ဗီးနပ်ခေါ် အချစ်နတ်သမီး၏ ရင်နှစ်သားချစ်ဖြစ်၍၊ မိခင်၏အနားတွင် လေးမြားတို့ဖြင့် အမြဲခစားကာ ကစားလျက် ရှိသူကား ကျူးပစ်နတ်သားပင် ဖြစ်၏။ နတ်လောကတွင် ကျူးပစ်ဖူးစာရေး နတ်ကလေးအား နတ်ပြောင်နတ်ရှုတ်နတ်ပျော် ကလေးအဖြစ် အပြစ်ကို ဗွေမယူဘဲ ချစ်ခင်ကြလေသည်။ ထိုနတ်ရှုပ်ကလေး၏ မြားချင် ထိမှန်သူ မှန်သမျှ အသက်ပင်မသေသော်လည်း ချစ်စိတ်ကြောင့် ဒုက္ခအရောက်ကြီး ရောက်ကြရ၍ အချစ်ကြောင့် အပျော်ကြီးလည်း ပျော်ကြရ၏။ နတ်လူမဟူ သက်ရှိသူမှန်သမျှအား အနည်းနှင့်အများ ချစ်ဒုက္ခပေးတတ်သော ထိုနတ်ကလေးကိုယ်တိုင်ပင်လည်း ချစ်ဒုက္ခ ခံစားရခြင်းမှ မကင်းချေ။ ကျူးပစ် နတ်သားကလေးနှင့် ဆိုက်ကီး မင်းသမီးကလေးတို့၏ အဖြစ်အပျက်ကား များစွာ စိတ်ဝင်စားဖွယ်ကောင်းလေသည်။ ရှေးအခါတုန်းက ရှင်ဘုရင်တစ်ပါး၌ သမီးတော် သုံးပါးရှိရာတွင် အကြီးနှစ်ပါးမှာ အထိုက်အလျောက် အိမ်ထောင်ဖက် ပြည့်ကြသော်လည်း အချောဆုံးဖြစ်၍ အထွေးဆုံးသမီးဖြစ်သူ ဆိုက်ကီး မင်းသမီးကလေးမှာမူ နတ်တမျှ အလှလွန်သဖြင့်၊ လူမင်းသားတို့သည် သူ၏မေတ္တာပန်းကို ဆင်မြန်းရန် မဝံ့ကြချေ။ ထို့ကြောင့် ဖူးစာရှင်ကင်းရုံမျှမက အလှလွန်သည့်အတွက်ကြောင့်ပင် အချစ်နတ်သမီး ဗီးနပ်၏ ငြိုငြင်မှု ချစ်မုန်းမာန်ဒဏ် ကိုပင် ခံနေရရှာသည်။ ဗီးနပ်သည် ဆိုက်ကီးကို စိတ်ဒုက္ခရောက်စေလိုသဖြင့် သားမောင်ကျူးပစ်အား ဆိုက်ကီးမင်းသမီးကလေးကို စိတ်သဘောအယုတ်ဆုံးနှင့် ရုပ်အဆိုးဆုံးသူ တစ်ဦးနှင့် ဖူးစာမျှပေးရန် အမိန့်ပေးလိုက်သည်။ မယ်တော်မိန့်ခွန်းကို မသွေဖည်ဝံ့သော ကျူးပစ်သည် အမိန့်တော်အတိုင်း ဆောင်ရွက်ရန် ဆိုက်ကီးထံ ရောက်ခဲ့၏။ သို့သော် ဆိုက်ကီးမင်းသမီးကလေးကို မြင်လျှင်မြင်ခြင်း စုံမက်ချစ်ခင်လှသောကြောင့် အမိန့်တော်ကို မေ့ကာသူကိုယ်တိုင် ချစ်စိတ်ဝင်မိသဖြင့် လူသူမနီးသော လုံခြုံသည့် တောသာခေါင်တစ်ခုသို့ ခေါ်ဆောင်သွားလေသည်။ ထိုအခါမှစ၍ ကျူးပစ်နတ်သားကလေးသည် ညဉ့်အချိန်မှသာလျှင် လာရောက်၍ ဆိုက်ကီးနှင့်အတူ နေပြီးလျှင် မိမိအား မည်သူမည်ဝါဖြစ်ကြောင်း ဘယ်သောအခါမျှ မမေးရန် တားမြစ်ထားလေသည်။ ယင်းသို့ နေ့စဉ်နေ့တိုင်း ကျူးပစ်လာနေသည်ကို မနာလိုသောဆိုက်ကီး၏ အမဖြစ်သူများက ကျူးပစ်သည် လူမဟုတ်ဘဲ တိရစ္ဆာန်ဖြစ်သည်ဟု ပြောကာ ညီမငယ်အား စုံစမ်းရန် တိုက်တွန်း၏။ ဤကဲ့သို့ အတန်တန်တိုက်တွန်းချက်ကို နားယောင်ရှာမိသော ဆိုက်ကီးသည် ကျူးပစ်နတ်သားကလေး အိပ်နေစဉ် မီးထွန်း၍ ထကြည့်လေသည်။ ကျူးပစ်ကလေး၏ သားနားသော ရုပ်ရည်ကို မြင်ရသော မင်းသမီးကလေးမှာ များစွာနှစ်ထောင်းအားရလှသဖြင့် မေ့မောနေစဉ်မီးခွက်မှ ဆီပူစက်သည် ကျူးပစ်နတ်သားကလေးအပေါ်သို့ ကျသွားလေသည်။ နတ်သားကလေးလည်း ဆိုက်ကီးအား အပြစ်တင်ကာ ရုတ်တရက် ပျောက်ကွယ်သွားလေသည်။ အမှုလွန်ပြီးမှ နောင်တရသော ဆိုက်ကီး မင်းသမီးကလေးသည် ကျူးပစ်နတ်သားကလေး ပျောက်ကွယ်သွားသောကြောင့် ခြေရာ ထပ်မျှတရစပ် ရှာသော်လည်း အမောသာလျှင် အဖတ်တင်လေသည်။ ယင်းသို့ စိတ်နှလုံး မချမ်းမြေ့ဘဲ လိုက်ရှာယင်းပင် ဗီးနပ်၏ နန်းတော်သို့ ရောက်သွား၏။ ဗီးနပ်လည်း ယခင်က မလိုမုန်းထား စိတ်အရင်းခံရှိသဖြင့် ဆိုက်ကီးကလေးအား သာမန်လူသားတို့ မစွမ်းဆောင်နိုင်သော ကြီးလေးသည့် အလုပ်တာဝန်ကို တစ်ခုပြီး တစ်ခုထမ်းဆောင်စေသည်။ ယင်းသို့အားဖြင့် မယ်တော်ဗီးနပ်က ကျူးပစ်နှင့် ဆိုက်ကီးတို့၏ ချစ်ခြင်းကို ခွဲသော်လည်း ဖူးစာဖက်မှန်ရကား နောက်ဆုံး၌ ကျူးပစ်နတ်သားကလေးနှင့် ဆိုက်ကီးမင်းသမီးကလေးတို့မှာ နတ်ဘုရင် ဂျူပီတာ၏ ကူညီစီမံချက်အရ ပြန်လည်တွေ့ဆုံ၍ လက်ထပ်လိုက်ကြ၏။ ရောမလူမျိုးတို့သည် "အချစ်သည် မျက်စိမရှိ" ဟူသော စကားနှင့် အညီမျက်စိကို အဝတ်ဖြင့် စည်းထား၍ လေးနှင့်မြားကို ကိုင်ထားသော ကျူးပစ်၏ ပုံများကိုထုတ်လုပ်ကြလေသည်။ သက်ရှိနတ်လူသတ္တဝါမှန်သမျှတို့သည် ကျူးပစ်နတ်သားကလေး၏ မြားချက်ဖြင့် မည်သူမျှ မလွတ်ကင်းကြပေ။ ဂရိလူမျိုးတို့ကမူ ကျူးပစ်နတ်သားကလေးအား အီးရော့ အချစ်နတ်သားကလေးဟူ၍ ကိုးကွယ်ကြလေသည်။[]

ကျူးပစ်နှင့် ဆိုက်ကီး၏ ရုပ်တု ၊ အန်တိုနီယို ကနိုဗာ ၊ ဟာမီတေ့ ပြတိုက်၊ စိန့်ပီတာစဘတ်
  1. မြန်မာ့စွယ်စုံကျမ်း၊ အပိုင်းက၊ အတွဲ၁။