ကောလိပ်ဂျင်နေဝင်း
ကောလိပ်ဂျင် နေဝင်း[၁] (၁၉၂၈−၁၉၈၃) သည် မြန်မာလူမျိုး ရုပ်ရှင်သရုပ်ဆောင် ဖြစ်သည်။
ကောလိပ်ဂျင်နေဝင်း | |
---|---|
မွေးဖွား | နေဝင်း ၁ အောက်တိုဘာ၊ ၁၉၂၈ ဟင်္သာတမြို့၊ ပဲခူးနယ်၊ ဗြိတိသျှဘားမား |
ကွယ်လွန် | ၂ ဇွန်၊ ၁၉၈၃ ရန်ကုန်မြို့၊ ရန်ကုန်တိုင်းဒေသကြီး၊ မြန်မာနိုင်ငံ | (အသက် ၅၄)
အလုပ်အကိုင် | ရုပ်ရှင်သရုပ်ဆောင်၊ ရုပ်ရှင်ဒါရိုက်တာ |
တက်ကြွလှုပ်ရှားနှစ်များ | ၁၉၅၉ – ၁၉၈၃ |
အိမ်ထောင်ဖက်(များ) | ခင်မာလာ |
သားသမီး | ရာဇာနေဝင်း ဟေမာနေဝင်းသန္တာနေဝင်း |
မိဘ(များ) | ဦးသက်ဖေ၊ ဒေါ်တင် |
ငယ်ဘဝ
ပြင်ဆင်ရန်၁-၁၀-၂၈ ရက်နေ့တွင် ဟင်္သာတမြို့၌ အဖ အငြိမ်းစားရဲဝန်ထောက် ဦးသက်ဖေ နှင့် အမိ ကျောင်းဆရာမ ဒေါ်တင်တို့မှ တစ်ဦးတည်းသောသားအဖြစ် မွေးဖွားခဲ့သည်။ ငယ်နာမည်များ ဖြစ်သော ပါပူးနှင့် နေဒွန်း မှာ လူသိများသည်။ ဟင်္သာတမြို့ ကမ်းမင်း ဟိုက်စကူး ကျောင်းတွင် ပညာသင်ကြားခဲ့သည်။ ဘဝပေး အခြေအနေအရ နွားနို့ လှည့်လည် ရောင်းချပြီး ပညာ သင်ကြားခဲ့ရသည်။ ဝါသနာ အလျောက် ဘောလုံး ကိုလည်း ကြိုးစား ကစားခဲ့သည်။ ပညာ တပိုင်းတစနှင့် ကျောင်းမှ နုတ်ထွက်ပြီး ၁၉၄၆ ခုနှစ်တွင် တပ်မတော်ရေတပ်တွင် ဝင်ရောက်အမှုထမ်းခဲ့သည်။ ရေတပ်သားဘဝတွင် ဘောလုံးကစားရာ၌ နာမည်ကျော်ကြားခဲ့သည်။ ၁၉၅၁ ခုနှစ်တွင် ရေတပ်မှ ထွက်ပြီး ရန်ကုန်တက္ကသိုလ်၌ တက်ရောက်ပညာသင်ကြားခဲ့ရာ ၁၉၅၈ ခုနှစ်တွင် ဝိဇ္ဇာဘွဲ့ကို ရရှိခဲ့သည်။ တက္ကသိုလ် တက်ရောက်စဉ် တက္ကသိုလ် အားကစား အရာရှိ ဦးငြိမ်း၏ စောင့်ရှောက်မှုဖြင့် ဦးငြိမ်းနှင့် အတူ အဆောင်တွင် မှီခို နေထိုင်ပြီး ပညာသင် ကြားခဲ့သည်။ တစ်ဖက်ကလည်း တက္ကသိုလ် ရေကူးကန် ကြီးကြပ်ရေးမှူး တာဝန်ကိုပါသူ ထမ်းဆောင်ခဲ့သည်။ ရန်ကုန်တက္ကသိုလ် လက်ရွေးစင် ဘောလုံးအသင်းတွင် ရှေ့တန်းလူအဖြစ် ပါဝင်ကစားခဲ့သည်။[၂] ၁၉၅၅ ခုနှစ်တွင် မြန်မာ့လက်ရွေးစင် ဘောလုံးကစားသမား တစ်ဦးအဖြစ် ရွေးချယ်ခြင်းခံရပြီး အင်ဒိုနီးရှား၊ ဂျပန်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံများသို့ သွားရောက်ကစားရာ ခြေစွမ်းပြခဲ့သည်။
၁၉၅၆ ခုနှစ်တွင် ပါကစ္စတန်နိုင်ငံ၌ ကျင်းပသော အိန္ဒိယ၊ မြန်မာ၊ သီဟိုဠ်၊ ပါကစ္စတန် လေးနိုင်ငံ ဘောလုံး ဗိုလ်လုပွဲသို့ သွားရောက် ယှဉ်ပြိုင် ကစားခဲ့ပြီး၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ၁၉၅၆ခုနှစ် အကောင်းဆုံး ဘောလုံးသမား အဖြစ် သတ်မှတ်ချီးမြှင့်ခဲ့သည်။ ၁၉၅၇-ခုနှစ် ရန်ကုန် တက္ကသိုလ် ဘောလုံး အသင်းကို ခေါင်းဆောင်ကာ ကာလကတ္တား ယူနီဗာစီတီ နှစ်တရာပြည့် အထိမ်းအမှတ်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ခဲ့သည်။
သရုပ်ဆောင် ကောလိပ်ဂျင်
ပြင်ဆင်ရန်ဘွဲ့ရပြီးချိန်တွင် မီးရထားဌာနတွင် မီးရ ထားအရာရှိတာဝန် ထမ်းဆောင်ခွင့်ရရန် သူဆက်သွယ် ညှိနှိုင်းခဲ့သည်။ မီးရထားဌာနတွင် တာဝန် ထမ်းဆောင်ရန် သူဆက်သွယ် ညှိနှိုင်း နေစဉ်မှာပင် ဇမ္ဗူအေး ရုပ်ရှင်မှ ဒါရိုက်တာ ဦးချင်းစိန်က စာရေးဆရာကြီးဇဝန၏ အောင်မြင် ကျော်ကြား လှသည့် ကောလိပ်ကျောင်း သားဝတ္ထုအား ကောလိပ်ဂျင်အမည်ဖြင့် ရုပ်ရှင် ရိုက်ကူးရန် စီစဉ် နေကြသည်။ ကောလိပ်ကျောင်းသား၏ အဓိကဇာတ်ဆောင် သိန်းဖေ အဖြစ် ကျော်ကြားဆဲ မင်းသားများကို အသုံး မပြုလိုဘဲ သိန်းဖေ၏ စရိုက်နှင့် အံဝင်ဂွင်ကျ ဖြစ်သည့် တက္ကသိုလ် ကျောင်းသားကိုသာ စိစစ်ရွေး ချယ်ပွဲထုတ်ရန် ရည်ရွယ်သဖြင့် ဒါရိုက်တာ ဦးချင်းစိန်မှ ဦးငြိမ်းအား သင့်လျော်သူ ရှာဖွေပေးရန် အကူအညီ တောင်းခံခဲ့သည်။ ဦးငြိမ်း၏ တိုက်တွန်းအားပေးမှုဖြင့် သရုပ်ဆောင် လုပ်ရန် သူပိုင်းဖြတ်ပြီး ဒါရိုက်တာ ဦးချင်းစိန်နှင့် တွေ့ဆုံခဲ့သည်။ ဒါရိုက်တာ ဦးချင်းစိန်မှာ သရုပ်ဆောင်သစ်များ ဖြစ်သော အေဝမ်းဝေဇင်၊ မမြေ၊ အေဝမ်း သိန်းဇော်၊ မေလွင်မြင့်အောင်နှင့် မြင့်စိုးတို့အား မွေးထုတ်ခဲ့ ရုံမျှမက ဗိုလ်မြဒင် ရုပ်ရှင်ကားဖြင့် ဇာတ်ပို့ ထွန်းဝေအား ဇာတ်ဆောင် မင်းသား အဖြစ် လျှမ်းလျှမ်းတောက် ကျော်ကြားစပြေီး အကယ်ဒမီ ပါရစေခဲ့သည့် ဒါရိုက်တာကြီး ဖြစ်သည်။ သူ့အား တွေ့ဆုံပြီးသည်နှင့် မျက်နှာသွင်ပြင်၊ သွားလာ လှုပ်ရှားမှု၊ ပြောဟန် ဆိုဟန်နှင့် သူ့တွင် ကိန်းအောင်းနေသည့် သရုပ်ဆောင်ဗီဇ (Talent) တို့နှင့် ပျော် ပျော်ပါးပါး သွက်သွက် လက်လက်နေတတ်သည့် ကျောင်းသား သိန်းဖေ၏ စရိုက် ကိုက်ညီနေသည်ကို ဒါရိုက်တာ ဦးချင်းစိန်က သိလိုက်သည်။ ပြီးတော့ ဦးချင်းစိန်က သူ့အား ထိုစဉ်က ထင်ရှားနေသော အကယ်ဒမီ ဖိုးပါကြီးကဲ့သို့ ကျွဲကော်မျက်မှန်ကိုလည်း တပ်ဆင် သရုပ်ဆောင် စေခဲ့သည်။
ထို့နောက် စာရေးဆရာ၊ သတင်းစာ ဆရာ မောင်နေဝင်းနှင့် စာရေးဆရာနှင့် ရုပ်ရှင်ဇာတ်ပို့ လုပ်နေသူ တက္ကသိုလ် နေဝင်းတို့ ရှိနှင့်ပြီး ဖြစ်၍ ဘောလုံးသမား နေဝင်း အဖြစ် ကျော်ကြား ပြီး သူ့အမည်ကိုလည်း မပြောင်းလဲလိုတော့၍ နေဝင်း (ဘီအေ) ဟူသည့် သရုပ်ဆောင် အမည်ကို ကင်ပွန်းတပ် ပေးခဲ့သည်။ ကောလိပ်ဂျင် ရုပ်ရှင်ကားတွင် နေဝင်း(ဘီအေ)နှင့် အတူ ထပ်ဆင့် အကယ်ဒမီ မြင့်မြင့်ခင်၊ သိန်းဆွေမြင့် (ယခု ဇာတ်ပို့ ဦးဝင်းဆွေ)၊ ချစ်ဆွေလေးနှင့် ရွှေစင်မေတို့အား ဦးဆောင် သရုပ် ဆောင်စေခဲ့သည်။ ကောလိပ်ဂျင် ရုပ်ရှင်ကားအား ၁၉၅၉ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ရုံတင်ခဲ့ရာ ရုံတင်စက ကျော်ကြားဆဲ မင်းသား မဟုတ်ဘဲ မင်းသားသစ် နေဝင်း (ဘီအေ) နှင့် သူ့ပုံပန်းသဏ္ဌာန်ကို ကြည့်ပြီး လူမဝင်ခဲ့၊ ဝင်ကြည့်မိသမျှ လူနည်းစု၏ တစ်ဆင့် စကားဖြင့် တဖြည်းဖြည်း လူကြည့် များလာပြီး ဝင်ငွေစံချိန် တင်သည် အထိ လူကြိုက်များခဲ့သည်။ နေဝင်း (ဘီအေ) အစား ရုပ်ရှင်ကြည့် ပရိသတ်ကလည်း သူ့အား ကောလိပ်ဂျင် နေဝင်းဟု ပြောင်းလဲ သတ်မှတ်ခဲ့ကြသည်။ ကောလိပ်ဂျင်ရုပ်ရှင် ကားမှ သူ့စကား “ကြေပါတယ် မအေးစိန်” မှာလည်း ပြည်သူကြားသို့ အရှိန်အဟုန်ဖြင့် ထိုးဖောက် ရောက်ရှိခဲ့သည်။ ကောလိပ်ဂျင် ရုပ်ရှင်တစ်ကားတည်းဖြင့် ဟာသသရုပ်ဆောင် မင်းသား အဖြစ် ရုပ်ရှင်ကြည့် ပရိသတ်က သူ့အား တခဲနက် အားပေးခဲ့သဖြင့် ရုပ်ရှင်ကြည့် ပရိသတ် ပေးသော ကောလိပ်ဂျင် နေဝင်း အမည်ဖြင့်ပင် ဟာသ ရုပ်ရှင်ကားများ ဆက်တိုက် ရိုက်ကူးခွင့် ရခဲ့သည်။ ဟာသ သရုပ်ဆောင် မင်းသားအဖြစ် ကျော်ကြား နေသော ကောလိပ်ဂျင်နေဝင်းအား ဇမ္ဗူအေး ရုပ်ရှင်မှ ဒါရိုက်တာ မောင်မောင်သောင်းက မုန်းရုပ်ရှင်ကားဖြင့် တည်တည် ငြိမ်ငြိမ် သဘာဝ ဇာတ်ရုပ်ကို ပြောင်း၍ သရုပ်ဆောင်စေရာတွင်လည်း အောင်မြင်ခဲ့ ပြန်သည်။ ထို့နောက် ဟာသရုပ်ရှင်ကား များနှင့် သဘာဝ ရုပ်ရှင်ကားများ အပြင် အချို့ ဒါရိုက်တာများက လှုပ်ရှားမှု (Action) အသားပေး ကားများကိုပါ အခါ အားလျော်စွာ ရိုက်ကူး သရုပ်ဆောင်စေခဲ့ကြသည်။
မန်းသူလေးမို့၊ ချစ်အမွှာ၊ ချစ်ပွေလီ၊ ယောက္ခမကြီးရေးတဲ့ ဖူးစာ အိမ်ထောင်စု၊ သီတာကို ဘယ်သို့ချစ်ရမယ်၊ ရွှေဝါ ချစ်ထုံးရယ်ဖြေ၊ ချစ်သောချစ်သူရယ်၊ မမုန်းလေနဲ့ ငပလီစသော ဟာသကားများ မုန်း၊ မျှော်၊ အဖြေ၊ အကယ်၍သာ ချစ်မြေ၊ မေတ္တာမိုးတပေါက်၊ ဘုရားမှာ တစ်ခါဆုံတယ်။ ပန်းပန်လျက်ပါ၊ ဇာခန်းစီးနောက်ကွယ်မှာ၊ ဝမ်းနည်းဝမ်းသာ၊ မောင့်မူပိုင်ရှင်၊ သံယောဇဉ်၊မောင်ချစ် နှမချစ်၊ စကားဝါ၊ မတဲ့ အတူနေ၊ စိတ်စေတသိက်၊ တစ်ဦးက စေတနာ တစ်ဦးက မေတ္တာ၊ ဘမှန်ဘဇံ အကြောင်း၊ အကာက အချစ်အနှစ်က မေတ္တာ၊ ပယင်းရောင်၊ အားနွဲ့သူပါရှင်၊ ဆိုက္ကားသမားဘခက်၊ သီတာ ပြုံး၊ သဘင်သည် မဝင်ရ၊ သမီးချော၊ ဘုံပြတ်ဘမောင် စသော သဘာဝ ရုပ်ရှင်ကားများ မောင် ချစ်တဲ့သူအငိုတိတ်အောင်၊ ကျောက်ဘီလူးနှင့် ပပဝင်း၊ ချွေးနှင့်သွေးနှင့် ရင်းသည့်မြေ၊ သည်တောင်ကို မောင်ဖြိုပါ့မယ်၊ တယ် တညင် စသော လှုပ်ရှားမှု အသားပေး ရုပ်ရှင်ကားများတွင် ကောလိပ်ဂျင်နေဝင်း အမည်ဖြင့်ပင် သူသရုပ်ဆောင်ခဲ့သည်။ ကောလိပ်ဂျင် ရုပ်ရှင် ကားမှ စတင်ပြီး ကွယ်လွန်ချိန် အထိ ကျရာဇာတ်ရုပ်တွင် သူ့အဆက် မပြတ် သရုပ်ဆောင်ခဲ့ရာ ရုပ်ရှင်ကား နှစ်ရာ နီးပါးရှိမည်ဟု ခန့်မှန်းရသည်။ ရိုက်ကူးခဲ့သော ရုပ်ရှင်ကားများ အနက် ဒါရိုက်တာ ခင်စိုး၏ ပယင်းရောင် ရုပ်ရှင်ကားတွင် ဘဝကို နာကြည်း၍ အရက်၏ ကျေးကျွန်ဖြစ်ရသူ အဖြစ် သရုပ် ဆောင်ထူးချွန်မှုကြောင့် ၁၉၆၉ ခုနှစ် အမျိုးသား ဇာတ်ဆောင်ဆုကို လည်းကောင်း၊ ဒါရိုက်တာ သုခ၏ အကာကအချစ် အနှစ်က မေတ္တာတွင် မိတဆိုးသမီးအား သဘောမတူသူနှင့် ပေါင်းဖက်၍ စွန့်ပစ်ပြီး ခါမှ မြေးကလေးအား တိတ်တခိုး ချစ်ရသူ အဖြစ် သရုပ်ဆောင် ထူးချွန်မှုကြောင့် ၁၉၇၉ ခုနှစ် အမျိုးသားဇာတ်ပို့ဆုကို လည်းကောင်း ချီးမြှင့်ခံခဲ့ရသည်။ မြန်မာ့ ရုပ်ရှင်သမိုင်းတွင် ဇာတ်ဆောင် မင်းသမီး မပါဝင်ဘဲ ရိုက်ကူး ရုံတင်ခဲ့သည့် ရုပ်ရှင်ကားအဖြစ် ဒါရိုက်တာ ဝင်းဦး၏ အတွယ် အတာနှင့် ဒါရိုက်တာခင် စိုး၏ ဆိုက္ကားသမား ဘခက်သာ ရှိခဲ့သည်။ ဆိုက္ကားသမား ဘခက်တွင် ဇာတ်ဆောင် မင်းသမီးများ မပါဝင်ဘဲ ဇာတ်ပို့များကို သူပင်ဦးဆောင်သွားခဲ့ရာ ကောလိပ် ဂျင်နေ ဝင်း၏ အနုပညာ သတ္တိပင်ဖြစ်သည်။
၁၉၆၂-ခုနှစ်တွင် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဇေယျ နှင့် ဒေါ်ခင်တင့်တို့၏ သမီး ဒေါ်ခင်မာလာ နှင့် လက်ထပ်ခဲ့ပြီး မိုးမြင့်သော်တာ ရုပ်ရှင်ကုမ္ပဏီ တည်ထောင်ကာ ကိုယ်ပိုင်ရုပ်ရှင် ဇာတ်ကားများကို ရိုက်ကူး ထုတ်လုပ်ခဲ့သည်။ ဘာသာမတူ ကွဲပြားသူနှင့် လက်ထပ်ခဲ့သည်ဖြစ်သော်လည်း အောင်မြင်သောအိမ်ထောင်ရေး တည်ဆောက်နိုင်ခဲ့သည်။
၁၉၇၆-ခုနှစ်တွင် `ပယင်းရောင်´ ဇာတ်ကား၊ ၁၉၇၉-ခုနှစ်တွင် `အကာကအချစ် အနှစ်က မေတ္တာ´ ဇာတ်ကားများဖြင့် အကောင်းဆုံး အမျိုးသားဇာတ်ဆောင် အကယ်ဒမီဆုကို ရရှိခဲ့သည်။
ထင်ရှားကျော်ကြားသော ရုပ်ရှင်သရုပ်ဆောင် အဖြစ် (ကညာပျိုနှင့်ဇရာအို) စသောရုပ်ရှင်တို့တွင်လည်း ထူးချွန်စွာသရုပ်ဆောင်နိုင်ခဲ့သည်။
ကက်ဆက်ဇာတ်လမ်းများ
ပြင်ဆင်ရန်သရုပ်ဆောင်အဖြစ်သာမက (ကိုဘထူး၊ မဦးခင်၊ တင်မောင်မောင်) စသည့် ကက်ဆက်ဇာတ်လမ်းအခွေများတွင်အသံဖြင့် ဖျော်ဖြေရာတွင်လည်း နာမည်ရသူဖြစ်သည်။ ၁၉၇၀ ပြည့်လွန် နှစ်များမှ စတင်ပြီး ကက်ဆက် ဇာတ်လမ်းများ ထွန်းကားခဲ့သည်။ ကက်ဆက် ဇာတ်လမ်းများမှာ ကက်ဆက် သီချင်းခွေ များနှင့် အတူ မြို့ပြတွင် မက ကျေးလက်အထိ အင်အား ကြီးမားစွာ ပြန့်နှံ့ခဲ့သည်။ ရုပ်မြင်သံကြားနှင့် ဗီဒီယို ရုပ်ရှင်ကားများ ထွန်းကားချိန် တွင်မှ ကက်ဆက် ဇာတ်လမ်းများ ဈေးကွက်ပျက် သွားခဲ့သည်။ သူကွယ်လွန်ချိန်မှာ ကက်ဆက် ဇာတ်လမ်းများ ချုပ်ငြိမ်းသွားသည်ဟု ဆိုနိုင်သည်။ ကက်ဆက် ဇာတ်လမ်းမှာ အသံဖြင့် သရုပ်ဆောင်ပြရခြင်းဖြစ်ရာ ရုပ်ရှင်၊ ဗီဒီယိုနှင့် ပြဇာတ်မှာ ကဲ့သို့ မျက်နှာ အမူအရာနှင့် ကိုယ်ခန္ဓာ အစိတ်အပိုင်းများကို လှုပ်ရှား မှုကို ပြခွင့်မရပါ။ အသံဖြင့်သာ နားထောင်သူကို ခံစားအောင် စွမ်းဆောင်ရသဖြင့် ခက်ခဲနက်နဲ လှပါသည်။ ကက်ဆက် ဇာတ်လမ်းများ ထုတ်လုပ်မှုအား ကောင်းစဉ်က ရုပ်ရှင် သရုပ်ဆောင်များ ဇာတ်သဘင် ပညာရှင်များ၊ တေးသံရှင်များနှင့် အနုပညာ ဝါသနာရှင်များပါ အသံဖြင့် သရုပ်ဆောင်သည့် လုပ်ငန်းကို ဝင်ရောက်လုပ် ကိုင်ခဲ့ကြသည်။ အသံဖြင့် သရုပ်ဆောင်ရန် ကြိုးပမ်း အားထုတ်သူများပြားစွာ ပေါ်ထွန်းခဲ့သော်လည်း ပရိသတ်၏ အားပေး လက်ခံမှုကို ဦးဆောင် သရုပ်ဆောင် အဖြစ် သူသာ အပြည့်အဝ ရရှိခဲ့သည်။ ၁၉၇၀ ပြည့်လွန်မှ ၁၉၈၀ ပြည့်လွန်နှစ်များထိ ဆယ်နှစ်ကာလ ထုတ်လုပ်သမျှ ကက်ဆက် ဇာတ်လမ်း၏ ၇၅%ခန့်တွင် သူသာ သရုပ်ဆောင် ခွင့်ရခဲ့သည်မှာ ထူးခြားလှပါသည်။
ဘဝနိဂုံး
ပြင်ဆင်ရန်သဘင်သည် မဝင်ရ ရုပ်ရှင်ကားမှာ သူ ကွယ်လွန်သည်ထိ အခက်အခဲအမျိုးမျိုးကြောင့် ရိုက်ကူးပြီးစီးမှု မရှိခဲ့၊ သူကွယ်လွန် သွားသောအခါ လက်ကျန် ဇာတ်ကွက်များတွင် မင်းသား စိန်မြင့်ကို ဆက်လက် သရုပ်ဆောင် စေခဲ့ကြသည်။ မင်းသားနှစ်ဦး ပြောင်းလဲချိန်တွင် ကောလိပ်ဂျင်နေဝင်း၏ ဈာပန သတင်း အား ကြားညှပ်ပြ ခဲ့ကြသည်။ သဘင်သည် မဝင်ရ ရုပ်ရှင်ကားအား နှစ်ချို့ ရုပ်ရှင်ကားဖြစ်သော်လည်း ရုပ်ရှင်ကြည့် ပရိသတ်က သူ့ သံယောဇဉ်ဖြင့် တခဲနက် အားပေးခဲ့ရာ ဝင်ငွေ ကောင်းမွန်ခဲ့သည်။ (၂- ၆- ၈၃) ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် ဇနီးဖြစ်သူ ဒေါ်ခင်မာလာနှင့် သား ရုပ်ရှင်သရုပ်ဆောင် ရာဇာနေဝင်း၊ သမီး အဆိုတော် ဟေမာနေဝင်းတို့ အပါအဝင် သားသမီး ၄ ဦး ကျန်ရစ်ခဲ့သည်။
သူကွယ်လွန်ပြီးချိန်တွင် ဇနီးသား သမီးများက သူ့အနုပညာ အမွေကို ထိုက် တန်စွာပင် ခံယူပျိုးထောင် နေကြသည်။ ဇနီးဖြစ်သူ ဒေါ်ခင် မာလာမှ ဒါရိုက်တာ ခိုင်မြတ်အောင် အမည်ခံယူပြီး ခိုင်တို့ ညီအစ်မ၊ ချစ်ရင် မပြေးနဲ့၊ မောင်ခေါ်ရာ လိုက်မှာလား ရုပ်ရှင်များနှင့် ဗီဒီယို ကားများစွာကို မိုးမြင့်သော်တာ ရုပ်ရှင်မှ အောင်မြင်စွာ ရိုက်ကူးထုတ်လုပ် လျက်ရှိ သည်။ သမီးဖြစ်သူ ဟေမာနေဝင်းမှ စတီရီယိုတေး များရော မြန်မာသံစဉ်တေး များပါ ပိုင်နိုင်စွာ သီဆိုပြီး ကျော်ကြားသော တေးသံရှင်ဘဝကို ခိုင်မာစွာ ရပ်တည် လျက်ရှိသည်။ ပြီးတော့ သားဖြစ်သူ ရာဇာနေဝင်း ကလည်း မိခင်၏ မြေတောင်မြှောက်မှုဖြင့် ရုပ်ရှင်ကြည့် ပရိသတ် လက်ခံအားပေးသော သရုပ်ဆောင်အဖြစ် အဖေ့ ခြေရာကို နင်း၍ ရုပ်ရှင်ကားများနှင့် ဗီဒီယိုကားများ အဆက်မပြတ် ရိုက်ကူးခဲ့သည်။ သူကွယ်လွန်သည်မှာ နှစ်(၃၀) ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း သူ့လုပ်ရပ်များကြောင့်ကောလိပ်ဂျင်နေဝင်းဟူသည့် သူ့နာမည်မှာဘယ်တော့မှ သေမည် မဟုတ်ဘဲ ထာဝရ ရှင်သန်နေပါလိမ့်မည်။
ပါဝင်ခဲ့သော ဇာတ်ကားများ
ပြင်ဆင်ရန်ခေါင်းစဉ် | ရုံတင်နှစ် | ဒါရိုက်တာ | မှတ်ချက် |
---|---|---|---|
ကောလိပ်ဂျင် | ၁၉၅၉ | ||
ပယင်းရောင် | ၁၉၆၉ | ||
အကာက အချစ်၊ အနှစ်က မေတ္တာ | ၁၉၇၉ | ||
တစ်ဦးက စေတနာ၊ တစ်ဦးက မေတ္တာ | |||
ပန်းပန်လျက်ပါ | |||
လူဇော် | |||
ထားသခင် | |||
ကျောက်ဘီလူးနဲ့ ပပဝင်း | |||
အားနွဲ့သူပါရှင် | |||
ကညာပျိုနဲ့ ဇညာအို | |||
မမုန်းလေနဲ့ ငပလီ | |||
မဟူရာ | |||
နှင်းဆီနီအိပ်မက် | |||
စိတ်စေတသိက် | |||
မြေမှာပွင့်သော မေတ္တာပန်း |
ရရှိသည့်ဘွဲ့
ပြင်ဆင်ရန်မြန်မာ့ရုပ်ရှင်ထူးချွန်ဆုများအနေဖြင့် ၁၉၆၉ ခုနှစ်တွင် ပယင်းရောင်ဇာတ်ကားဖြင့် အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု၊၁၉၇၉ ခုနှစ်တွင် အကာကအချစ် အနှစ်ကမေတ္တာဇာတ်ကား ဖြင့် အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆု စသည်ဖြင့် ဆုအသီးသီးရရှိခဲ့သည်။၂၀၂၂ မတ်လ ၂၇ရက်တွင် ၎င်းသည် အလင်္ကာကျော်စွာဘွဲ့ အပ်နှင်းချီးမြှင့်ခံရသည်။ကွယ်လွန်ပြီး ၃၉ နှစ်အကြာတွင် အပ်နှင်းခံရခြင်းဖြစ်သည်။ [၃] [၄]
ကိုးကား
ပြင်ဆင်ရန်- ↑ ငယ်စဉ်ဘဝရဲ့အိပ်မက်ဖြစ်တဲ့ မြန်မာ့လက်ရွေးစင်ဘောလုံးသမားဘဝ ကိုစွန့်လွှတ်ခဲ့ရပြီးနောက် မထင်မှတ်ပဲနိုင်ငံကျော်ရုပ်ရှင်မင်းသားဖြစ်လာခဲ့တဲ့ မင်းသားကြီး ကောလိပ်ဂျင်နေဝင်း။ Myanmarload (၄ နိုဝင်ဘာ ၂၀၂၁)။ ၂၄ မေ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ အောင်မြင်ကျော်ကြား တက္ကသိုလ်အားကစား။ BBC Burmese (၁၇ ဇန်နဝါရီ ၂၀၁၃)။ ၂၄ မေ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ကောလိပ်ဂျင်နေဝင်း၊ ဝင်းဦး အပါအဝင် အနုပညာရှင်များကို စစ်ခေါင်းဆောင် ဆုချီးမြှင့်။ DVB Burmese (၂၇ မတ် ၂၀၂၂)။ ၂၄ မေ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ကွယ်လွန် အနုပညာရှင်များအား ဘွဲ့တံဆိပ်ပေးမှု နောက်ကွယ်မှာဘာရှိမလဲ။ ဧရာဝတီသတင်းဌာန (၃၀ မတ် ၂၀၂၂)။ ၂၄ မေ ၂၀၂၃ တွင် ပြန်စစ်ပြီး။