ကျိုက်ကမာစိန်စေတီသည် အနော်ရထာလမ်းနှင့် ဗိုလ်တထောင်ဘုရားလမ်းထောင့် တွင်ရှိပြီး ယခုအခါ ဘုန်းကြီးကျောင်းများဖြင့် ကွယ်နေသည်။

ကျိုက်ကမာစိန်စေတီဟူသည်မှာ မွန်ဘာသာအားဖြင့် ခေါ်ဆိုခြင်းဖြစ်သည်။ ကျိုက်=ဘုရား၊ ကမာ=ရေကန်၊ စိန်=ဆင်ဟု အဓိပ္ပာယ်ရ၏။ ““ဆင်ကျကန်စေတီ”” ဟု ဖွင့်ဆိုရမည်ဖြစ်၏။ ရွှေတိဂုံစေတီတော်၏ အရှေ့တောင်ယွန်း၊ ပုဇွန်တောင်ချောင်းအနီး အရပ်၌ တည်ရှိသော စေတီတော်အား ဆင်များရေသောက် ဆင်းသက်ကြသည့် ရေကန်ကြီးရှိသည်ကို အစွဲပြု၍ ““ကျိုက်ကမာစိန် ဘုရား”” ဟု ခေါ်တွင်ကြောင်း အမှတ်အသားရှိ၏။

ကျိုက်ကမာစိန် စေတီသမိုင်းသည် ဆူးလေစေတီတော်၊ ကျိုက္ကစံစေတီတော်၊ ကျိုက်ခေါက်စေတီတော်တို့နှင့် ဆက်စပ်မှုရှိပြီး သီဟဒီပမင်းကြီးသည် အရှင်ယသနှင့် အရှင်သောဏအမှူးရှိသော ရဟန္တာရှစ်ပါး ပင့်ဆောင်လာသည့် ဆံတော်၊ ဓာတ်တော်များအနက်မှ ဆံတော်ဓာတ်တစ်ဆူကို ဌာပနာ၍ တည်ထားခဲ့ခြင်းဖြစ်သည်။

သက္ကရာဇ်(၁၁၄၃) ခုနှစ် နန်းတက်သည့် အမရပူရနန်းစံ ဘိုးတော်မင်း၏ ငယ်ကျွန်ရင်း၊ ဦးကျော်ရွေး၊ ရန်ကုန်မြို့ဝန်ဖြစ်သောအခါ ကျိုက်ကမာစိန်စေတီအား ပြန်လည်မွမ်းမံ ပြုပြင်သည်။ သို့သော် ကျိုက်ကမာစိန်စေတီသည် ထုံးဖြူဖြူ စေတီဖြစ်သဖြင့် ထုံးသင်္ကန်းရောင်ဖြူဖြူက ကြည်ညိုဖွယ်အဆင်း ဆောင်သဖြင့် ““ဘုရားဖြူစေတီ”” အဖြစ်လည်း ထင်ရှားခဲ့၏။

၁၃၀၃ ခုနှစ်၊ ကဆုန်လဆုတ် ၂ ရက်တွင် ဘုရားဖြူကျောင်းတိုက် ဆရာတော်ကြီးကိုအမှူးထား၍ ဒါယိကာ၊ ဒါယိကာမ ၁၃ ဦးမှ ယနေ့ဖူးတွေ့ရသော စေတီကို ပြန်လည်ပြုပြည်တည်ထားခဲ့ကြပြီး ၁၃၁၈ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၄ ရက်တွင် ကြေးထီးတော် အထွဋ်တင်ခဲ့ကြသည်။