံ၊ဋ္ဌ၊၂၊၃၉၇။ -အင်္ဂုတ္တရနိကာယ၊ စတုက္ကနိပါတ၊ (၂၆)၆-အဘိညာဝဂ္ဂ၊ ပဉ္စမသုတ်။
  4. -အံ၊၂၊၂၁၃။ အံ၊မြန်၊၂၊၂၆၈။ -အင်္ဂုတ္တရနိကာယ၊ ပဉ္စကနိပါတ၊ စတုတ္ထပဏ္ဏာသက၊ (၂၀)၅-ဗြာဟ္မဏဝဂ္ဂ၊ နဝမသုတ်။
  5. -အံ၊၂၊၄၀၂။ အံ၊မြန်၊၂၊၅၀၉-၅၁၀။ အံ၊ဋ္ဌ၊၃၊၁၄၆။ -အင်္ဂုတ္တရနိကာယ၊ သတ္တကနိပါတ၊ ၂-အနုသယဝဂ္ဂ၊ တတိယသုတ်။
  6. -အံ၊၃၊၁၉၂။ အံ၊မြန်၊၃၊၁၉၃။ အံ၊ဋ္ဌ၊၃၊၂၆၆။ -အင်္ဂုတ္တရနိကာယ၊ နဝကနိပါတ၊ ပဌမပဏ္ဏာသက၊ ၂-သီဟနာဒဝဂ္ဂ၊ သတ္တမသုတ်။
  7. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ
  8. ၈.၀ ၈.၁ ၈.၂ ၈.၃ ၈.၄ ၈.၅ ၈.၆ ၈.၇ ၈.၈ ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော်၊ အင်္ဂုတ္တရနိကာယ်ဝင် သုတ္တန်ပိဋကတ်၊ အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန် (ဒုတိယတွဲ)၊ ပဉ္စက - ဆက္က - သတ္တကနိပါတ်၊ (၄) စတုတ္ထပဏ္ဏာသက (၂၀) ၅- ဗြဟ္မဏဝဂ် ၉-ကုလသုတ် (တတိယအကြိမ် ed.)။ ရန်ကုန်မြို့၊ ကမ္ဘာအေး၊ သာသနာရေးဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်။ ၁၉၉၈။ pp. ၂၆၈။