ကျိုက်ခေါက်စေတီတော်မြတ်သည် မြန်မာနိုင်ငံရှိ တန်ခိုးကြီး စေတီတော် တစ်ဆူဖြစ်၍ရန်ကုန်မြစ်နှင့် ပဲခူးမြစ်ဆုံရာ ပဲခူးမြစ်၏ တောင်ဘက်ကမ်းတွင်ရှိသော ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့တောင်ဘက် သန်လျင်ကျောက်တန်းလမ်း အနီး ဥတ္တရင်္ဂကုန်းပေါ်၌ ကိန်းဝပ်တော်မူလျက်ရှိသည်။ ကျိုက်ခေါက်စေတီမှာ ရှေးဟောင်း စေတီတော်တစ်ဆူ ဖြစ်သည့်ပြင် ရှေးမွန်ဗိသုကာ ပညာရပ်ကို သရုပ်ပြ သက်သေခံလျက်ရှိသည်။ ကျိုက်ခေါက်စေတီ၏ ဉာဏ်တော်မှာ ၂၃၃ ပေ၊ ဖိနပ်တော်အဝန်းမှာ ပေ ၉ဝဝ ဖြစ်သည်။ စေတီ ရင်ပြင်တော် ကို မြန်မာနိုင်ငံအထက်ပိုင်းမှ ကျောက်ပြားအနီများဖြင့် စနစ်တကျ ဆစ်ချောခင်းကျင်းထားသည်။

ကျိုက်ခေါက်စေတီတော်
အချက်အလက်များ
တည်နေရာသန်လျင်မြို့
ကိုဩဒိနိတ်16°43′49″N 96°16′15″E / 16.730321°N 96.270943°E / 16.730321; 96.270943ကိုဩဒိနိတ်: 16°43′49″N 96°16′15″E / 16.730321°N 96.270943°E / 16.730321; 96.270943
ဘာသာရေး နှီးနွယ်မှုဗုဒ္ဓဘာသာ
နိုင်ငံမြန်မာ
ဗိသုကာ
တည်ထောင်သူစူဠသီရိမာသောကမင်း

သာသနာသက္ကရာဇ်(၂၄၁)တွင် အရှင်ခေါလကနှင့် သထုံမင်းစူဠသီရိမာသောကမင်း တို့သည် ဂေါတမမြတ်စွာဘုရား၏ ဆံတော်ခြောက်ဆူနှင့်တကွ သီဟိုဠ်(သီရိလင်္ကာ)မှရရှိသော နဖူးသင်းကျစ်ရိုးနှင့်ဓာတ်တော်များကို ဌာပနာကာ တိုက်စေတီ ပုံတည်ထားခဲ့ခြင်းဖြစ်သည်။ အရှင်ခေါလကကို အကြောင်းပြု၍ “ခေါလကစေတီ” ဟုသမုတ်ခဲ့သည်။ ကာလရွေ့လျောလာသည်နှင့်အမျှ "ခေါက်စေတီ၊ ကျော်ခိုက်စေတီ၊ ကျိုက်ခေါက်စေတီ" ဟုတွင်လေသည်။

သက္ကရာဇ်(၇၁၁)တွင် ဟံသာဝတီမင်း ဗညားဦးသည် မူလတိုက်စေတီကို သင်းတိုက်စေတီပုံစံ ပြောင်းလဲတည်ထားခဲ့သည်။ ဉာဏ်တော် ၂၇-တောင် ဖြစ်သည်။ သက္ကရာဇ်(၇၇၈)တွင် ရာဇာဓိရာဇ်မင်းသည် ဉာဏ်တော်အတောင်သုံးဆယ်ထိ ပြုပြင်တည်ဆောက်သည်။ ကျိုက်ခေါက် စေတီတော်မြတ်သည် ခေတ်သမိုင်းအဆက်ဆက် စိုးစံခဲ့သောမင်းများနှင့် ပြည်သူတို့ ဆည်းကပ်ကိုးကွယ်ခဲ့ကြသော ထင်ရှားသော တန်ခိုးကြီး ဘုရားတစ်ဆူဖြစ်သည်။ [၁]

အမည်ရင်းမြစ် ပြင်ဆင်ရန်

ဆံတော်ခြောက်ဆူမှာ အရှင်ခေါလကကို အကြောင်းပြု၍ ရရှိသဖြင့်သော်လည်းကောင်း၊ ထိုအရှင်သီတင်းသုံးရာ ကျောင်းကုန်းပေါ်တွင် တည်ထားသောကြောင့်လည်းကောင်း ထိုစေတီကို "ခေါလကစေတီ" ဟုသမုတ်ခဲ့သည်။ ကာလရွေ့လျောလာသည်နှင့်အမျှ  နှောင်းလူတို့သည် ခေါလကစေတီဟု မခေါ်ကြပဲ ခေါက်စေတီ ဟုသာခေါ်ကြကုန်သည်။ ဟံသာ၀တီတိုင်းသားတို့မူကား "ကျာ်ခိုက်" ဟုခေါ်ကြလေ၏။ ထို့နောက်တွင်မှ ကျိုက်ခေါက်စေတီ ဟုပြောင်းလဲခေါ်ကြ သည်မှာ ယနေ့တိုင်ဖြစ်လေသည်။

ဘုရားသမိုင်းအကျဉ်း ပြင်ဆင်ရန်

ဂေါတမမြတ်စွာဘုရားပရိနိဗ္ဗာန်ပြုပြီးနောက် ၂၃၆ နှစ်ရောက်သော် အသောကမင်းတရားကိုအမှီပြု၍ အရှင် မောဂ္ဂလိပုတ္တတိဿ မဟာထေရ်ကြီးမှူးသောသံဃာအဖွဲ့ကြီးက တိုင်းတစ်ပါးအရပ်များ၌ သာသနာတော်ကို တည်စေ အံ့သောငှာ သာသနာပြုထေရ်တို့ကိုစေလွှတ်လိုက်၏။ ထိုသို့စေလွှတ်ရာတွင် သုဝဏ္ဏဘူမိအမည်ရှိသော  သထုံပြည်သို့ အရှင်သောဏနှင့် အရှင်ဥတ္တရထေရ်တို့ကို တပည့်ဖြစ်သူ အရှင်သောမာယနှင့်တကွ စေလွှတ်လိုက်၏။ ထိုအရှင် နှစ်ပါးသည် တပည့်ဖြစ်သူလက်ထောက်သာသနာပြုရဟန်းတော် အရှင်သောမာယကို ပေါက္ခရဝတီခေါ်ဒဂုံခေါ်၊ ရန်ကုန်မြို့သို့သာသနာပြုရန် တစ်ဆင့်လွှတ်လိုက်သည်။ ထိုအရှင်သည်ပေါက္ခရဝတီ၌ အစဉ်သီတင်းသုံးကာလတွင် က္ခိယ ကျွန်း၊ သီဟကျွန်းများ၌ သာသနာကိုကောင်းစွာပြု၏။ ဥတ္တရင်္ဂကုန်း၌နေသော ခေါလက မည်သောရသေ့သည် သာသနာ တော်၌ယုံကြည်လာ၍ ရဟန်းအဖြစ်ကိုခံယူခဲ့သည်။ ထို့နောက် အရှင်ခေါလသည် ဆရာအရှင်သောမာယနှင့်အတူ အိန္ဒိယ နိုင်ငံ၊ ပါဋလိပုတ်နေပြည်တော် ရှိအသောကမင်းတရားထံသွား၍ မြတ်စွာဘုရား၏ မွေတော်ဓာတ်တော်များကိုပူဇော်ရန် အလို့ငှာတောင်းလေသော် မြတ်စွာဘုရားရှင်၏ ဆံတော်၂၄ဆူ ကိုရရှိခဲ့သည်။ ထို့နောက်တွင်သီတင်းသုံးရာ သီဟကျွန်း သို့ပြန်ခဲ့ရာ ပါဒအမည်ရှိသောသင်္ဘောဆိပ်သို့ရောက်လေ၏။ ပါဒမြို့၌ဆံတော်၂ဆူကို ကိုကွယ်ရန်ပေးခဲ့ရာ နောင်အခါတွင် ကျိုက်ဒေးရစေတီတွင်ဌာပနာထားလေသည်။ ပါဒနိုင်ငံမှ သန်လျင်ရွာခေါ်စကားရွာအထိ ဌာပနာတည်ထားကိုးကွယ်ရန် အသီးသီးပေးအပ်ခဲ့ရာ အရှင်ခေါလကသီတင်းသုံးသော ဥတ္တရင်္ဂကုန်း(ယခုအခေါ်လှိုင်းပုတ်ကုန်း)တွင်လည်း တည်ထား ကိုးကွယ်ရန်အတွက် ဆံတော်ခြောက်ဆူကိုရရှိခဲ့ပါသည်။  သာသနာသက္ကရာဇ်(၂၄၁)တွင် အရှင်ခေါလကနှင့် သထုံမင်းစူဠသီရိမာသောကမင်းတို့သည် ဂေါတမမြတ်စွာဘုရား၏ ဆံတော်ခြောက်ဆူကိန်းဝပ်ရန် ဌာပနာကာ တိုက်စေတီတစ်ဆူကို တည်ထားခဲ့ခြင်းဖြစ်သည်။ နှောင်းပိုင်းတွင် (ဘုရင့်နောင်မင်းတရားကြီး၏ စေခိုင်းချက်အရ သန်လျင်မြို့ဝန်ကတော် ရှင်ငြိမ်းကိုတာဝန်နှင်း၍) သီဟိုဠ်(သီရိလင်္ကာ)မှရရှိသော နဖူးသင်းကျစ်ရိုးနှင့် ဓာတ်တော်များကို ဖြည့်တင်းဌာပနာကာ စေတီတော်ကို ညဏ်တော် (၅၆)တောင်အထိ ပြန်လည်တည်ထားခဲ့သည်။

၉၃၆ ခုနှစ်တွင်- သထုံမင်းဓမ္မပါလသည်ဂဝံကျောက်အုတ်တို့ဖြင့် တန်ဆောင်းသစ်ကိုတည်ဆောက်လှူဒါန်းခဲ့ပြီး ကျောင်း၊ သိမ်၊ ဇရပ်၊  တန်ဆောင်း၊ စောင်းတန်းများကိုလည်းပြုပြင်ခဲ့သည်။ စေတီတည်ရာတောင်၏အရှေ့မြောက် ခြေရင်းအရပ်တွင် ဓမ္မပါလကျောင်းကြီးကိုလည်း တည်ဆောက်လှူဒါန်းခဲ့ပါသေးသည်။

ဘုရားပြုပြင်ခြင်းသမိုင်း ပြင်ဆင်ရန်

သာသနာသက္ကရာဇ်(၂၄၁)တွင်စတည်တည်ထားစဉ်က တိုက်စေတီအဖြစ်သာတည်ထားခဲ့ပြီး မြန်မာသက္ကရာဇ် (၄၂၄)ခုနှစ်၊ ခရစ်နှစ် ၁၀၆၂ ခုနှစ်တွင်ခုနှစ်တွင် အနော်ရထာမင်းက ဂဝံ၊ အုတ်တို့ဖြင့်တိုးချဲ့တည်ပေးရာ တိုက်စေတီထိပ်မှပြာသာဒ်ဟောင်းကိုဖယ်ပြီး သင်တိုင်းစေတီကိုအစားထိုးတည်ထားခဲ့သည်။

မြန်မာသက္ကရာဇ် ၇၁၀- ခုနှစ်တွင် ငလျင်လှုပ်ခတ်မှုကြောင့် စေတီတော်မှာပြိုကျပျက်စီးသဖြင့် (၆)နှစ်အကြာ ၇၁၆-ခုနှစ်တွင် ဟံသာဝတီမင်း ဗညားဦးသည် တိုက်စေတီပုံစံမှ အနော်ရထာမင်းကြီးတည်ထားခဲ့သည့်အတိုင်း ဉာဏ်တော်ကို ၂၇ တောင်မြှင့်၍ သင်တိုင်းစေတီသစ်ကို ပြောင်းလဲတည်ထားခဲ့သည်။

သက္ကရာဇ်(၇၇၈)တွင်စေတီတော်မှာ နှစ်ခြမ်းကွဲကျခဲ့ရာ ရာဇာဓိရာဇ်မင်းသည် ရှိပြီးသားဌာပနာအပြင် ဌာပနာအသစ်များ ထပ်မံဖြည့်တင်းပြီး ဉာဏ်တော်အတောင်သုံးဆယ်ထိ ပြုပြင်တည်ဆောက်ခဲ့ရာ သက္ကရာဇ် ၇၇၉-ခုနှစ်တွင် ပြီးစီး၍  ရွှေသင်္ကန်းပါကပ်လှူပူဇော်ခဲ့သည်။

မြန်မာသက္ကရာဇ်(၈၁၂)ခုနှစ်တွင် မိုးကြိုးခသဖြင့်ထီး၊ ငှက်မြတ်နား၊ ကြာဖူးတို့ကို သားတော်ဗညားကျန်းဒေါက အင်းဝ လက်ရာ ထီးတော်သစ်တင်လှူပူဇော်ခဲ့သည်။

မြန်မာသက္ကရာဇ်(၈၂၂)ခုနှစ်၊ သက္ကရာဇ်(၈၂၀)တွင် ငလျင်ကြောင့်ပန်းတင်ခုံပြိုပျက်ရာ သက္ကရာဇ်(၈၂၂) တွင်ဘုရင်မကြီး ရှင်စောပုနှင့် ဓမ္မစေတီမင်းတို့က ပြန်လည်တည်ဆောက်ခဲ့သည်။

မြန်မာသက္ကရာဇ်(၈၉၀)ခုနှစ်တွင် လေပြင်းမုန်တိုင်းတိုက်ခတ်သောကြောင့်ထီးတော်မြေခခဲ့သည်။ သန်လျင်မြို့စား ဗကတ်နှင့် ကျိုက်ခေါက်သူကြီးတို့က ဦးဆောင်၍ ထီးတော်သစ်လှူခဲ့သည်။

မြန်မာသက္ကရာဇ်(၉၂၄) ခုနှစ်၊ နယုန်လဆန်း(၆)ရက်၊ ဗုဒ္ဓဟူးနေ့တွင် ကြီးစွာသောငလျင်ကြောင့် ပန်းတင်ခုံပါမကျန် ပြိုကွဲပျက်စီးခဲ့ရာ သန်လျင်မြို့စားကတော်ရှင်ငြိမ်းက ဘုရင့်နောင်မင်းတရားကြီးကိုယ်စား သီဟိုဠ်မှရသော နဖူးသင်းကျစ်ရိုး တော်နှင့် ဓာတ်တော်မွေတော်များကိုပါထပ်ဖြည့်ဌာပနာ၍ အမြင့်(၅၆)တောင်ရှိသော စေတီကိုတည်ပေးခဲ့ကာ ဆင်ခံကျောက်ထီးကိုလည်း ရင်ပြင်တော်အရှေ့တောင်ဘက်တွင် တည်လှူခဲ့သည်။

မြန်မာသက္ကရာဇ်(၉၂၇) ခုနှစ်တွင် ဘုရင့်နောင်၏ ရွှေကွပ်ကျောက်စီထီး၊ ငှက်မြတ်နားနှင့်ကြာဖူးတို့ကိုတင်လှူခဲ့သည်။

မြန်မာသက္ကရာဇ်(၉၅၂)ခုနှစ်တွင် သန်လျင်မြို့စားသီဟမာရီနှင့်ကတော်သုဂန္ဒကလျာတို့အားနန္ဒမင်းက ငလျင်ကြောင့် ပြိုပျက်ခဲ့သော ထီးတော် နေရာတွင် ရွှေကွပ်ကျောက်စီထီးတော်သစ်ကိုတင်လှူပူဇော်စေခဲ့သည်။

ကျိုက်ခေါက်စေတီကို သန်လျင်မြို့ ဘောဂသေနမင်း၏ သမီးတော် ရှင်မွေနွန်းက ဒုတိယအကြိမ် ဓာတ်တော်များကို ဌာပနာတော်မူခဲ့၍ နောက်မင်းအဆက်ဆက်တို့ ပြုပြင်တော်မူခဲ့ကြသည်။ သို့သော် ပေါ်တူဂီ လူမျိုး ငဇင်္ကာခေါ် ဖိလစ်ဒီဗရစ်တို လက်ထက် သက္ကရာဇ် ၉၆၅ ခုနှစ်မှ ၉၇၅ ခုနှစ်ခန့်အတွင်း ကျိုက်ခေါက်စေတီတော်ကို ပြုပြင်မွမ်းမံသည့်သူ မရှိသဖြင့် တောကြီးအတိ ဖြစ်ပြန်သည်။

မြန်မာသက္ကရာဇ်(၉၇၅)ခုနှစ်တွင် အနောက်ဘက်လွန်မင်းသည် ရွှေကွပ်ကျောက်စီထီးတော်အသစ် တင်လှူပူဇော်ခဲ့ သည်။

မြန်မာသက္ကရာဇ်(၁၀၇၆) ခုနှစ်တွင် တနင်္ဂနွေမင်းက အင်္ဂတေအသစ်တင်လှူပေးခဲ့သည်။

မြန်မာသက္ကရာဇ်(၁၁၃၀)ခုနှစ်တွင် ငလျင်ကြောင့်ကျည်းဝန်းမှ အထက်ပြိုကျခဲ့ရာ ပစ္စယံနှင့် ပန်းတင်ခုံတို ကွဲအက်ပျက်စီးခဲ့သောကြောင့် မြေဒူးမင်းခေါ်ကုန်းဘောင်ဆင်ဖြူရှင်မင်းအမိန့်ဖြင့် သန်လျင်မြို့ဝန်နှင့် အရာရှိတို့က ဘုရင့် ဘဏ္ဍာတော်ဖြင့် ပြန်လည်တည်ထားခဲ့ရာ ရွှေတိဂုံစေတီပုံစံတူဖြစ်ပြီး ဉာဏ်တော်မှာ (၁၀၈) တောင် မြင့်ပေသည်။

သက္ကရာဇ် ၁၁၃၃ ခုနှစ်တွင် မိုးနဲရောက် ဂန္ဓသာရ အရှင်သူမြတ် ကြီးမှူး၍ မြို့သူမြို့သား တို့က ထပ်လောင်းမွမ်းမံကာ တံတိုင်းကာရံ ဆောက်လုပ်ခဲ့ကြသည်။

ဆင်ဖြူရှင်မင်းတရားကြီးသည် သက္ကရာဇ် ၁၁၃၆ ခုနှစ် ရွှေတိဂုံစေတီတော်တွင် ထီးတော်အသစ် တင်တော်မူပြီး နောက်၊ ၁၁၃၇ ခုနှစ်၌ ကျိုက်ခေါက်စေတီတော်ကိုလည်း ထီးတော်တင်တော်မူခဲ့သည်။ ၁၁၄၃ ခုနှစ်က စေတီတော်ပြိုပြန်ရာ ဘိုးတော်ဘုရားက ပြင်ဆင်မွမ်းမံခဲ့လေသည်။

မြန်မာသက္ကရာဇ်(၁၂၂၀) ခုနှစ်တွင် သန်လျင်မြို့အုပ်ဦးသာဒွန်းအောင်နှင့်ဇနီးဒေါ်ပွင့် သားသမီးတစ်စုတို့က ထီးတော် သစ်လှူခဲ့သည်။

မြန်မာသက္ကရာဇ်(၁၂၇၈) ခုနှစ်တွင် ဦးသာဒွန်းအောင်၏သမီးဒေါ်သက်စံက (၁၂၇၇) ခုနှစ်တွင်ချွတ်ယွင်းတိမ်းစောင်း သွားသောထီးတော်အစား အမြင့်ကိုးတောင်တမိုက်ရှိသော ဘုံကိုးဆင့်ထီးတော်သစ်ကိုတင်လှူ ပေးခဲ့သည်။

(၁၂၉၂)ခုနှစ်တွင် ပဲခူးမြို့နှင့်အတူငလျင်ဒဏ်ခံရသဖြင့်ကြောင့်ခေါင်းလောင်းပုံမှ အထက်ပိုင်းပြိုကျခဲ့သည်။ ထိုပြိုကျ ပျက်စီးမှုများကို ဂေါပကအဖွဲ့ကကြီးကြပ်၍ မြန်မာသက္ကရာဇ်(၁၂၉၄)ခုနှစ်တွင် ဘုံကိုးဆင့်ထီးဒါယကာ သူဌေးဦးဘရှင် + ဇနီး ဒေါ်ခင်ညွှန့်၊ ငှက်မြတ်နားတော်အလှူရှင်ဘုရားအမ ဒေါ်လှမယ်၊ စိန်ဖူးဒါယကာဦးဘခင်+ဇနီးဒေါ်စောရင် တို့နှင့် ဘီအိုစီကုမ္မဏီ နှင့်အသင်းအဖွဲ့တို့က စုပေါင်းပြုပြင်တည်ထားရာ ဉာဏ်တော်အမြင့်(၁၂၃) တောင်၊ ပေအားဖြင့် ၁၈၄ ပေ ၆ လက်မရှိသည်မှာ ယနေ့ဖူးမြော်နေရသည့် ဆံတော်ရှင်ကျိုက်ခေါက်စေတီတော်ပင်ဖြစ်သည်။

မြန်မာသက္ကရာဇ်(၁၃၃၀) ခုနှစ်မှာတော့ လေပြင်းဒဏ်ကြောင့် စိန်ဖူးတော်နှင့်စိန်လှံသုံးချောင်းမြေခရာ အများပြည်သူ ကောင်းမှုဖြင့် ပြန်လည်တင်လှူခဲ့သည်။

မြန်မာသက္ကရာဇ်(၁၃၄၂)တွင်လည်း စိန်ဖူးတော်နှင့်ငှက်မြတ်နားတော်တို့ကို အများပြည်သူတို့၏ကောင်းမှုဖြင့် ဖြည့် စွက်ပြုပြင်မွမ်းမံ၍ ပြန်လည်တင်လှူခဲ့သည်။


သမိုင်းဝင်နေရာများ ပြင်ဆင်ရန်

စေတီတော်မြတ်ကြီး၏ တနင်္ဂနွေထောင့်တွင် ရှေးမြန်မာမင်းများ၊ စစ်သူကြီးများ ဆုတောင်းအဓိဋ္ဌာန်ပြုလုပ်ရာ အောင်မြေတည်ရှိသည်။ စေတီတော်ကြီး၏ အရှေ့တောင်ထောင့်တွင် ဟံသာဝတီဘုရင် ဘုရင့်နောင်ကျော်ထင်အနော်ရထာ လှူဒါန်းခဲ့သော ဆင်ခံကျောက်ထီးကို တွေ့နိုင်ပါသည်။ စေတီတော်ကြီးသည် ၁၂၉၂ ခုနှစ်တွင် ငလျင်ဒဏ်ခံရပြီး ငှက်ပျောဖူးတော် ပြိုကျမြေခခဲ့ရသည်။ ပြိုကျခဲ့သော ငှက်ပျောဖူးကို မဖြိုမဖျက်စေဘဲ၊ ငှက်ပျောဖူးပုံ အရံစေတီအဖြစ် ၁၃၀၁ ခုနှစ်တွင် အရှေ့တောင် အထက်ပစ္စယာတွင် တည်ထားကာ မြေခခဲ့သည့်ထီးတော်ကြီးကိုအရံစေတီအဖြစ် အရှေ့မြောက်ထောင့်တွင် ထီးတော်ပုံစေတီတော်ကို တည်ထား ခဲ့သည်။

အထက်ပစ္စယံရှိ အရံစေတီများမှ စေတီရံအမှတ်(၁၀၄)၏ထီးတော်မှာ ကျောက်ထီးတောင် တင်လှူထား သည်ကို ထူးခြားစွာဖူးတွေ့နိုင်သည်။ ရာဟုထောင့်တွင် စေတီတော်ကြီးအား စောင့်ရှောက်ရန် ရည်ရွယ်၍ ရှေးဘိုးဘွားများက ဆင်ဖြူတော်ဝပ်ဆင်းနေ ဟန်ရုပ်တုကို အထိမ်းအမှတ်တည်ထားသည်။

ဒဂုံမြို့စား၏သားတော်မင်းနန္ဒာသည် ဗိုလ်တထောင်ဘုရား (ခေါ်) ဆံတော်အပ်ဘုရား၌ကွယ်လွန်၍ ရှင်မွေ့နွန်းက ကျိုက်ခေါက်စေတီတော်သို့ လှူဖွယ်ဝတ္ထုအစုစုတို့ကိုလှူဒါန်းပြီး စေတီတော်အနောက်မြောက်အရပ် အောက်ရင်ပြင်တော်တွင် ရေကန်တူး၍  “မင်းနန္ဒာကန်”ဟု အမည်သမုတ်ကာလှူဒါန်းခဲ့မှုအား ယနေ့တိုင်တွေ့မြင်နိုင်သည်။

သန်လျင်မြို့စားကတော် သုဂန္ဒကလျာ၏ညီမ မြင့်ဘုန်းရှိနှင့် ချစ်ကြိုးသွယ်နှောင်ပြီး ဘုရားတိုင်ရတုစပ်ဆိုခဲ့သည့် ရတုဘုရင်နတ်သျှင်နောင်ကို မြန်မာသက္ကရာဇ် ၉၇၄ ခုနှစ်တွင် အနောက်ဘက်လွန်မင်းက ပေါ်တူဂီနယ်ချဲ့ငဇင်ကာနှင့် မိတ်ဖွဲ့သဖြင့် မြို့လယ်၌ကွပ်မျက်စေခဲ့သည်။ ညီတော်မင်းရဲကျော်ထင်က နတ်သျှင်နောင်အရိုးအိုးကို စေတီတော် မြောက်ဘက် စောင်းတန်း၏အနောက်ဘက်အနီး အောက်ရင်ပြင်တွင်မြှပ်နှံ၍ တိုက်စေတီအဖြစ်တည်ထားသည်ကို ယနေ့တိုင်တွေ့မြင်နိုင် သည်။

မြန်မာသက္ကရာဇ် ၁၁၀၁ ခုနှစ်တွင်ပျံလွန်တော်မူသော ကျိုက်ခေါက်ဆရာတော်ကြီး ပညာလင်္ကာရ၏အရိုးအိုး စေတီတော်ကို ကုသိနာရုံတန်ဆောင်းနှင့် ဗောဓိညောင်ပင်ကြီးနားတွင် တွေ့မြင်နိုင်သည်။

သက္ကရာဇ် ၁၂၈၂ ခုနှစ်တွင် ကျိုက်ခေါက်စေတီတော်မြတ်ကြီးနှင့်တကွ ဥတ္တရင်္ဂကုန်းတော်ဝန်းကျင် သန်လျင်နယ် တစ်ခွင်စောင့်ရောက်ရန်ထားရှိသည့် သန်လျင်ဘိုးဘိုးကြီး၏ရုပ်တုကို မြောက်ဘက်စောင်းတန်းထိပ်ရင်ပြင်တော်ရှိ စံနန်း ဆောင်တွင် တွေ့မြင်နိုင်ပါသည်။

မြန်မာသက္ကရာဇ် ၁၁၁၃ ခုနှစ်တွင် ဟံသာဝတီဘုရင် ဗညားဒလသည် အင်းဝနေပြည်တော်ကို သိမ်းပိုက်ပြီး အင်းဝဘုရင်၊ မိဘုရား၊ သားတော်၊ သမီးတော်များ၊ မှူးမတ်များကို ဟံသာဝတီသို့ခေါ်ဆောင်ခဲ့ရာတွင် ဝန်ကြီးပဒေသရာဇာလည်း ပါဝင်ခဲ့သည်။ ၁၁၁၆ ခုနှစ် ကဆုန်လပြည့်ကျော် ၃ ရက်တွင် သန်လျင်မြို့၌တည်းခိုနေစဉ် ကွယ်လွန် ခဲ့သဖြင့် သဂြိုဟ်ပြီး အရိုးအိုးစေတီတည်ထားခဲ့သည်ကို စေတီတော်၏မြောက်ဘက် ဝတ္တကမြေတွင် တွေ့မြင်နိုင်သည်။

ကိုးကား ပြင်ဆင်ရန်

  1. မြတ်မင်းလှိုင်။ မြန်မာပြည်ရှိ ရှေးဟောင်းဘုရားစေတီပုထိုးများ

၂။ ပုသိမ်မောင်သောင်းယဉ်၏ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင်ကျိုက်ခေါက်စာအုပ်