ကုသလာသာမိ၊ ဆရာတော်ဘဒ္ဒန္တ၊ အဂ္ဂမဟာပဏ္ဍိတ

အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဆရာတော် ဘဒ္ဒန္တ ကုသလသာမိ

ကုသလသာမိ၊ ဆရာတော် ဘဒ္ဒန္တ၊ အဂ္ဂမဟာပဏ္ဍိတ မိတ္ထီလာမြို့၊ သာသနဟိတကာရီ ပါဠိတက္ကသိုလ် ဥယျာဉ်ကျောင်းတိုက် (မြန်မာ ၁၂၆၃-) ပြင်ဆင်ရန်

ဆရာတော်ဘဒ္ဒန္တ ကုသလသာမိကို မန္တလေးတိုင်း ပျော်ဘွယ်မြို့နယ်၊ ဆားတောင်ရွာတွင် ခမည်းတော် ဦးရန်အောင်၊ မယ်တော် ဒေါ်ငြိမ်းရံတို့က ၁၂၆၃ ခုနှစ် ဝါဆိုလဆန်း ခုနစ်ရက် တနင်္လာနေ့တွင် ဖွားမြင်သည်။ ၁၂ နှစ်သားအရွယ်တွင် ခမည်းတော်၊ မယ်တော်တို့၏ ပစ္စယာနုဂ္ဂဟကို ခံယူ၍ စံရာတောင်ကုန်းသိမ် တောရ မင်းကျောင်းဆရာတော် ဦးအာစိဏ္ဏကို ဥပဇ္ဈာယ်ပြုလျက် သာမဏေအဖြစ်သို့ ရောက်သည်။

ထို့နောက် ကမ်းနားကျောင်းဆရာတော် ဦးတေဇဝန္တထံတွင် သဒ္ဒါကျမ်း၊ ပုဒ်စစ်ကျမ်း၊ သင်္ဂဟကျမ်းများကို ပြီးဆုံးအောင် သင်ကြားသည်။ ၁၇ နှစ်သား အရွယ်တွင် မန္တလေးမြို့ မစိုးရိမ် တိုက် တိုက်အုပ် နာယက အဂ္ဂမဟာပဏ္ဍိတဘွဲ့ရ ဆရာတော် အရှင်သောမာဘိသိရီထံတွင် သဒ္ဒါကျမ်း၊ ရူပသိဒ္ဓိကျမ်း၊ မာတိကာ ဓာတုကထာကျမ်း၊ ယမိုက်အရကောက်ကျမ်းများကို ဆုံးခန်းတိုင် သင်ကြားခဲ့သည်။

မိတ္ထီလာမြို့နယ် ညောင်မြင့်ရွာနေ ဦးဆက်နှင့် ဒေါ်ဦးမေ တို့၏ပစ္စယာနုဂ္ဂဟဖြင့် တောမလေးထပ်ကျောင်း ဆရာတော်ကို ဥပဇ္ဈာယ်ပြု၍ ၁၂၈၃ ခုနှစ်တွင် ရဟန်းအဖြစ်သို့ ရောက်တော်မူ သည်။

ရဟန်းတစ်ဝါရပြီးနောက် ဒက္ခိဏာရာမဘုရားကြီးတိုက် ဆရာတော် ဦးနန္ဒိယထံတွင် ကစ္စည်းသဒ္ဒါကျမ်း၊ ဝိနည်းဆိုင်ရာ ကင်္ခါကျမ်း၊ ပါရာဇိကဏ် အဋ္ဌကထာကျမ်း၊ ပါစိတျာဒိ အဋ္ဌကထာကျမ်း စသော ကျမ်းများကို ပေါက်ရောက် ပြီးဆုံးအောင် သင်ကြားခဲ့သည်။ ဆရာတော်သည် ပင်းသာ ကျောင်း ဆရာတော်ကြီး ဦးခန္တီ၊ ဆရာတော် ဦးနာရဒ၊ ဆရာတော်ကြယ်၊ တောင်မြို့ မင်္ဂလာရာမတိုက်သစ် ဆရာတော် ဦးဓမ္မသာမိ၊ ဆရာတော် ဦးပခန်းတို့ထံတွင် လောကတ္တရာစာပေ များကို နှစ်ပေါင်းများစွာ သင်ကြားခဲ့သည်။

ဆရာတော်သည် အစိုးရက ကျင်းပသော ပထမပြန်စာမေးပွဲ ပထမငယ်၊ ပထမလတ်၊ ပထမကြီးတန်းတို့ကို လည်းကောင်း၊ ဝံသာနုအမျိုးသားစာမေးပွဲ ပထမကြီးတန်းကိုလည်းကောင်း၊ ရန်အောင်မြို့ သာသနာ နုဂ္ဂဟအသင်းစာမေးပွဲ ပထမကြီး တန်းကို လည်းကောင်း အောင်မြင်တော်မူခဲ့သည်။

၁၂၉၉ ခုနှစ်တွင် မိတ္ထီလာမြို့ ဘူတာဟောင်း ဥယျာဉ် တိုက်ကို စာသင်တိုက်ဖွင့်လှစ်ပြီး စာသင်သားများစွာတို့ကို ပရိယတ္တိစာပေများ ပို့ချပေးခဲ့သည်။ ၁၃၂၃ ခုနှစ်တွင် ဥယျာဉ် စာသင်တိုက်ကြီးကို ပါဠိတက္ကသိုလ်စာသင်တိုက်ကြီးအဖြစ် တိုးချဲ့ပြီး ကျောင်းအုပ်ဆရာတော်အဖြစ် ပရိယတ္တိတာဝန်ကို ထမ်းဆောင်ခဲ့သည်။ ဆရာတော်သည် ဆဋ္ဌသံဂါယနာ တင်စဉ် အခါ၌လည်း ပထမသန္နိပါတ ပါဠိဝိသောဓကအဖွဲ့ ဥက္ကဋ္ဌ အဖြစ် လည်းကောင်း၊ ပါဠိအဖွဲ့ ဥက္ကဋ္ဌ အဖြစ် လည်းကောင်း ဆောင်ရွက်ခဲ့သည်။ ဝိနိစ္ဆာယဌာနတွင် ခရိုင်ဝိနည်းဓိုရ် ဆရာတော်၊ နိုင်ငံတော်ပါဠိတက္ကသိုလ် ဓမ္မာစရိယ စာမေးပွဲ များနှင့် ပါဠိပထမပြန် စာမေးပွဲများ ကြီးကြပ်ရေး ဥက္ကဋ္ဌ အဖြစ်လည်း ဆောင်ရွက်တော်မူခဲ့သည်။ မိတ္ထီလာမြို့ ရွှေမြင်တင်မဟာစေတီတော်ကြီး၊ ဘိုးဘွားရိပ်သာ၊ ပဋိပတ္တိ ပြန့်ပွားရေးအဖွဲ့ စသည်တို့၏ ဩဝါဒါစရိယအဖြစ် ဆောင်ရွက် တော်မူလျက် ရှိသည်။ ထို့ပြင် နိုင်ငံတော် ဗဟိုသံဃာ့ ဝန်ဆောင်အဖြစ်လည်း ဆောင်ရွက်တော်မူလျက်ရှိသည်။

ဆရာတော်သည် နာမောတဿဒီပနီ၊ ဩကာသဒီပနီ၊ မင်္ဂလတ္ထဒီပနီ၊ ရတနတ္တယ ပကာသနီကျမ်းတို့ကို ပြုစု ရေးသားတော်မူခဲ့သည်။

ဤသို့ သာသနာတော်၏ အကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်တော်မူသောကြောင့် ဆရာတော် ဘဒ္ဒန္ဒ ကုသလ သာမိသည် ၁၉၈၄ ခုနှစ် ဇန္နဝါရီလ ၄ ရက်နေ့တွင် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော် ကောင်စီက ဆက်ကပ်လှူဒါန်းသော အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ကို အလှူခံရရှိတော်မူသည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)