ကောင်းတုံမြို့ ပြင်ဆင်ရန်

ဗန်းမော်ခရိုင်၊ ရွှေဂူမြို့နယ်တွင် ပါဝင်သော ကောင်းတုံမြို့သည် မန္တလေးမြို့မှ ၂၆၃ မိုင်၊ ဗန်းမော်မြို့မှ ၁၂ မိုင်မျှဝေးကွာသော ဧရာဝတီမြစ်၏ လက်ဝဲဘက်ကမ်းပေါ်တွင်တည်ရှိသည်။

ယခုအခါ ကောင်းတုံမြို့သည် ထင်ပေါ်ကျော်စောသော မြို့ မဟုတ်သော်လည်း ရှေးအခါက ကုန်းလမ်းကုန်စည်ကူးသန်း ရောင်းဝယ်မှုတွင် ဖွံ့ဖြိုးခဲ့သည်။ ဤမြို့မှနေ၍ ကုန်းလမ်းခရီး ဖြင့် တရုတ်နိုင်ငံသို့၎င်း၊ ရေလမ်းခရီးဖြင့် ရန်ကုန်မြို့သို့၎င်း၊ ကူးလူးဆက်ဆံနိုင်ခဲ့သည်။ အထူးသဖြင့် ၁၇ ရာစုနှစ် နောက် ပိုင်းတွင် ဗန်းမော်မြို့၌ ဒပ်ချလူမျိုးနှင့် အင်္ဂလိပ်လူမျိုးတို့၏ အလုပ်ရုံကြီးများ ဖွင့်လှစ်လုပ်ဆောင်သောအချိန်များတွင် ပိုမို စည်ကား၍လာခဲ့သည်။ ရှေးမြန်မာနိုင်ငံ ရေလမ်းကုန်စည် ရောင်းဝယ်ဖောက်ကားမှုနှင့်စပ်လျဉ်း၍ 'အထက်ကောင်းတုံ၊ အောက်ရန်ကုန်နှင့် စုန်ဆန်ထက်အောက်'ဟု ပြောဆိုရေးသား လေ့ရှိသည်။ ရှေးမြန်မာမင်းများလက်ထက်က ရွှေဂူမြို့ဝန်မှာ ကောင်းတုံမြို့နှင့် စာဝတီးမြို့ ၂ မြို့ကို အုပ်ချုပ်ရလေသည်။ ရှေးအခါက ကောင်းတုံမြို့နယ်တွင် တောလက်ကျေးရွာ ၄ဝ ခန့်ပါဝင်သည်။ ထိုကျေးရွာများမှာ ဧရာဝတီမြစ်သို့ ဒုတိယ မြစ်ကျဉ်းအထက်အနီးတွင်စီးဝင်သော စင်းခန်းချောင်းကမ်း ပေါ်တွင်တည်ရှိကြသည်။

ဆင်ဖြူရှင်မင်းလက်ထက် ခရစ် ၁၇၆၅ ခုနှစ်မှ ၁၇၆၉ ခုနှစ်အထိ (မြန်မာသက္ကရာဇ် ၁၁၂၇ ခုနှစ်မှ ၁၁၃ဝ ပြည့်နှစ် အထိ) ၄ ကြိမ်တိုင်တိုင် တရုတ်နှင့် မြန်မာတို့စစ်ဖြစ်ကြရာ ကောင်းတုံမြို့နေရာတွင် တိုက်ပွဲများ အကြိမ်ကြိမ် ဖြစ်ပွားခဲ့ သည်။ နောက်ဆုံးတရုတ်မြန်မာ စစ်ပြေငြိမ်းရေးစာချုပ်ကို ကောင်းတုံမြို့မှာပင် ချုပ်ဆိုရေးထိုးခဲ့ကြသည်။ စစ်ပွဲပြီးဆုံး၍ မြန်မာတပ်များထွက်ခွါခါနီး ဗိုလ်ချုပ် ဝန်ကြီးမဟာသီဟသူ ကြီးမှူး၍ စစ်ပြေငြိမ်းသည့်အထိမ်းအမှတ်နှင့် စေတီတစ်ဆူ တည်ထားခဲ့သည်။ ထိုစစ်ပွဲများပြီးဆုံးသွားပြီးနောက် တရုတ် နိုင်ငံနှင့်မြန်မာနိုင်ငံသို့ ကုန်စည်ကူးသန်းရောင်းဝယ်မှု ပိုမို တိုးတက်လာသည်။ ကောင်းတုံမှ ရွှေလီ၊ မိုင်းမောလမ်းစဉ် တို့ဖြင့် တရုတ်နိုင်ငံသို့ပေါက်ရောက်နိုင်ရကား ကောင်းတုံမှာ ဖောက်ကားရောင်းဝယ်မှု ဗဟိုစခန်းအဖြစ် ဗန်းမော်မြို့နှင့်ပင် အပြိုင်အဆိုင်ဖြစ်လာခဲ့ဘူးသည်။

ကောင်းတုံမှာ ယခုအခါ ကချင်ပြည်နယ်တွင်ပါဝင်၍ လူဦးရေ ၃ဝဝ ခန့်မျှ နေထိုင်သည့် ကျေးရွာမျှ ဖြစ်နေတော့သည်။ ငါးဖမ်းခြင်းနှင့် တောင်ယာလုပ်ငန်းများကို လုပ်ကိုင်စားသောက် ကြသူပေါများသည်။ ဆောင်းရာသီ၌ မုရင်းစပါးများကို စိုက်ပျိုး ကြသည်။ တောင်ပေါ်ကုန်နှင့် မြေလတ်ကုန်များကို လဲလှယ် ရောင်းချပေးလေ့ရှိသော ကုန်သည်များကိုလည်း တွေ့နိုင် ပေသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)