ကျောင်း၌ ယဉ်ကျေးခြင်း
ကျောင်း၌ ယဉ်ကျေးခြင်း သည် ယဉ်ကျေးမှုအရပ်ရပ်ထဲမှ တစ်ချက်အပါအဝင်ဖြစ်သည်။ ကျောင်း၌ ယဉ်ကျေးခြင်းတွင် ယေဘုယျအားဖြင့် (၁၄) မျိုးရှိသည်။ ထို (၁၄) မျိုးမှာ -
- စာသင်ခန်းသို့ အချိန်မှန်စွာ ရောက်ရာ၏။ နောက်ကျ၍ရောက်လျှင် နောက်ကျခြင်းကို ခွင့်ပြုပါမည့်အကြောင်း ဆရာ့အား ခွင့်တောင်းရာ၏။
- အတန်းထဲတွင် စာကျယ်ကျယ်မဖတ်ရ။ စကားမများရ။
- အခြားကျောင်းသားများအား မည်သို့မျှ အနှောင့်အယှက်မပြုရ။
- စာအုပ်၊ စာရေးကိရိယာများကို ရိုသေစွာ ကိုင်တွယ်ပါ။
- စာအုပ်ကိုဖွင့်လျှင် တံတွေးဆွတ်၍ မဖွင့်နှင့်။ စာရွက်ထောင့်က ဖွင့်ရာ၏။
- စာရွက်ကို ချိုး၍ မမှတ်နှင့်။ စာအုပ်ကို မှောက်၍ မထားနှင့်။ စာရွက်လွှတ်တစ်ခုဖြင့် ညှပ်၍ထားရာ၏။
- စာဖတ်နေစဉ်၌လည်းကောင်း၊ တစ်စုံတစ်ရာကို စဉ်းစားနေစဉ်တွင်လည်းကောင်း၊ ပါးစပ်ထဲသို့ လက်ကို မသွင်းနှင့်။ လက်သည်းကို မကိုက်နှင့်။
- မိန်းကလေးများသည် နီးစပ်ရာ စုပေါင်း၍ တစ်ယောက်ကို မခေါ်မပြော ဝိုင်းပယ်သော အကျင့်ရှိတတ်၏။ အပယ်ခံရသူသည် အလွန် စိတ်ဆင်းရဲရသောကြောင့် ထိုအပြုအမူကို မပြုလုပ်ဘဲ ရှောင်ကြဉ်ရာ၏။
- အချင်းချင်း နာမည်တုဖြင့် ပြောင်လှောင်ခေါ်ဝေါ်ခြင်းသည် ရိုင်းပြသော အမူအရာဖြစ်၏။
- တစ်ယောက်နှင့်တစ်ယောက် ပြောင်ခြင်း၊ လှောင်ခြင်း၊ သရော်ခြင်း၊ ရန်စခြင်း မပြုနှင့်။ တစ်ဦးတစ်ယောက်က ပြုလုပ်လျှင်လည်း ယဉ်ကျေးသိမ်မွေ့စွာ သတိပေးရာ၏။
- ရုန့်ကြမ်းသောစကား၊ ဆဲရေးတိုင်းထွာခြင်းတို့ကို အလျဉ်းမပြုဘဲ ရှောင်ကြည်ရာ၏။ (မခံချင်ဖွယ်စကား၊ ရုန့်ကြမ်းသောစကား၊ နားမချမ်းသာဖွယ်သော စကားများကိုပြောခြင်း၊ စကားနိုင်ပြောခြင်းတို့ကို ရှောင်ကြည်ပြီး ပြေပြစ်သိမ်မွေ့သောစကား၊ ယဉ်ကျေးဖွယ်ရာသောစကား အသုံးအနှုန်းများကိုသာ ပြောဆိုရာ၏။)
- ကျောင်းသားသစ်များကို ကူညီရာ၏။ ငယ်သောကျောင်းသားကိုလည်း စောင့်ရှောက်ရာ၏။
- ကျောင်းသူကလေးများနှင့် ရော၍နေရပါလျှင် မိမိနှမကဲ့သို့ သဘောထားရာ၏။ စောင့်ရှောက်ရန်ရှိသမျှကို စောင့်ရှောက်ရာ၏။
- သူတစ်ပါး အတုယူလောက်အောင် အကျင့်စာရိတ္တ အပြုအမူယဉ်ကျေးသော လူငယ်တစ်ယောက် ဖြစ်သည်ဟု စံနမူနာ ယူလောက်သူ ဖြစ်လာစေရန် အစဉ်မပြတ် သတိပြုပါ။
–မောင်ကျောင်းသား၊ အတတ်သင်ပါ၊
လိမ္မာဖော်ရွေ၊ စိတ်နေဖြူစွ
မာနချလျက်၊ မြန်မာ့အကျိုး
တိုးကြီးတိုးအောင်၊ သယ်ပိုးနေ့ည ကြိုးပါကြ—