တောတောင် စိမ့်စမ်း ဂနိုင်တို့၌ အရွက်အလက် ဝေဝေ ဆာဆာနှင့် ထူထပ်စွာ ပေါက်လေ့ရှိသော ကျောက်ခက်ပင် တို့သည် ယင်းတို့၏ လှပသောအရွက်များဖြင့် ပေါက်ရောက်ရာ အရပ်ဒေသများကို တန်ဆာဆင်ကြငြားသော်လည်း အပွင့်ပွင့် သောအပင်များမဟုတ်ချေ။

အနွေးဓာတ်၊ ရေ၊ အရိပ်အာဝါသ စသည်တို့မှာ ကျောက်ခက်ပင်များ ကောင်းမွန်စွာ တိုးတက်ကြီးထွားမှု အတွက် လိုအပ်ပေသည်။ အချို့သောကျောက်ခက်ပင်မျိုးသည် စိုစွတ်သည့်တောင်ခြေ ချိုင့်ဝှမ်းတို့၌ ပေါက် ရောက်၏။ အချို့မှာ အရိပ်အာဝါသ ကင်းမဲ့သည့်လယ်ကွင်းခေါင်ခေါင်တွင် ပေါက်တတ်၏။ ရေထဲတွင် ပေါက်နိုင်သော ကျောက်ခက် ပင်မျိုးကိုမူ အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် တောင်ပိုင်း၌ တွေ့မြင်နိုင်ပေသည်။

ကျောက်ခက်ပင် အမျိုးပေါင်း မြောက်မြားစွာရှိသည့်အနက် ကျွန်ုပ်တို့ လေ့လာရန် အတွေ့လွယ်နိုင်ဆုံးသော အပင်မှာ ဍရင်ကောက်ပင် ဖြစ်၏။ ဍရင်ကောက်ပင်သည် စိုစွတ်သော နေရာများ၌ ပေါက်တတ်သည်။

စိမ်းလန်းလှပသော အရွက်များရှိ၍ အမြင့်တစ်တောင် နီးပါးအထိ ကြီးနိုင်သည်။ မြေကြီးမှ ထွက်ခါစတွင် အညွန့် သည် လိပ်လျက်ရှိ၍ နောက်မှ တဖြည်းဖြည်း ပြန့်လာသည်။ ပင်စည်မှာ အမှန်အားဖြင့် မြေကြီးအောက်တွင် ကပ်လျက်ရှိ၍ ရိုင်းဇုမ်ဟု ခေါ်သည်။ အရွက်များမှာလည်း ရိုးရိုးအရွက်နှင့် မတူဘဲ အလက် ကလေးများနှင့်တူ၏။ အလက်များ ရင့်လာ သောအခါ အောက်ဘက်၌ အညိုရောင်အစက်များ ပေါ်လာ သည်။ မှန်ဘီလူးဖြင့် သေချာစွာကြည့်လျှင် အစက်တစ်ခု၌ ညိုသောအရာဝတ္တုကလေး အများအပြား ပါဝင်သည်ကို တွေ့ရသည်။ ထိုအရာဝတ္တုတစ်ခု၌ အလက်နှင့် တွယ်ကပ် ထားသော အတံတစ်ခုရှိသည်။ မျိုးမှုန်များ ဖြစ်ပေါ်ရာ နေရာဖြစ်သောကြောင့် ရုက္ခဗေဒပါရဂူများက ယင်းတို့ကို စပိုရန်းဂျီးယား တစ်နည်း 'မျိုးမှုန်အိမ်'ဟု ခေါ်ကြသည်။ မျိုးမှုန်များ မှည့်သောအခါ မျိုးမှုန်အိမ်သည် ပေါက်ကွဲ၍ မျိုးမှုန်များကို ပြင်ပသို့ လွင့်စဉ် သွားစေသည်။ သေးငယ် လှသော ဤမျိုးမှုန်များကို လေကလည်း သယ်ယူပေးသော ကြောင့် ဝေးလံသောဒေသ များသို့ ရောက်ရှိပေတော့သည်။ မျိုးမှုန်သည် အပင်သစ်ကို ပေါ်ပေါက်စေမည့် သေးငယ်လှသော အစေ့ ကလေးပင် ဖြစ်၏။ အပင်တစ်ပင်၌ မျိုးမှုန်သန်းပေါင်း များစွာ ဖြစ်ထွန်းသော်လည်း အားလုံးမှ အပင်ပေါက် လာသည် မဟုတ်၊ အားလုံးမှသာ ပေါက်လာမည်ဆိုပါက မြေတစ်ပြင်လုံး ကျောက်ခက်ပင်တို့နှင့် ပြည့်နှက်ကျပ်တည်း၍ နေပေလိမ့်မည်။ များသောအားဖြင့် မသင့်လျော်သော အရပ်ဒေသတို့တွင် ကျရောက်၍ ပျက်စီးကြရ၏။ စိုစွတ်ထိုင်းမှိုင်း အရိပ် အာဝါသကောင်းသောနေရာတွင် ကျရောက်မှသာ တိုးတက် ကြီးထွားနိုင်သည်။

ကျောက်ခက်ပင် ပေါက်လာပုံ

ပြင်ဆင်ရန်

အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း သင့်လျော်သော ဒေသတွင် မျိုးမှုန်သည် အခြေစိုက် ပေါက်ရောက်သည်။ ရှေးဦးစွာ ညောင်ရွက်ပုံသဏ္ဌာန်ကဲ့သို့ ဖြစ်လာ၍ အမွေးသိမ် များဖြင့် မြေကြီးကို ခိုင်မြဲစွာ တွယ်ကပ်ထား၏။ ယင်းကို ပရိုသဲလပ်ဟု ခေါ်သည်။ ပရိုသဲလပ်၏ အောက်ဘက်တွင် မျိုးစေ့အိမ်ကလေးများ ရှိသည်။ ယင်းတို့မှာ အလွန်သေးငယ်၍ မှန်ဘီလူးဖြင့် အသေအချာကြည့်မှ မြင်ရသည်။ မျိုးစေ့အိမ် အချို့တွင် ဖိုမျိုးစေ့များ ရှိ၍ အချို့တွင် မမျိုးစေ့များ ရှိ၏။ အချိန်ရောက်သောအခါ ဖိုမျိုးစေ့တို့သည် မမျိုးစေ့များရှိရာသို့ ရွေ့လျား ပူးပေါင်းမှုကြောင့် မျိုးစေ့များ အောင်လာသည်။ အောင်သောမျိုးစေ့မှ မကြာမီ အပင်သစ် ထွက်လာတော့ သည်။ များသောအားဖြင့် ပရိုသဲလပ်တစ်ခုမှ တစ်ပင်သာ ပေါက်တတ်၏။ အပင်သစ်သည် အစာရမှုအတွက် ပရိုသဲလပ် အပေါ်၌ မှီခိုရ၏။ တစ်စတစ်စနှင့် အပင်ကြီးလာ၍ ယင်းမှ အမြစ်သည် မြေဆီလွှာသို့ သက်ဆင်းပြီးသော် အရွက်ကလေး တစ်ခုသည် အလင်းကျရာဖက်သို့ ထိုးထွက်လာသည်။ ထိုအချိန်မှ စ၍ ပရိုသဲလပ်အပေါ်၌ မမှီခိုတော့ဘဲ မိမိအစာကို မိမိဖာသာ ရယူနိုင်တော့သည်။ ပရိုသဲလပ်သည် ညှိုးနွမ်း၍ သေလေတော့၏။ အပင်လည်း ဆက်လက်ကြီးထွားလာပြီး လျှင် မျိုးပွားခြင်းကို ဆက်လက် ဆောင်ရွက်သည်။ များစွာသောကျောက်ခက်ပင်တို့မှာ မြေငုပ်ပင်စည်ရှိ၍ မျိုးမှုန်တို့သည် လှပသော အလက်များ အောက် ဖက်၌ ဖြစ်ပေါ်သည်။ တစ်ခါတစ်ရံ မျိုးမှုန်အိမ်များကို အလက် ကြောများပေါ်တွင် တွေ့နိုင်၍ တစ်ခါတစ်ရံ အလက်စောင်း များပေါ်တွင် တွေ့ရ၏။

ရှဉ့်မတက်၊ အဖိုးကြီးမုတ်ဆိတ် စသည်တို့မှာလည်း ကျောက်ခက်ပင်များပင် ဖြစ်၏။ သို့သော် မြေပေါ်တွင် ပေါက်လေ့မရှိဘဲ သစ်ပင်များပေါ်တွင်သာ ပေါက်လေ့ရှိသည်။ သမပိုင်းတို့၌ ကျောက်ခက်ပင်မျိုးပေါင်း မြောက်မြားစွာကို တွေ့နိုင်သော်လည်း တကယ့်ကျောက်ခက်ပင် အစစ်ကိုမူ အပူပိုင်းဒေသများ၌သာ တွေ့မြင်နိုင်သည်။ စိုစွတ်ထိုင်းမှိုင်းသော ထိုဒေသများ၌ တန်ဆာဆင်မှုကို ဖန်တီးပေးသကဲ့သို့ ရှိ၏။ သစ်ပင်တမျှကြီးမားသော ကျောက်ခက်ပင်များလည်း ရှိကြ၏။ ယင်းတို့၏ပင်စည်သည် ကြီးမား၍ မွေးညှပ်များဖြင့် ဖုံးလွှမ်း နေသည်။ အဖျားမှ ကြီးမားသောအလက်များ ထိုးထွက်နေ၏။ အကိုင်းဟူ၍မရှိပေ။ အလက်သည် ၁၅ ပေ၊ ပေ ၂ဝ ခန့်မျှ ရှည်၍ ရွက်မြွှာများသဖွယ် ဘေး၌ ပြတ်လျက်ရှိ၏။ အပူပိုင်း တောများတွင် အလှဆုံး အပင်များပင်တည်း။ ကျောက်ခက်ပင်သည် တန်ဆာဆင်မှုအတွက် သက်သက် လောက်သာ ဖြစ်သည်။ အပွင့်ပွင့်သော အပင်များလောက် အသုံးမကျပေ။ ဍရင်ကောက်ပင်ကို တို့စရာအဖြစ် မြန်မာနိုင်ငံ တွင် စားသုံးကြသည်။ ကျောက်ခက်ဖိုပင်ကို တုတ်ကောင်ကျ ဆေးအဖြစ်လည်း အသုံးပြုကြသည်။ ဖိလစ်ပိုင်ကျွန်း၌ ကျောက်ခက်ပင်များမှ မြွေဆေး၊ ဝမ်းနာပျောက်ဆေး စသည် တို့ကို ဖော်စပ်ကြသော်လည်း တကယ်စွမ်းသော ဆေးများကား မဟုတ်ကြပေ။

ကျောက်ခက်ပင်မှ ခြည်မျှင်ကို တောင်း၊ ဦးထုပ်၊ အဝတ် အထည် ရက်လုပ်ရာတွင် အသုံးပြု၏။ ဖိလစ်ပိုင်ကျွန်း၌ စီးကရက်ဗူးများပင် လုပ်ကြသည်။ ကျောက်ခက်ပင်တစ်မျိုး၏ လျှော်သည် ကြိုးကျစ်ရာတွင် အလွန်အသုံးကျ၏။ ရေငန်နှင့် ထိသော်လည်း မဆွေးမမြည့်သောကြောင့် အလွန် အဖိုးတန် သည်။

အမှန်အားဖြင့်ကား ကျောက်ခက်ပင်များကို အိမ်များတွင် အလှအပတန်ဆာဆင်ရန်အတွက်သာ စိုက်ကြ ပေသည်။ []

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)