ကျောင်းထိုင်ဘုန်းကြီးအင်္ဂါငါးပါးတွင် ကံကြီးကံငယ်တို့ကို တတ်သိနားလည်ထားရမည်ဟု ပါရှိသည်။ ထိုကံကြီး ကံငယ်တို့ကို အကျဉ်းချုပ်အားဖြင့် သိသာရုံ ရေးပါမည်။[၁]

ကံလေးမျိုး ပြင်ဆင်ရန်

ကရီယတိ =ပြုအပ်၏၊ ဣတိ =ထို့ကြောင့်။ ကမ္မံ =ကံ မည်၏၊ထိုကံသည် သံဃာ အညီအညွတ် ပြုအပ်သော --

၁။ အပလောကနကံ၊ ၂။ ဉတ္တိကံ၊ ၃။ ဉတ္တိဒုတိယကံ၊ ၄။ ဉတ္တိစတုတ္ထကံ - ဟု လေးမျိုး ရှိ၏၊

အပလောကနကံ ပြင်ဆင်ရန်

ထိုလေးပါးတို့တွင် သံဃာစည်းဝေးပြီးနောက် ညီညွတ်သော သံဃာတော်၏ အလိုအားဖြင့် ကဲ့ရဲ့ခြင်းစသော ဆိုင်ရာဝတ္ထုအကြောင်းကို ပြောပြ၍ သံဃာအား “နှစ်သက် သဘောတူပါ၏လော”ဟု မြန်မာလိုဖြစ်စေ၊ “ရုစ္စတိ သံဃဿ”ဟု ပါဠိလိုဖြစ်စေ၊ သုံးကြိမ်တိုင်တိုင် ပန်ကြားပြောကြား၍ ပြုအပ်သော ကံမျိုးကို အပလောကနကံဟု ခေါ်သည်။[၁]

ဉတ္တိဒုတိယကံ ပြင်ဆင်ရန်

ထိုညီညွတ်သော သံဃာ၏ အလိုဆန္ဒအတိုင်း ဉတ်တစ်ကြိမ် ရွတ်ဆို၍ ပြုအပ်သော ကံမျိုးကို ဉတ္တိကံဟု ခေါ်သည်။ ထိုညီညွတ်သော သံဃာ၏ အလိုဆန္ဒအတိုင်း ဉတ်တစ်ကြိမ် ကမ္မဝါစာတစ်ကြိမ် ရွတ်ဖတ်၍ ဤဉတ်လျှင် နှစ်ကြိမ်မြောက်ရှိသော ကမ္မဝါစာဖြင့် ပြုအပ်သော ကံမျိုးကို ဉတ္တိဒုတိယကံဟု ခေါ်သည်။[၁]

ဉတ္တိစတုတ္တကံ ပြင်ဆင်ရန်

ထိုညီညွတ်သော သံဃာ၏ အလိုဆန္ဒအတိုင်း ဉတ်တစ်ကြိမ် ကမ္မဝါစာ သုံးကြိမ် ပေါင်းလေးကြိမ် ကမ္မဝါစာ ဖတ်ရ၏၊ ဤသို့ ဉတ်လျှင် လေးကြိမ်မြောက်ရှိသော ကမ္မဝါစာဖြင့် ရွတ်ဖတ်၍ ပြုအပ်သော ကံမျိုးကို ဉတ္တိစတုတ္တကံဟု ခေါ်သည်။

(ဆောင်) အပလောပန၊ ကမ္မဉတ္တိ၊ ဒုတိ, စတုတ်၊ ကံသမုတ်၊ မယုတ် မျိုးလေး တန်။ [၂][၁]

အပလောကနကံ ငါးမျိုး ပြင်ဆင်ရန်

ထိုလေးမျိုးသော ကံတို့တွင် အပလောကနကံသည် ---- ၁။ ကဏ္ဋကသာမဏေကို ကောင်းစွာ ကျင့်သည်ကို မြင်၍ ပြန်သွင်းသောဩသာရဏကံ၊

၂။ ကဏ္ဋကသာမဏေကို ဖျက်ဆီးသကဲ့သို့သော နှင်ထုတ်သော နိဿာရဏကံ၊

၃။ ရှင်လောင်းရဟန်းလောင်း၏ ဆံချခေါင်းရိပ်ဦးပြည်းခြင်းကို ပန်ကြားသောဘဏ္ဍုကံ၊

၄။ နှုတ်ကြမ်းသော ရဟန်းအား ဆိုချင်ရာ ဆိုပါစေ တစ်စုံတစ်ယောက်သော ရဟန်းမျှ ဆိုဆုံးမခြင်းကို မပြုရဟု ပန်ကြားပြောကြား၍ မြစ်ထားသော, ဒဏ်ပေးထားသော ဗြဟ္မဒဏ္ဍကံ၊

၅။ ဘိက္ခုနီမတို့၏ မကြည်ညိုဖွယ်ကို ပြုသော ရဟန်းကို ဘိက္ခုနီမတို့က ရှိမခိုးရဟု ပြောသော ကမ္မလက္ခဏကံ - ဤသို့ဖြင့် အပလောကနကံ (၅)မျိုး ပြား၏၊

(ဆောင်) သွင်း ထုတ် ဗြဟ္မဒဏ်၊ ဦးပြည်းကံ၊ ကမ္မံလက္ခဏံ၊ အပလောကန၊ ငါးဌာန၊ ရောက်ထ မြဲဧကန်။ [၃][၁]

ဉတ္တိကံ (၉) မျိုး ပြင်ဆင်ရန်

၁။ ရဟန်းလောင်းကို ခေါ်သွင်းသော ဩသာရဏဉတ္တိကံ၊

၂။ ဥဗ္ဘာဟိကအဆုံးအဖြတ်၌ ဓမ္မကထိကပုဂ္ဂိုလ်ကို နှင်ထုတ်သော နိဿာရဏဉတ္တိကံ၊

၃။ ဥပုသ်ဉတ်၏ အစွမ်းဖြင့် ထားအပ်သောဥပေါသထဉတ္တိကံ၊

၄။ ပဝါရဏာကံ၏ အစွမ်းဖြင့် ထားအပ်သော ပဝါရဏာဉတ္တိကံ၊

၅။ မိမိကိုလည်းကောင်း, သူတစ်ပါးကိုလည်းကောင်း သမုတ်ခြင်းငှာ ထားအပ်သော သမုတိဉတ္တိကံ၊

၆။ စွန့်အပ်သော သင်္ကန်း, သပိတ်စသည်တို့ကို ပြန်ပေးသော ဒါနဉတ္တိကံ၊

၇။ အာပတ်ကို ခံသော ပဋိဂ္ဂါဟကဉတ္တိကံ၊

၈။ ပြုအပ်သော ပဝါရဏာကိုငင်သော ပစ္စုက္ကဍ္ဎနဉတ္တိကံ၊

၉။ တိဏဝတ္ထာရကသမထ၌ သဗ္ဗသင်္ဂါဟိကဉတ် တစ်ခုခုသော အဖို့၌ တစ်ခုခုသောဉတ် ဤသုံးပါးသော ဉတ်ဟု ဆိုအပ်သော ကမ္မလက္ခဏကံအားဖြင့် ဉတ္တိကံ (၉)မျိုး ပြား၏၊

(ဆောင်) ဩ, နိ, ဥ, ပ၊ သမ္မုတ၊ ဒါန, ပဋိဂ္ဂံ။ ပစ္စုက္ကဍ္ဎန၊ ကံလက္ခ၊ နဝ ဉတ္တိကံ။ [၄][၁]

ဉတ္တိဒုတိယကံ (၇) မျိုး ပြင်ဆင်ရန်

၁။ သပိတ်လှန်သော ဩသာရဏကံ၊

၂။ သပိတ်မှောက်သော နိဿာရဏကံ၊

၃။ သိမ်သမုတ်ခြင်း စသော တစ်ဆယ့်ငါးပါးသော သမုတ်ခြင်းတို့၏ အစွမ်းဖြင့် ဖြစ်သောသမ္မုတိကံ၊

၄။ ကထိန်သင်္ကန်းပေးခြင်း၊ မတကသင်္ကန်းပေးခြင်းတို့၏ အစွမ်းဖြင့် ဖြစ်သော ဒါနကံ၊

၅။ ကထိန်နုတ်သည်၏ အစွမ်းဖြင့်ဖြစ်သော ဥဒ္ဓါရကံ၊

၆။ ကုဋိရာကျောင်းရာ ကြားသည်၏ အစွမ်းဖြင့် ဖြစ်သော ဒေသနာကံ၊

၇။ တိဏဝတ္ထာရကသမထ၌ တစ်ခုခုသောအဖို့၌ ဉတ္တိဒုတိယကမ္မဝါစာ တစ်ခု၊ တစ်ခုသောအဖို့၌ ဉတ္တိဒုတိယကမ္မဝါစာတစ်ခု၊ မောဟာရောပန စသည်တို့၌ ဟောအပ်သော ဉတ္တိဒုတိယကမ္မဝါစာတို့၏ အစွမ်းဖြင့် ဖြစ်သော ကမ္မလက္ခဏကံ - ဤသို့အားဖြင့် (၇)မျိုး ပြား၏၊

(ဆောင်) ဩ, နိ, သံ, ဒါ၊ ဥဒ္ဓါ ဒေသ၊ ကံလက္ခ၊ သတ္တ ဉတ်ဒုကံ။[၁]

ဉတ္တိစတုတ္ထကံ (၇) မျိုး ပြင်ဆင်ရန်

၁။ တဇ္ဇနီယ စသော ခုနစ်ပါးသော ကံတို့၏ အစွမ်းဖြင့် ဖြစ်သော ဩသာရဏကံ၊

၂။ ထိုကံတို့၏ ငြိမ်းသည်၏ အစွမ်းဖြင့် ဖြစ်သော နိဿာရဏကံ၊

၃။ ဘိက္ခုနောဝါဒက သမုတ်သည်၏ အစွမ်းဖြင့် ဖြစ်သော သမ္မုတိကံ၊

၄။ ပရိဝါသ်, မာနတ် ပေးသည်၏ အစွမ်းဖြင့် ဖြစ်သော ဒါနကံ၊

၅။ မူလာယပဋိကဿန၏ အစွမ်းဖြင့် ဖြစ်သော နိဂ္ဂဟကံ၊

၆။ ဥက္ခိတ္တာနုဝတ္တကရဟန်း စသော ယာဝတတိယက တစ်ဆယ့်တစ်ယောက်သော သမနုဘာသနရဟန်းတို့၏ အစွမ်းဖြင့် ဖြစ်သော သမနုဘာသနကံ၊

၇။ ဥပသမ္ပဒ, အဗ္ဘာနကံတို့၏ အစွမ်းဖြင့် ဖြစ်သော ကမ္မလက္ခဏကံ -ဤသို့အားဖြင့် (၇)မျိုး ပြား၏၊

(ဆောင်) ဩ, နိ, သမ်, ဒါ၊ နိဂ်, နု, ဘာ၊ ကမ္မာလက္ခဏံ။ ဉတ္တိစတုတ္ထ၊ ခွန် ဌာန၊ ရောက်ထ မြဲဧကန်။[၁]

ကံပြုပုံ သတ်မှတ်ချက်များ ပြင်ဆင်ရန်

ဤလေးပါးသော ကံတို့တွင် အပလောကနကံကို ပန်ကြား၍သာ ပြုရသည်။ ဉတ်ထားသည့် ဉတ္တိကံစသည် အစွမ်းဖြင့် မပြုရ။

ဉတ္တိကံကို ဉတ်တစ်ကြိမ် ထား၍သာ ပြုရသည်။ အပလောကနကံ စသည်ဖြင့် မပြုရ။

ဉတ္တိဒုတိယကံကိုကား ပန်ကြား၍လည်း ပြုကောင်းသည်။ ဉတ္တိဒုတိယကံဖြင့်လည်း ပြုကောင်းသည်။ သီမာသမုတိကံ, သီမာသမူဟနကံ, ကထိနစီဝရဒါနကံ, ကထိနုဒ္ဓါရကံ, ကုဋိဝတ္ထုဒေသနာကံ, ဝိဟာရဝတ္ထုဒေသနာကံ ဤ (၆)ပါးကား ဂရုကံများဖြစ်၍ ပန်ကြား၍ မပြုကောင်း၊ ဉတ္တိဒုတိယ ကံဖြင့်သာ ကံပြုရသည်။

ကြွင်းသော သမုတိကံ (၁၃)ပါးနှင့် သေနာသနဂ္ဂါဟကံ, မတကစီဝရဒါနသမ္မုတိကံတို့ကား လဟုကံဖြစ်၍ ပန်ကြား၍သာ ပြုကောင်းသည်။ ဉတ္တိကံစသည်ဖြင့် မပြုရ။

ဉတ္တိစတုတ္ထကံကိုကား မိမိလက္ခဏာဖြင့်သာ ကံပြုရသည်။ ကြွင်းသော ကံတို့ဖြင့် ကံမပြုရဟု သိပါ။

(ဆောင်) အပလောကန၊ ပန်ကြားရ၊ ပြုထဧကန်သာ။

ဉတ္တိကမ္မာ၊ ဉတ်ဖြင့်သာ၊ ပြုပါ ဧကန်သာ။

ဉတ္တိဒုတိယ၊ ပန်းကြားထ၊ ပြုက အပ်သည်သာ။

ပန်၍ မရ၊ ဆ, ကမ္မ၊ ဖော်ထ သိလေပါ။

ဉတ္တိစတုတ္ထ၊ ယင်းကမ္မ၊ ပြုကြ ယင်းဖြင့်သာ။ [၅]

(တစ်နည်း) သမ္မုခကရဏီယကံ, အသမ္မုခကရဏီယကံဟု နှစ်မျိုး ပြားသင့်သေး၏၊[၁]

ထိုတွင် တမန်ဖြင့် ရဟန်းခံသော ကံ, သပိတ်မှောက်ကံ, သပိတ်လှန်ကံ, ဥမ္မတ္တကသမ္မုတိကံ, သေက္ခသမ္မုတိကံ, ဗြဟ္မဒဏ္ဍကံ, ပကာသနီယကကံ, အဝန္ဒိယကံ ဤ (၈)ပါးကား မျက်ကွယ်၌ ပြုရသော အသမ္မုခကရဏီယကံ မည်၏၊ ကြွင်းသော ကံများကား မျက်မှောက်၌သာ ပြုရသော သမ္မုခကရဏီယကံတို့ မည်၏၊

(ဆောင်) အသမ္မုခ၊ သမ္မုခ၊ နှစ်ဝ တစ်နည်းလှစ်။

တမန်-မှောက်-လှန်၊ ဥမ်, သောက်, ဗြမ်၊ ကာဝန်-မျက်ကွယ်ရှစ်။ အကြွင်းကံမှာ၊ မျက်မှောက်သာ၊ ပြုပါ သိဖို့ဖြစ်။ [၆][၁]

ဓမ္မိကကံ ပြင်ဆင်ရန်

ဓမ္မော ဧတေသု အတ္ထီတိ ဓမ္မိကာနိ ဟူသည်နှင့်အညီ ---

ဓမ္မ, ဝိနယ, သတ္ထုသာသန အားလျော်စွာ ပြုအပ်သောကြောင့် ဟုတ်မှန်တိုင်းသော သဘောရှိသော ကံတို့ကို ဓမ္မိကကံတို့ဟု ဆိုရသည်။

ဤ၌ ဓမ္မဟူသည် ဟုတ်မှန်တိုင်းသော ဝတ္ထုကို ဆိုသည်၊ ဝတ္ထု ဟုတ်မှန်ရမည်ဟူ၏၊ ဝိနယဟူသည် ဝတ္ထုကိုလည်းကောင်း, အာပတ်ကိုလည်းကောင်း ပြ၍ စောဒနာခြင်း၊ အပြစ်ကို အောက်မေ့စေခြင်း နှစ်ပါးကို ဆိုသည်။ သတ္ထုသာသနဟူသည် မြတ်စွာဘုရား၏ အဆုံးအမဖြစ်သော ဉတ်၏ ပြည့်စုံခြင်း ကမ္မဝါစာ၏ ပြည့်စုံခြင်း နှစ်ပါးကို ဆိုသည်။[၁]

အဓမ္မိကကံ ပြင်ဆင်ရန်

ဓမ္မဝိနယ သတ္ထုသာသနအားလျော်စွာ မပြုအပ်သောကြောင့် ဟုတ်မှန်တိုင်းသော သဘောမရှိသော ကံကို အဓမ္မိကကံဟု အပြန်အားဖြင့် သိသင့်သည်။

ဥပသမ္ပဒကံ၏ သမ္ပတ္တိငါးပါး ပြင်ဆင်ရန်

ဉတ္တိစတုတ္ထကံ၏ မပျက်ခြင်းသမ္ပတ္တိသည်---

၁။ ဝတ္ထုသမ္ပတ္တိ၊

၂။ ဉတ္တိသမ္ပတ္တိ၊

၃။ ကမ္မဝါစာသမ္ပတ္တိ၊

၄။ သီမာသမ္ပတ္တိ၊

၅။ ပရိသာသမ္ပတ္တိဟု ငါးမျိုး ရှိ၏၊

(ဆောင်) ဝတ်, ဉတ်, ကမ္မဝါ၊ သိမ်, ပရိသာ၊ ငါးဖြာ သမ္ပတ္တိ။ ပဉ္စင်းမြောက်ရန်၊ အင်ငါးတန်၊ ပြန်လေ ဝိပတ္တိ။ (ဝိနည်းဥပဒေတော်ကြီး၊၄၅၁။)[၁]

ဥပုသ်ပဝါရဏာကံဆောင်ပုံများ, ဥပသမ္ပဒကံဆောင်ပုံများ အကျယ်ကို ဆိုင်ရာအခန်းတို့၌ ဆက်လက်ကြည့်ရှုကြပါကုန်၊ ဤကား ကံလေးမျိုး သိသာရုံကိုသာ အကျဉ်းချုံး၍ တင်ပြထားခြင်း ဖြစ်ပါသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀၀ ၁.၀၁ ၁.၀၂ ၁.၀၃ ၁.၀၄ ၁.၀၅ ၁.၀၆ ၁.၀၇ ၁.၀၈ ၁.၀၉ ၁.၁၀ ၁.၁၁ ၁.၁၂ လင်းရောင်ကြည် ဆရာတော် ဦးကောဝိဒါဘိဝံသ ဝိနည်းပဒေသာ သင်တန်း
  2. (ပါတိမောက္ခမေဒိနီ၊၄၁၂။)
  3. (ပါတိမောက္ခမေဒိနီ၊၄၁၂။)
  4. (ပါတိမောက္ခမေဒိနီ၊၄၁၃။)
  5. (ပါတိမောက္ခမေဒိနီ၊၄၁၄။)
  6. (ပါတိမောက္ခမေဒိနီ၊၄၁၀။)