ကျစွာမင်း မိထွေးတော် ကျောက်စာ

အရေးအသား

ပြင်ဆင်ရန်

ကျစွာမင်းမိထွေးတော်ကျောက်စာသည် အလှူရှင်မှာ ကျစွာမင်း၏ မိထွေးဖြစ်ကြောင်း အမိကို မသိလိုက်ဘဲ မိထွေးတော်ကျွေးမွေး၍ ကြီးပြင်းလာကြောင်းကို ကျောက်စာတွင် စိတ်ဝင်စားဖွယ် ရေးထိုး မှတ်တမ်းတင်ထားသည်။ ထို့နောက် လှူသော အလှူပစ္စည်းများအကြောင်းကို ဖြစ်စဉ်ပြရေးနည်းဖြင့် အစီအစဉ်တကျရေးထိုးထားသည်ကို တွေ့ရသည်။

ဝါကျတိုများကို သုံးစွဲထားသည်မှာ သိလိုသောအကြောင်းအရာကို ရှင်းလင်းစေသည်။ ဝါကျအဆုံးသတ် ပစ္စည်းအဖြစ် ''၏''ကို သုံးပြီး ''၏''မပါသော အသုံးများအဖြစ်လည်း "ကျစွာမင်းရွှေတောင်တက်ပြီ''၊ ''ငါ့မိကိုကားငါမသိလိုက်'' ဟူ၍ တွေ့ရသည်။

လုံးချင်းကြိယာအသုံးများအဖြစ်-

"ဂူလေးပြု၏''

''ငါ့မိထွေးမွေး၍ ငါကြီး၏''

''အိမ်လေးငါနေ၏''

''ကျွန်လေးငါစေ၏''

စသည်ဖြင့် 'ပြု၊ ကြီး၊ နေ၊ စေ' စသောအသုံးများကို တွေ့ရသည်။ လုံးတွဲကြိယာများအဖြစ်

''အိမ်ပြုနေပေး၏''

''အတို့ကျွန်ပြုပေးသောအိမ်တေး''

'နေပေး'၊ 'ပြုပေး' ဟူသောအသုံးတို့ကို တွေ့ရသည်။

နာမ်စားအဖြစ် 'ငါ'ဟူသောအသုံးကို -

''ငါ့မိကိုကား ငါမသိလိုက်''

''ငါ့မိထွေးမွေး၍ငါကြီး၏''

ဟူ၍တွေ့ရသည်။ နှုတ်ပြောစကားများကိုသုံး၍ ရေးထိုးထားသည်ကို တွေ့ရသည်။

''ရကား"ဟူသော အသုံးကို အချိန်ပြနောက်ဆက်၊ အကြောင်းပြနောက်ဆက်အဖြစ် အသုံးပြုထားပုံကို-

''ငါကြားရကား''

''ငါကြံမိရကား''(အကြောင်းပြနောက်ဆက်)

''ဂူပြီးရကား''

ဟုတွေ့ရသည်။

စကားအသုံးအနှုန်းတွင် ထီးနန်းစည်းစိမ်ခံစားသည်ကို ''ရွှေတောင်တက်'' ကျွန်မိသားစုတစ်စုလုံးကို ''အိမ်ထောင်ကျွန်''၊ စာတတ်သောသူကို ''စာတတ်'' စုစုပေါင်းကို ''အပေါင်းကြီး''ဟုလည်းကောင်း သုံးနှုန်းထားသော ပုဂံခေတ်  စကားအသုံးအနှုန်းသည် ယခုခေတ်နှင့်မတူပုံကို တွေ့နိုင်သည်။

ကျစွာမင်းမိထွေးတော်ကျောက်စာကို လေ့လာခြင်းဖြင့် သမိုင်းဆိုင်ရာ အချက်အလက်အနေဖြင့် ''သက္ကရာဇ် ၅၉၇ ခု အာသိန်နှစ် နံကာလဆန်း ၄ ကြာသပတေးနေ့ ကျစွာမင်း ရွှေတောင်တက်ပြီ'' ဟူ၍ ကျစွာမင်းနန်းတက်သောခုနှစ်ကို သမိုင်းအထောက်အထားတစ်ခုအနေဖြင့် ကျောက်စာတွင် တိကျစွာ မှတ်တမ်းတင်ထားသည်။ ကျစွာမင်းသည် မိထွေးတော်လက်ထက်တွင် ကြီးပြင်းလာသဖြင့် မိထွေးတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေသောအားဖြင့် အိမ်ဆောက်၍ နေစေ၏။ အိမ်ထောင် ကျွန်လယ်လည်း ပေးတော်မူ၏။ ထို ကျစွာမင်းပေးတော်မူသောအိမ်တွင်နေပြီး ကျွန်နှင့်လယ်ယာထွက်ပစ္စည်းများကို ရယူခံစားခဲ့သည်။

အလှူရှင် ကျစွာမင်းမိထွေးတော်သည် မိမိနေသောအိမ်ထက်တွင် ''အတို့ကျွန်တို့နေသော်ထက်ကား သံဃာနေသော်မြတ်၏'' ဟူ၍ ဂူလေးပြု၏။ အိမ်လေး ကျောင်းရည်၏။ ကျစွာမင်းပေးတော်မူခဲ့သော အိမ်ထောင်ကျွန်နှင့် လယ်မြေတို့ကိုလည်း သံဃာအားပေးလှူ၏။ ကျစွာမင်းအား အသိပေးခွင့် တောင်းသောအခါ ''မိထွေး တင်အပ်နိုင်သော သံဃာအား ထားလင့်''ဟု မိန့်တော်မူ၏။ ထို့ကြောင့် သက္ကရာဇ် ၆၁၅ ခု၊ တပို့တွဲလဆန်း၊ ၆ ရက်၊ သောကြာနေ့တွင် ကျောင်းသင်ခန်းကိုဆောက်၍ လှူဒါန်းတော်မူ၏။ ကျောက်စာတွင် လှူသော အိမ်ထောင်ကျွန်စုစာရင်းကို စာရင်းတင်လှူဒါန်းတော်မူခဲ့သည်။

ပုဂံခေတ်အလှူရှင်များတွင် မင်း၊ မိဖုရား၊ မှူးမတ်စသော ထီးနန်းဝန်းကျင်မှ လူတို့ကလည်း သာသနာတော်အဓွန့်ရှည်စေရန် ရည်ရွယ်၍ လှူဒါန်းကြကြောင်း တွေ့ရသည်။ လှူဒါန်းရာတွင် ဘုရားအားရည်စူး၍ ဂူဘုရားတည်ခြင်း၊ မြတ်စွာဘုရား၏ တပည့်သား သံဃာတော်များနေထိုင်ရန် ကျောင်းသင်ခန်းများလှူဒါန်းခြင်း၊ သံဃာတော်များတွင် ဆွမ်း ကွမ်း ပြည့်စုံစေရန် လယ်မြေများကိုလည်းကောင်း၊ အလုပ်အကျွေးပြုရန် ကျွန်တို့ကိုလည်းကောင်း လှူဒါန်းကြောင်းတွေ့ရသည်။ ဤသည်ကိုကြည့်လျှင် ပုဂံသူ ပုဂံသားတို့သည် သာသနာတော် ထွန်းကားပြန့်ပွားရေးအတွက် ဆောင်ရွက်ကြပြီး ဘာသာရေးနှင့်ပတ်သက်၍ ဗုဒ္ဓဘာသာကို လွန်စွာ သက်ဝင်ယုံကြည်ကြကြောင်း သိနိုင်သည်။ မိမိနေထိုင်သော အိမ်ကိုပင် သံဃာတော်တို့အတွက် အထွတ်အမြတ်ထားကာ လှူဒါန်းကြပုံကိုကြည့်လျှင် ပုဂံသူ ပုဂံသားတို့၏ ဘာသာတရားကိုင်းရှိုင်းကြပုံကို တွေ့နိုင်သည်။

လူမှုရေးနှင့်ပတ်သက်၍ ကျစွာမင်း၏ မွေးစားမိခင်အပေါ် ကျေးဇူးသိတတ်ပုံမှာ ကြည်နူးဖွယ်ဖြစ်သည်။ ကျောက်စာတွင်-

''ငါ့မိကိုကားမသိလိုက် ငါ့မိထွေးမွေး၍ ငါကြီး၏''

''ငါ့မိထွေးလျှင်တေး ငါ့မိ၏''

ဟု ကျွေးမိခင်ကို သိတတ်သော သားလိမ္မာတစ်ယောက်ဖြစ်ကြောင်း တွေ့ရသည်။ ကျောက်စာပါ ကျွန်စာရင်းကိုကြည့်လျှင် ကျွန်လူတန်းစားဟူ၍  နိမ့်ကျသည်ဟုမခံယူဘဲ ဘုရားအားလုပ်ကျွေးပြုစုရာတွင် အိမ်ထောင်စုအလိုက် လုပ်ကျွေးကြကြောင်းကို ကျွန်စာရင်းကို

''သားငါစံ သားနို့စို့ ၁။ ဖထုယ် ငဖုန်မှုရာ ၁။ သားငါသူမွန် စာတတ် ၁။

စသည်ဖြင့် မှတ်တမ်းတင်ထားသည်။ အိမ်ထောင်စုတွင် နို့စို့ကလေး၊ ညီ စသည်ဖြင့် ကျွန်လူတန်းစားသည် နိမ့်ကျသော လူတန်းစားမဟုတ်ဘဲ သာသနာတော်အတွက် အလုပ်အကျွေးပြုသော လူတန်းစားတစ်ခုသာ ဖြစ်ကြောင်း သိနိုင်သည်။

အလှူရှင်သည် မိမိအလှူကို တည်တံ့ခိုင်မြဲစေရန် အလှူဖျက်ဆီးမည့်သူများကို ''လယ်ကို လုစားရစ်သောသူကား မြေကြီးကမ္ဘာကားအထက် အကြင်ဖျက်သောသူကား အောက်အဝီစိထက်လျှင် ကျစေသတည်း'' ဟူ၍ ကျိန်ဆိုခဲ့သည်ကိုကြည့်လျှင် ပုဂံသူပုဂံသားတို့သည် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ကြပြီး အဝီစိကျမည်ကို ကြောက်ရွံ့ကြကြောင်း သိနိုင်သည်။

ကျစွာမင်းမိထွေးတော်ကျောက်စာသည် အလှူရှင်က မိမိအမည်ကို ကျစွာမင်းမိထွေးတော်ဟုသာ တင်စားထားပုံမှာ စိတ်ဝင်စားဖွယ်ဖြစ်သည်။ မိမိအမည်ထက် ကျစွာမင်း၏အမည်ဖြင့်သာ နာမည်တပ်ထားပြီး ကျစွာမင်း၏ နန်းတက်ခုနှစ်အပါအဝင် မိထွေးတော်အပေါ် ကျေးဇူးတရားသိတတ်ပုံ စသော စိတ်ဝင်စားဖွယ် အကြောင်းအရာများကိုပါ သမိုင်းနောက်ခံအဖြစ် တွေ့နိုင်သည်။

ဤသို့ဖြင့် ကျစွာမင်းမိထွေးတော်ကျောက်စာသည်ပုဂံခေတ်အလှူရှင်တစ်ဦး၏ သဒ္ဓါတရားထက်သန်ပုံကို လည်းကောင်း၊ ကျစွာမင်းနှင့် အလှူရှင်မိထွေးတော်၏ စိတ်ဝင်စားဖွယ်နောက်ခံအကြောင်းအရာများကို လည်းကောင်း၊ ပုဂံခေတ် မြန်မာစာအရေးအသားကိုလည်းကောင်း လေ့လာနိုင်သော အလှူမှတ်တမ်းတင် ကျောက်စာတစ်ချပ်ပင်ဖြစ်သည်။