ကျမ်းပြုထေရ်မော် ပုဂ္ဂိုလ်ကျော်

ကျမ်းပြုထေရ်မော် ပုဂ္ဂိုလ်ကျော် ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

အကြောင်းအရာ ပြင်ဆင်ရန်

ကစ္စည်းဝုတ္တိသစ်ရှစ်စောင်ပါ နိဿယကို ပြုစုတော်မူခဲ့သည် မုံရွာမြို့ ဇောင်ချမ်းပင် ဆရာတော်ကို ချီးကျူးဖွဲ့ဆိုထားသည့် သံချိုကဗျာ ဖြစ်သည်။

ကျမ်းပြုထေရ်မော် ပုဂ္ဂိုလ်ကျော် ပြင်ဆင်ရန်

ဘဂဝါ မရဇိ၏၊ အာမသံ ဒေသနာနှင့်၊ ပါဠိလာမဂဓ တို့စ္ဆ၊ လျောက်ပတ်စွာ ထပ်ခါပြသည့်၊ သဒ္ဒရယ်အသံနှင့်၊ အတ္ထနယံ ကျမ်းစာထုတ်ခဲ့၊ ရဟန္တာသမုတ်တဲ့ ကစ္စည်းထေရ်။

သုတ် အရှိငဲ့ပြင်၊ ဝုတ္တိရယ်တဖြာနှင့်၊ ဥဒါဟရုဏ် စုကာထုတ်သည့်၊ ပြယုဂ်တွေ လွန်ကျယ်ပွားလို့၊ သင်ကြားသူ လူရှင် ရှင်ရဟန်းတို့၊ ပင်ပန်းစွာ နွမ်းကာကျလိမ့်၊ မှန်းစိတ်ကရည်။

တိုင်းရွှေမုံနယ် အဝှမ်းတွင်မှ၊ ဇောင်ချမ်းပင်သညာကျော်တဲ့၊ ဆရာတော်အာစရိက၊ ပါဠိညီစွာနှင့်၊ ဋီကာပါ အဋ္ဌကထာရှိုလို့၊ ဗဟု မကျယ်ပွားရအောင်၊ လုတ်ခက်ရာနုတ်ပယ်ရှားလို့၊ ရုပ်များစွာကြားကာနှင့် ပြီးလောက်အောင်၊ သဒ္ဒါကြီးကျမ်းရှစ်မည်၊ လမ်းသစ်တည်၍ ဖွင့်လှူဒါန်း။

ဗုဒ္ဓုပ်ကယ်ပါဒနှင့်၊ နဝမံအရောင်လျှမ်းရက်မို့၊ ဇောင်ချမ်းပင် ဆရာတော်က ကမ္ဘာပေါ်မှာ၊ သဒ္ဒါဇော်ရှည်ကျော်ရစ်စေဟု၊ အဝဇ္ဇန် ဝေဖန်စိတ်လို့၊ သံခိတ္တံတိုတိုနှင့်၊ အပိုတွေ အမိုမချဲ့ပြီဘု၊ ကစ္စည်းတဆူ၊ အသစ်နည်းမူဖွဲ့ပါလို့၊ လွယ်တကူသင်ယူလှဲ့စေဖို့၊ ရေးတဲ့လက်သန်း၊ ရေးတဲ့ရှစ်ကျမ်း။

ခက်ဆစ် ပြင်ဆင်ရန်

၁။ ဘဂဝါ = ဘဂဝါဂုဏ်နှင့် ပြည့်စုံသောဘုရား။

၂။ မာရဇိ = မာရ်ငါးပါးကို အောင်သောဘုရား။

၃။ အာမိသံ = မူကွဲမရ၍ ဤအတိုင်းထားသည်၊ အဓိပ္ပာယ်မရ၊ အမိတံ(ဝါ) မနှိုင်းယှဉ်အပ်သောဟု ဖြစ်မည်ထင်၏။

၄။ ပါဠိ = ဘုရားဟော ဘာသာစကား။

၅။ မဂဓ = မဂဓတိုင်းသားတို့ ပြောသောစကား။

၆။ သဒ္ဒ = အသံ။

၇။ အတ္ထ = အနက်အဓိပ္ပာယ်။

၈။ သုတ် = ဆိုလိုချက်အချုပ်စကား။

၉။ ဝုတ္တိ = သုတ်ကို နားလည်အောင် ရှင်းပြသော စကား။

၁၀။ ဥဒါဟရုဏ် = ဥပမာတင်၍ ပြောဆိုခြင်း။

၁၁။ ပြယုဂ် = နှိုင်းယှဉ်၍ ဖော်ပြသည့် အထောက်အထား။

၁၂။ ဋီကာ = အဖွင့်ကျမ်း။

၁၃။ အဋ္ဌကထာ = အကျယ်ချဲ့၍ ဖွင့်ဆိုသောကျမ်း။

၁၄။ ဗဟု = များပြားခြင်း။

၁၅။ ဗုဒ္ဓုပ်ကယ်ပါဒံ = ဗုဒ္ဓုပ္ပါဒ၊ ဒုလ္လဘ၊ ဘုရားဖြစ်ရန် ခဲယဉ်းခြင်း။

၁၆။ အာဝဇ္ဇန် = အာဝဇ္ဇန(ပါ)၊ ဆင်ခြင်သုံးသပ် နှလုံးသွင်းခြင်း။

၁၇။ သံခိတ္တံ = အကျဉ်းနည်း၊ အတိုနည်း။

မှတ်ချက် ပြင်ဆင်ရန်

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် နာမည်ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော နာမည်ကို ပေးထားခြင်း ဖြစ်သည်။

ကိုးကား ပြင်ဆင်ရန်

  1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။