ကော်စေးပင်များ၏ ရုက္ခဗေဒဆိုင်ရာ အမည်မှာ 'ပါလေကွီယမ် အော့ဗလောင်းဂျီဖိုးလီးယား'ဖြစ်၍ ဆက်ပိုတေစီးမျိုးစဉ် (Sapotaceae) တွင် ပါဝင်သည်။ ထိုသစ်ပင်မျိုးမှာ မိုး များစွာ ရွာသွန်းသော မလ္လာယုကျွန်းဆွယ်နှင့် ထိုဒေသအနီး တစ်ဝိုက်ရှိ ကျွန်းများတွင် ပေါက်ရောက်သည်။ အသားမှာ ပွ၍ အသုံးမဝင်ချေ။ အသုံးဝင်သော အရာမှာ ယင်းအသားပွနှင့် အခေါက်ကြားနေရာမှထွက်သော နို့စေးဖြစ်၏။ ယင်းကို ကျိုချက် လိုက်လျှင် ကော်ဖတ်နှင့်တူ၍ အနီရင့်ရောင်ရှိသော ပစ္စည်းကိုရသည်။

ကော်စေးပင်မှရသော ကော်စေးမှာ လျှပ်စစ်ဓာတ် မလိုက် သော အရာဝတ္ထုမျိုးဖြစ်သည်။ ရေအောက်ကြေးနန်းကြိုးများကို ကော်စေးပြားဖြင့် ရစ်ပတ်ထားရာ ကော်စေးသည် ရေနှင့် ထိသော်လည်း မပြောင်းလဲချေ။ ယင်းကိုနွေးအောင်ပြုလုပ်၍ လိုသလောက် ဆွဲဆန့်နိုင်သည်။ ရော်ဘာခေါ် ကော်ဖတ်ကဲ့သို့ပင် ကော်စေးမှာ ရေစိမ်ခံ သည်။ ကန့်နှင့်ရော၍ ချက်နိုင်သော်လည်း ကော်ဖတ်ကဲ့သို့ ရုန်းကန်သတ္တိမရှိချေ။ သို့သော် ရေနွေးတွင်ထည့်က ပျော့၍ လာသည်။ ထိုအချိန်တွင် ကိုယ်လိုရာပုံသဏ္ဌာန်ကို ပြုလုပ်နိုင်၍ အေးသောအခါ မာကျောသွားသည်။ ကော်စေးကို ခွဲစိတ်ကုသ ဆိုင်ရာ အချို့သောပစ္စည်းများ၊ သွားစိုက်အံပုံများပြုလုပ်ရာတွင် အသုံးပြုသည်။

အနောက်နိုင်ငံများတွင် ကော်စေးကို စတင်သုံးစွဲလာသည်မှာ နှစ် ၁ဝဝ ခန့်မျှသာ ရှိသေးသော်လည်း တရုတ်နိုင်ငံ၌ကား လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် သုံးစွဲခဲ့ကြသည်။ ကော်စေး ရရန် ပင်စည်ကို အထစ်များထစ်၍ နို့စေးကို ခံယူရသည်။ သို့သော် ထိုနည်းမှာ နှေးကွေးပြီးလျှင် နို့စေးထွက်လည်း နည်းသည်။ အများဆုံးထွက်အောင် ပြုလုပ်သော အလွယ်ဆုံး နည်းမှာ ထိုအပင်ကို ခုတ်လှဲပြီးနောက် နို့စေးထုတ်ယူနည်းပင် ဖြစ်၏။ သို့သော် တစ်ပင်လျှင် နို့စေးအလေးချိန် ၂ ပေါင်မှ ၃ ပေါင်ခန့် အထိသာ ရသည်။ ဤကဲ့သို့ ခုတ်လှဲပစ်ခြင်းအားဖြင့် ကော်စေးပင် သစ်တောများမှာ ပြောင် တလင်းဖြစ်သွားလေ့ရှိရာ ယခုအခါ ထိုပြောင်တလင်းများတွင် အပင်သစ်များကို ထပ်၍ စိုက်ပျိုးကြသည်။

ကော်စေးပင်များကို တောင်အမေရိကတိုက် ဘရာဇီးနိုင်ငံ တွင်လည်း စိုက်ပျိုးကြသည်။ ကော်စေးပင်၏အမြင့်မှာ ပေ ရဝ မှ ၁ဝဝ အတွင်းတွင် ရှိသည်။ ပင်စည်၏အချင်းမှာ ၂ ပေမှ ၃ ပေအထိရှိသည်။ အနှစ် ၃ဝ ခန့်ရှိသော အပင်ကို အရွယ် ရောက်ပြီဟု ဆိုနိုင်သည်။ အရွက်များမှာ စိမ်းလဲ့လဲ့အရောင်ရှိ၍ အလျား ၆ လက်မခန့်ရှိပြီးလျှင် အနံမှာ အလယ်လောက်တွင် ၂ လက်မခန့်ရှိသည်။ ထိုအပင်မှ အဖြူရောင်အပွင့်များ ပွင့်ကြ သည်။ []

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)