ကျိုက်ဗျင်းနတ်စေတီတော် သထုံမြို့၊ ဇင်းကျိုက်တောင်ပေါ်တွင် တည်ရှိသည့် စေတီတော် ဖြစ်သည်။ ဇင်းကျိုက်တောင်သည် ပေ ၃၀၂၂ မြင့်၍ တောင်တက်ခရီး လေးမိုင်နီးပါး ရှိသည်။

သမိုင်းကြောင်း ပြင်ဆင်ရန်

မြတ်စွာဘုရား ပွင့်တော်မူချိန်အခါက ဖြစ်၏။ သုဝဏ္ဏဘုမ္မိနေပြည်တော်တွင် တိဿဓမ္မမင်းနှင့် သီရိကပ္ပအမည်ရှိ မိဖုရားကြီးတို့သည် ဖွားမြင်သည့် သားတော်နှစ်ပါးသည် ဂစ္ဆဂီရိတောင်နှင့် ဗန္ဓဝဂီရိတောင်တွင် ရသေ့ ပြုနေ၏။ ထိုသားတော်နှစ်ပါး၏ အမည်မှာ တိဿဓမ္မနှင့် သီဟရာဇာတို့ ဖြစ်ကြသည်။

တစ်နေ့သောအခါ သီဟရသေ့သည် သူငယ်တစ်ဦးကို မွေးစား၏။ ထိုသူငယ်သည် ကွယ်လွန်သွားသည့်အခါ မဇ္ဈိမဒေသတွင် လူဖြစ်လေ၏။

ထိုကလေးသည် ခုနစ်နှစ်သား အရွယ်ဖြင့်ပင် မြတ်စွာဘုရား၏ တရားတော်ကို နာကြားရကာ ဂဝမ္ပတိ ရဟန္တာ ဖြစ်လေ၏။ ထိုရဟန္တာသည် ခမည်းတော်ဟောင်းနှင့် ဦးရီးတော်ဟောင်းရသေ့နှစ်ပါးကို မြတ်စွာဘုရား ပွင့်တော်မူသဖြင့် တရားတော်ကို နာကြားရလေ၏။

ထို့နောက် ရသေ့တို့က နာကြားရသဖြင့် ပင့်ပေးပါရန် တောင်းဆိုသဖြင့် ဂဝမ္ပတိထေရ်သည် မြတ်စွာဘုရားကို လျှောက်ထား၏။ မြတ်စွာဘုရားသည် သက္ကရာဇ် ၁၁၀ တွင် သုဝဏ္ဏဘုမ္မိသို့ ကြွလေ၏။ ထို့နောက်တွင် တိဿဓမ္မမင်း ဆောက်လုပ်လှူဒါန်းသည့် ကျောင်းတွင် သီတင်းသုံး၏။ ထို့နောက်တွင် ရသေ့နှစ်ပါးတို့အား ဆံတော်နှစ်ဆူစီပေးသနားတော်မူခဲ့သည်။

စေတီတော်တည်ခြင်း ပြင်ဆင်ရန်

သီဟရသေ့သည် မိမိရရှိသည့် ဆံတော်နှစ်ဆူကို တိဿဓမ္မသီဟရာဇာမင်း၏ အကူအညီဖြင့် စေတီတော် တည်ခဲ့သည်။ သာသာနာတော်နှစ် ၁၁၂ တွင် တည်ခဲ့ပြီး ဖိနပ်တော်အကျယ်သည် ၁၀ တောင် ရှိ၏။ ဉာဏ်တော် အတောင် ၃၀ ခန့် မြင့်သည်။ မင်းကြီးသည် ထိုဘုရားကို ပူဇော်စောင့်ရှောက်ရန် တောင်ခြေ၌ ရွာတည်ပေးခဲ့သည်။

အမည် ပြင်ဆင်ရန်

မင်းကြီး တည်ပေးခဲ့သည့် ရွာသည် "ဘုရားတောင်ခြေရွာ" ဟု အဓိပ္ပာယ်ရပြီး မွန်ဘာသာဖြင့် ကွမ်ဇိုင်ကျိုက် ဟု ခေါ်ရာမှ၊ ဇိုင်းကျိုက်၊ ဇင်းကျိုက်ဟု တွင်လာခဲ့သည်။

ထို့ပြင် ရှေးအခါက ပင်လယ်ကမ်းစပ်ဖြစ်သည့်အတွက် နဂါးမတို့ လာရောက်ပျော်ပါးသည့်နေရာ ဖြစ်သည့်အတွက် နဂါးမဘုရား ဟု မွန်ဘာသာဖြင့် ကျိုက်ဗျော်နပ်၊ ဗျော်နတ်၊ ဗျင်းနတ်ဘုရားဟု ခေါ်တွင်ခဲ့သည်။

ကိုးကား ပြင်ဆင်ရန်