ကျောက်ခွန်ဝန်သည် တွင်းထွက်ပစ္စည်းများ၊ ကျောက်မျက်ရတနာ ထုတ်လုပ်တူးဖော်ရောင်းချရေး လုပ်ငန်းများအပေါ် အခွန်တော်စည်းကြပ် ကောက်ခံရသူဖြစ်သည်။ ကျောက်ခွန်တော်အဖြစ် ကောက်ခံရသည့် တွင်းထွက်ကုန်အချို့မှာ ပတ္တြမား ၊ ကျောက် ၊ စိန် ၊ ရွှေ ၊ ဘော် ၊ ပယင်း ၊ ခဲ ၊ ကန့် စသည်တို့ ဖြစ်သည်။

ညောင်ရမ်းခေတ် ကျောက်ခွန်ဝန် ပြင်ဆင်ရန်

ကျောက်ခွန်ဝန်ရာထူးကို ညောင်ရမ်းခေတ် စနေမင်း (၁၆၉၈-၁၇၁၄) လက်ထက်တွင် တစ်ကြိမ်သာ တွေ့ဖူးပါသည်။ စနေမင်း မတိုင်မီကပင် ရှိခဲ့ဟန်တူသော်လည်း မြန်မာရာဇဝင်ကျမ်းများ၌ ရှာဖွေ မတွေ့ရပါ။ စနေမင်းလက်ထက် ကျောက်ခွန်ဝန်အမည်မှာ သီရိဇေယျကျော်ထင် ဖြစ်သည်။ သူသည် ကျောက်ခွန်ဝန်ဖြစ် အမှုထမ်းနေစဉ် အဝေးကျီဝန်ရာထူး ပြောင်းလဲခန့်အပ်ခံခဲ့ ရသည်။ သို့ဖြစ်၍ ကျောက်ခွန်ဝန်၏ တာဝန်ဝတ္တရားများသည် နောင် အဝေးကျီဝန်အဖြစ် ပြောင်းလဲ သွားလေသလောဟု တွေးဆစရာရှိသည်။ ကျောက်ခွန်ဝန် သီရိဇေယျကျော်ထင်သည် ၁၇၀၉ ခုနှစ်တွင် ဝန်ကြီးရာထူးတိုးမြှင့်ခန့်အပ်ခံခဲ့ရပြီးနောက် ၁၇၃၁ ခုနှစ်၌ ကွယ်လွန်သွားသည်။

ပတ္တမြားတွင်းများ ပြင်ဆင်ရန်

မြန်မာနိုင်ငံတွင် ပတ္တမြားတွင်းရှိရာဒေသများမှာ မိုးကုတ်ကျပ်ပြင်နှင့် ကသည်းနယ်များ ဖြစ်ကြသည်။ ယင်းဒေသများကို ၁၅ ရာစုခန့်ကပင် ဥရောပတိုက်သားတို့ သိရှိခဲ့ကြသည်။ နိုင်ငံခြားသားတို့၏ မှတ်တမ်းများထဲတွင် ကက်ပလန် (ကျပ်ပြင်)ရပ်၌ ပတ္တမြားအမြောက်မြား တူးဖော်တွေ့ရှိရကြောင်း ဖော်ပြထား၏။ ယင်းနယ်မြေမှာ ၁၅၉၇ ခုနှစ်မတိုင်မီအထိ မိုးမိတ်စော်ဘွားစီရင်စုနယ်အတွင်းရှိခဲ့သည်။ ညောင်ရမ်းမင်းတရား (၁၆၀၀-၁၆၀၆)လက်ထက်တွင်မှ အင်းဝစီရင်စုနယ်အတွင်း ပါဝင်လာခဲ့၏။ (ညောင်ရမ်းမင်းက မိုးမိတ်စော်ဘွားအား တကောင်းနယ်ကို အစားပေးအပ်ခဲ့သည်ဟုလည်း ဆိုသည်။)ပတ္တမြားထုတ်လုပ်ရာ နယ်မြေများတွင် ကျောက်တူးဖော်သူ အကြီးအမှူးနှင့် ငယ်သားတို့ကို ကျောက်ခွန်ဝန်က စာရင်းအင်းရယူကာ ရွှေတိုက်သို့ ဆက်သွင်း ရသည်။ ကျောက်တူးဖော်ခြင်းနှင့် ရောင်းချခြင်းကို ဘုရင့်ခွင့်ပြုမိန့်ဖြင့်သာ လုပ်ဆောင်ကြရ၏။ ပတ္တမြားတွင်းများမှ နှစ်စဉ်အခွန်ငွေ ကိုးသောင်းတစ်သိန်းခန့်အထိ ရရှိခဲ့သည် ဆိုသည်။

တွင်းသစ်များ ပြင်ဆင်ရန်

မင်းတုန်းမင်းလက်ထက် ၁၈၆၇ ဇူလိုင်တွင် စကျင်တောင်ဝန်းကျင်၌ ပတ္တမြားထွက်ကြောင်း ကြားရ၍ မဟာဒါန်ဝန်နှင့် ရေနံ့သာမြို့အုပ်တို့အား စေလွှတ် တူးဖော် စေခဲ့ကြောင်း တွေ့ရှိရ၏။ ပတ္တမြားမှာ အရည်အသွေး ကောင်းမွန်လှဩဖင့် နောက်ထပ်လူ သုံးရာခန့် စေလွှတ်တူးဖော်စေရာ တစ်လလျှင် ပတ္တမြားသုံးသောင်းဖိုးခန့် ရရှိခဲ့ကြောင်း စကျင်သူကြီးက ပြောပြခဲ့သည်။ ပုရပိုက်မှတ်တမ်းအရ ကျောက်တူးအလုပ်သမားများအား တစ်နေ့လျှင် ၂ မူး ၁ ပဲပေးရပြီး သင်္ဘောဧကန် ပုဆိုး ၊ အင်္ကျီနက်နှင့် ပုဝါများကိုလည်း ပံ့ပိုးပေးအပ်ရကြောင်း သိရှိရ၏။ ကျောက်တူးဖော်ရာ၌ ဓား ၊ သံတူရွင်းကြီးငယ်၊ တူရွင်းပြားကြီး ၊ လွန်ပူးစို့ ၊ သံတူကြီးငယ် ၊ ကျောက်ခွဲရန်ယမ်းတို့ကို အသုံးပြုခဲ့ကြ၏။

ကျောက်စိမ်းတူးဖော်မှု ပြင်ဆင်ရန်

ကျောက်စိမ်းကို မြန်မာနိုင်ငံ မြောက်ပိုင်းတွင် ၁၃ ရာစုခန့်ကပင် ယူနန်ကုန်သည်တစ်ဦးက အမှတ်မထင် ကောက်ယူရရှိခဲ့သည်ဆို၏။ ယင်းကောက်ယူရရှိသည့် ကျောက်စိမ်းကြောင့်ပင် တရုတ်လူမျိုး အများအပြား ကျောက်စိမ်းရှာဖွေရန် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ကြသည်။ ထို့ထက် ၁၇၈၄ မတိုင်မီ ကာလအထိ အကြောင်းကြောင်းကြောင့် အောင်မြင်ဖြစ်ထွန်းမှုမရှိခဲ့ကြပေ။ ယင်းနောက်ပိုင်းတွင်မှ ဥရုမြစ် လကျာ်ဘက်၌ ကျောက်စိမ်းရရှိနိုင်ကြောင်း သိရှိလာခဲ့ကြ၏။ ကျောက်စိမ်းတူးဖော်ထုတ်လုပ်မှုကို ကချင်တိုင်းရင်းသားများက လုပ်ကိုင်ကြပီး ရောင်းဝယ်ရေးကိုမူ တရုတ်တို့က လုပ်ဆောင်ခဲ့ကြသည်။ ကျောက်စိမ်းလုပ်ငန်းအတွက် အခွန်အကောက် ပေးဆောင်ပြီး မင်းတုန်းမင်းလက်ထက် ဇွန် ၉ ၁၈၆၉ တွင် အချက် ၁၂ ချက်ပါ ကျောက်စိမ်း ဥပဒေကို ထုတ်ပြန်ကာ စနစ်တကျ လုပ်ဆောင်စေခဲ့သည်။

ဘော်တွင်းများ ပြင်ဆင်ရန်

ဘော်သတ္တုကို ရှေးခေတ်အခါကပင် ရှမ်းပြည်နယ်ဒေသများ၌ တွေ့ရှိရ၏။ မြန်မာဘုရင်၏ ခွင့်ပြုချက်အရ တရုတ်တိုင်းရင်းသားများ လာရောက်လုပ်ကိုင်ခဲ့ကြရာ ကျောက်ခွန်ဝန်က အခွန်တော်ငွေ ကောက်ခံခဲ့ရဟန်တူသည်။ ကုန်းဘောင်ခေတ် ပုရပိုက်မှတ်တမ်းတစ်ခုတွင် ‘ရွှေမြို့တော်နယ်ရှိ ဘော်တွင်းစာရင်း’ ခေါင်းစဉ်တပ်လျက် ဘော်တွင်း ၃ တွင်းနှင့် ကြီးကြပ်သူ အရာရှိများ အမည်ကို တွေ့ရှိရသည်။ ယင်းတို့မှာ ရြေကည်ကြာပင်ဘော်တွင်း (လက်သစ်ဗိုလ်ဟောင်းငပု)၊ ဘုတ်ရွာဘော်တွင်း (ဘုတ်ရွာသူကြီးငြကင်)နှင့် စကားတောင်ဘော်တွင်း (မြို့စားရေးဟောင်းငတိုး) တို့ဖြစ်ကြောင်း။ အလားတူ ရှမ်းပြည် မြို့ရွာနယ်မြေရှိဘော်တွင်း စာရင်း ပုဂ္ဂိုလ်၌လည်း ဘော်တွင်း ၁၃ တွင်းနှင့် ကြီးကြပ်သူများကို ဖော်ပြထား၏။ ယင်းတို့မှာ ညောင်ရွှေ၊ ရပ်စောက် ၊ မိုးနဲ ၊ တဘက်မြို့ ၊ ဘော်နင်းမြို့ ၊ ရွာငံ ၊ ဘော် ၄၄ ရွာ ၊ ဘော်ဆိုင်းရွာတို့ရှိ ဘော်တွင်းများဖြစ်ကြပြီး အများအားဖြင့် စော်ဘွားနှင့် မြို့စားများက ကြီးကြပ်ကြသည်။

ခဲထုတ်လုပ်တူးဖော်ရေး ပြင်ဆင်ရန်

ခဲကို မြန်မာဘုရင် လက်ထက်က ရပ်စောက်ဒေသမှ အများအပြား ထွက်ရှိကြောင်းသိရှိရ၏။ ရပ်စောက်နယ်တွင် တွင်း ၅ တွင်းထက်မနည်း ရှိပြီး ပုရပိုက် မှတ်တမ်းအရ ဦးရော့ဆိုသူက အုပ်ချုပ်ကြီးကြပ်ရကြောင်း သိရှိရသည်။ ခဲတွင်းများကို ကုန်းဘောင်ခေတ် မတိုင်မီက မြန်မာဘုရင်၏ ခွင့်ပြုချက်ဖြင့် တရုတ်အမျိုးသားများက လုပ်ကိုင်ခဲ့ကြသည်။ မင်းတုန်းမင်းလက်ထက် နောက်ပိုင်းတွင်မျ စနစ်တကျ တူးဖော်ထုတ်လုပ်နိုင်ခဲ့ကြဟန်တူသည်။

ဓာတ်သတ္တုရှာဖွေရေး ပြင်ဆင်ရန်

‘သက္ကရာဇ် ၁၂၃၁ ခုနှစ် ကျောက်ထူးကျောက်ဆန်းများ ယောနယ်ထဲ၌ တွေ့ရှိသည့်မှတ်တမ်း’ ခေါင်းစည်းပါ ပုရပိုက်တွင် ဓာတ်သတ္တုရှာဖွေရေအတွက် အထောက်အကူပြုနိုင်သော အချက်အလက်များကို သက်ဆိုင်ရာသို့ တင်ပြလျှောက်ထားခဲ့ပုံကို တွေ့ရှိရ၏။ ယင်းမှတ်တမ်းတွင် ‘ကျောက်စိမ်း ၁ မှာ ကျောက်စစ်ရွာ အထက်ချောင်းဖျား မောင်တော် နှမတော် တော်တော်မှာ အကျိုးဆက်ဖြစ်ရန် ရှိပါမည်ဘုရား ၊ ဘော်ကျောက် ၁ မှာ စံချောင်း ၊ မြချောင်း ၊ ကျောက်စစ်ချောင်းများမှာ ဘော်ကျောက်များရှိသည် ဘုရား၊ ကြေးနီကျောက် ၁ မှာ ရိုးမတောင်ရှိဘုရား ၊ ကန့်ကျောက် ၁ မှာ တန်ခြေတောင်တွင် ချက်လုပ်ရန်အကျိုးတော်ရှိသည် ဘုရား ၊ ကံ့ကူဆံကွင်း ၁ မှာ ထီးလင်းမြို့ ၊ ထီးလင်းရွာ အနီး ရေမြင့်တောင်ချောင်းတွင် အကျိုးတော်ဖြစ်ရန် ရှိသည်ဘုရား’ ဟူ၍ ဖြစ်သည်။

ကျောက်စိမ်းဥပဒေတော် စာအုပ် ပြင်ဆင်ရန်

ကျောက်မျက်ရတနာများနှင့် ပတ်သက်၍ နန်းတွင်းစာပုံနှိပ်တိုက်မှ ၈ ဩဂုတ် ၁၈၆၉ ခုနှစ်တွင် စာအုပ်အဖြစ် ရိုက်နှိပ်ထုတ်ဝေခဲ့ကြောင်း သိရှိရသည်။ စာအုပ် အမည်မှာ ‘ကျောက်စိမ်းဥပဒေတော်’ ဟူ၍ ဖြစ်သည်။ ယင်းစာအုပ်ကို စာပုံနှိပ်ဆရာ အပဒါ ၊ တံဆိပ်စာရေးနော်ရထာစည်သူတို့က ကြီးကြပ်ပြီး မြောက် ထားဝယ် အမှုထမ်းဦးဆန်း ၊ ဦးအောင်သာတို့က စက်တင် ပုံနှိပ်ပေးခဲ့ကြခြင်းဖြစ်သည်။ ယင်းစာအုပ်မရိုက်နှိပ်မီကလည်း ‘သဿမေဓအခွန်တော် ကောက်ခံရာတွင် ဆင့်ဆိုရန်ဥပဒေ’ အမည်ရှိ စာအုပ်ကို ရိုက်နှိပ်ခဲ့သေးကြောင်း သိရှိရ၏။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. တင်နိုင်တိုး၏ ဝန်တစ်ရာ စာအုပ် ၂၇-၅-၂၀⁠၀၉