ဦးကျော်ခင် သည် ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ၏ ပထမဆုံး ဥက္ကဋ္ဌ (ယာယီ) ဖြစ်သည်။

ဦးကျော်ခင်၊ ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ပထမဆုံးဥက္ကဋ္ဌ

ရခိုင် အမျိုးသား တဦး ဖြစ်၍ သံတွဲ မြို့တွင် ဖွားမြင် ခဲ့၏။ သံတွဲမြို့ အစိုးရ အထက်တန်း ကျောင်းတွင် သတ္တမတန်းထိ ပညာ လေ့လာ ဆည်းပူး ခဲ့သည်။ ရန်ကုန်မြို့ ဗဟို အစိုးရ အထက်တန်း ကျောင်းသို့ ပြောင်းရွေ့ ပညာ ဆည်းပူးပြီး၊ ၁၉၂၅ ခုနှစ်တွင်၊ ၁၀ တန်း စာမေးပွဲကို အောင်မြင် ခဲ့သည်။ ရန်ကုန် တက္ကသိုလ်တွင် ဆက်လက် ပညာ သင်ကြား ခဲ့သည်။

၁၉၂၉ ခုနှစ်တွင် သူဌေး ဦးညိုက သမဂ္ဂ အဆောက်အဦ ဆောက်လုပ် လှူဒါန်းရာ၊ ၁၉၃၀ ခုနှစ်တွင် ပြီးစီး ခဲ့၏။ သမဂ္ဂ အဆောက်အဦ ရှိသော်လည်း သမဂ္ဂ အဖွဲ့အစည်း မရှိ ဖြစ်နေ သဖြင့်၊ ဦးကျော်ခင်သည် သမဂ္ဂ ဖြစ်မြောက်ရေး အတွက် ကြိုးပမ်းမှုတွင် ခေါင်းဆောင် ခဲ့သူ တဦး ဖြစ်သည်။

သမဂ္ဂ အဖွဲ့အစည်း မပေါ်ပေါက် စေရန်၊ ချော့၊ မြှောက်၊ ခြိမ်းခြောက်ခြင်းကို ခံခဲ့ရ၏။ တက္ကသိုလ် ကျောင်းသား ပညာတတ် များ၏ “မက်လုံး” ဖြစ်သော အိန္ဒိယ ပဋိညာဉ်ခံ ဝန်ထမ်း အိုင်-စီ-အက်စ် ရာထူး ဖြင့်လည်း ချော့မြူ ဖြားယောင်းခြင်း ခံခဲ့ ရ၏။ ဦးကျောင်ခင်ကား မယိမ်းမယိုင်၊ သမဂ္ဂ ဖြစ်မြောက်ရေး အတွက် ခေါင်းမာစွာ ကြိုးပမ်း ခဲ့သူသာ ဖြစ်သည်။

သမဂ္ဂ ဖြစ်မြောက် စေရန် ရန်ကုန်တက္ကသိုလ်ရှိ ကျောင်းသားကြီး များသည် ပထမဆုံး ဆွေးနွေး တိုင်ပင် ခဲ့၏။ ထို ဆွေးနွေးပွဲတွင် ဦးကျော်ခင်သည် သဘာပတိ ဖြစ်၏။ သမဂ္ဂ စည်းမျဉ်း ရေးဆွဲရေး ကော်မတီ ဖွဲ့စည်းရန်၊ တက္ကသိုလ် ကိုယ်စား အဓိပတိနှင့် ဆွေးနွေးပွဲတွင်၊ ကိုယ်စားလှယ် သုံးဦး အနက် ပါဝင်သူ တဦးလည်း ဖြစ်ပေသည်။

သမဂ္ဂ စည်းမျဉ်း ရေးဆွဲရေး ကော်မတီ ဖွဲ့စည်းသော အခါ ဦးကျော်ခင်သည် သဘာပတိ အဖြစ် တာဝန်ယူ လုပ်ဆောင် ခဲ့၏။ သမဂ္ဂ စည်းမျဉ်း ရေးဆွဲ ပြီးနောက် တက္ကသိုလ် အုပ်ချုပ်ရေး အဖွဲ့နှင့် တွေ့ဆုံ ဆွေးနွေးပွဲတွင် ကိုယ်စားလှယ် အဖြစ်ဖြင့် ပါဝင် ခဲ့သည်။ သမဂ္ဂ စည်းမျဉ်းကို အတည်ပြုသော ၁၉၃၁ ခု၊ ဇန်နဝါရီလ ၉ ရက်နေ့တွင် ကျင်းပသည့် ကျောင်းသားထု အစည်းအဝေးမှ၊ တကသ အမှုဆောင် ၉ ဦး ရွေးချယ်သော အခါ၊ ဦးကျော်ခင်သည် ယာယီ တကသ ဥက္ကဋ္ဌ ဖြစ်လာ ခဲ့လေသည်။

၁၉၃၁ ခုနှစ်တွင် ဥပဒေ သင်တန်းများကို အောင်မြင် ခဲ့သည်။ မိမိ ဇာတိမြို့ ဖြစ်သော သံတွဲမြို့တွင် ရှေ့နေ အဖြစ် လုပ်ဆောင်ရင်း၊ မြူနီစီပယ် အဖွဲ့ဝင်၊ မြူနီစီပယ် ဥက္ကဋ္ဌ အဖြစ် မြို့ပြ ရေးရာ များကို ဆောင်ရွက် ခဲ့သည်။ စစ်ပြီးခေတ် ၁၉၅၁ ခုတွင် ပြည်သူ့ လွှတ်တော် အမတ် အဖြစ် ရန်အောင် မဲဆန္ဒနယ်မှ ရွေးကောက် တင်မြှောက်ခြင်း ခံရပြီး၊ ဆွစ်ဇာလန်ပြည် ဘန်းမြို့၌ ကျင်းပသော ကမ္ဘာ့ လွှတ်တော်များ ညီလာခံသို့ မြန်မာ ကိုယ်စားလှယ် အဖွဲ့ကို ခေါင်းဆောင်ကာ တက်ရောက်ခဲ့ ဖူးလေသည်။

ဦးကျော်ခင်သည် ယခု ရန်ကုန်မြို့တွင် လွှတ်တော် ရှေ့နေ အဖြစ် လုပ်ဆောင်လျက် ရှိပေသည်။

ကိုးကား ပြင်ဆင်ရန်

  • [[၁] ဦးကျော်ခင် B.Sc.B.l. (၁၉၃၀ - ၃၁)]။ 2011-10-13 တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  • အိုးဝေ နှစ်လည်စာစောင်၊ ၁၉၆၀ က 'ဒုတိယ ကမ္ဘာစစ် မတိုင်မီ တကသ ဥက္ကဋ္ဌများ' အတ္ထုပ္ပတ္တိ