ပုပ္ပား ဦးကျော်ရင်သည် ကျောက်ပန်းတောင်း မြို့နယ် ရသေ့တောင်ရွာ ဇာတိဖြစ်၍ ဦးကြာခိုင်၊ ဒေါ်အုန်းရီတို့၏ သားဖြစ်သည်။ ၁၂၆၉ ခု၊ နတ်တော်လဆန်း ၅ ရက် (၁၉၀၇ ခု၊ ဒီဇင်ဘာလ ၉ ရက်) တနင်္လာနေ့တွင် ဖွားမြင်သည်။

ပညာ ဆည်းပူးချိန်တွင် ရသေ့တောင်ရွာမှ တည်ပင်တဲရွာသို့ ပြောင်းရွှေ့ခဲ့ပြီး ဦးရီးတော်သူ ဆရာတော် ဦးကေသေရ ထံ၌ စတင် ပညာသင်သည်။ ခုနစ်နှစ်သား အရွယ်တွင် သာမဏေပြုရာ ရှင်ကောသလ္လဟု တွင်သည်။ ဆယ့်သုံးနှစ်သား အရွယ်တွင် ပထမ လယ်တီ ဆရာတော်နှင့် ဒုတိယ လယ်တီဆရာတော်တို့ ထံ၌ ဆက်လက် ပညာ ဆည်းပူးသည်။ ဘွဲ့မည်မှာလည်း ရှင်ကောဝိဒ ဖြစ်သွားသည်။ အသက် နှစ်ဆယ်တွင် ရဟန်းခံပြီးနောက် အမရပူရ တူးမောင်းတိုက် ဆရာတော် ဦးပညာနှင့် ဦးနန္ဒဝံသတို့ထံတွင် ဆက်လက် ပညာ ဆည်းပူးသည်။

အရှင် ကောဝိဒသည် အသက် ၂၂ နှစ်တွင် ပထမပြန် စာမေးပွဲ အကြီးတန်းကို လည်းကောင်း၊ အသက် ၂၃ နှစ်တွင် အမျိုးသား ပရိယတ္တိ ပထမကျော် စာမေးပွဲကို လည်းကောင်း၊ အသက် ၂၅ နှစ်တွင် အစိုးရ ပထမပြန် စာမေးပွဲ၌ ပထမကျော်ကို လည်းကောင်း ကောင်းစွာ ပေါက်မြောက် အောင်မြင်သည်။

ထိုနှစ်မှာပင် မန္တလေးသို့ ပြောင်းရွှေ့၍ စကုကျောင်းတိုက်၌ စာချဆရာတော် အဖြစ် ဆောင်ရွက်သည်။ အသက် ၂၆ နှစ်တွင် မန္တလေး ပရိယတ္တိ သာသနဟိတ အသင်း ဆက်ကပ်သော ဓမ္မာစရိယဘွဲ့နှင့် အစိုးရက ဆက်ကပ်သော ပထမကျော်ဘွဲ့တို့ကို ရရှိသည်။ ထို့နောက် မုံရွာ လယ်တီ ကျောင်းတိုက်သို့ ပြန်ရောက်ပြီး စာပေ ပို့ချပေးသည်။ လယ်တီ ဦးကောဝိဒ ဟူ၍ ထင်ရှားသည်။

အရှင် ကောဝိဒသည် ပခုက္ကူ၌ သီတင်းသုံးစဉ် ပါဠိဂဝေသီ အသင်းကို လည်းကောင်း၊ မန္တလေးနှင့် မုံရွာတို့၌ သီတင်းသုံးစဉ် ပါဠိဘာဏီ အသင်းကို လည်းကောင်း တည်ထောင်ခဲ့သည်။ မန္တလေး စကုတိုက်၌ သီတင်းသုံးစဉ် ကဗျာသင်တန်း ဖွင့်ခဲ့သည်။

၁၉၂၄ ခုနှစ်မှ စ၍ ဒဂုန် မဂ္ဂဇင်းတွင် အရှင် ကောဝိဒသည် 'ပုပ္ပား ဦးကျော်ရင်' အမည်ဖြင့် ဒုတိယ အယ်ဒီတာချုပ် အဖြစ် ဆောင်ရွက်သည်။ အယ်ဒီတာချုပ် လယ်တီပဏ္ဍိတ ဦးမောင်ကြီး ကွယ်လွန်ပြီးနောက် ၁၉၃၉ ခုနှစ်မှ စ၍ ပုပ္ပား ဦးကျော်ရင်က အယ်ဒီတာချုပ် အဖြစ် ဆောင်ရွက်သည်။ လယ်တီပဏ္ဍိတ ဦးမောင်ကြီး၏ တိုက်တွန်းချက်အရ ဒဂုန် မဂ္ဂဇင်းတွင် လယ်တီ ဦးကောဝိဒ အမည်ဖြင့် လောကီလောကုတ္တရာ အကျိုးပြု ဆောင်းပါးများကို လည်းကောင်း၊ ပုပ္ပား ဦးကျော်ရင် အမည်ဖြင့် ကာလပေါ် ဝတ္ထုများ၊ ဆောင်းပါးများ၊ ကဗျာများကို လည်းကောင်း၊ မန္တလေး မောင်သန်းမြ အမည်ဖြင့် မိဖုရားစော ရာဇဝင်ဝတ္ထုကို လည်းကောင်း၊ သလ္လာဝတီတင်အုံ အမည်ဖြင့် ယုဝတီ မာလာခန်း ဆောင်းပါးများကို လည်းကောင်း၊ တခါတရံ လယ်တီပဏ္ဍိတ ဦးမောင်ကြီး၏ နီတိမာခန်း၊ ထေရာထေရီ ဘာသာပြန်ခန်းတို့တွင် ဝင်ရေးရသည်။ အရှင် ကောဝိဒသည် ဒဂုန် မဂ္ဂဇင်း အယ်ဒီတာချုပ် တာဝန်နှင့် စာရေးသည့် ကိစ္စများကို မုံရွာမြို့မှာ သီတင်းသုံးရင်း ဆောင်ရွက်ပေးခြင်း ဖြစ်သည်။ ခေါင်းကြီးပိုင်းနှင့် လိုအပ်သော စာများကို မုံရွာမှ ရေးပို့သည်။ စာများ အချိန်မီ မရောက်လျှင် ဒဂုန် ဦးစန်းငွေ (ဒဂုန် မောင်စံသူ) က တာဝန်ယူ ရေးသား ပေးရသည်ဟု သိရသည်။

အရှင်ကောဝိဒ ပြုစုသော စာပေများတွင် ကဗျာ့ မျက်လုံး ဗျာကရုဏ်း ခေါ် ကဝိဘာရတီကျမ်း၊ ကာဗျဘာရတီကျမ်း (မပြီးဆုံး)၊ လယ်တီ ပဒမာလာ၊ ဆန္ဒောဘာရတီ စသည့် ကျမ်းများ ထင်ရှားသည်။

၁၉၄၁ ခု၊ ဒုတိယ ကမ္ဘာစစ် ဖြစ်ပွားချိန်တွင် လယ်တီကျောင်းတိုက်ကို မီးသင့်သည့် အတွက် အရှင် ကောဝိဒသည် မုံရွာအနီး ခိုးသန်းရွာသို့ ပြောင်းရွှေ့ သီတင်းသုံးရသည်။ ထို့နောက် စစ်ကိုင်း လေးကျွန်းမြေအုပ်ကျောင်း၊ ပုဂံမြင်းကပါ မနူဟာကျောင်း၊ တည်ပင်တဲရွာတို့သို့ အဆင့်ဆင့် ပြောင်းရွှေ့ သီတင်းသုံးသည်။ တည်ပင်တဲရွာ အနီး ရသေ့တောင် တောရတွင် စံကျောင်းဆောက်၍ ဧကစာ သီတင်းသုံးသည်။ "ပုညကာရီ" ဓမ္မာရုံတွင် အရှင်ကောဝိဒ၏ တရားပွဲများ ကျင်းပသည်။

၁၉၄၆ ခုနှစ်တွင် လူဝတ်လဲ၍ ဆွေနီးမျိုးစပ် အမျိုးသမီး တဦးနှင့် အိမ်ထောင်ပြုသည်။ ၁၃၀၈ ခု၊ တန်ခူးလပြည့်ကျော် ၆ ရက် (၁၉၄၆ ခု၊ ဧပြီလ ၂၂ ရက်) တွင် မိမိကို ရန်ငြိုးဖွဲ့နေသော လူဆိုး ဓားပြများ၏ လက်ချက်ဖြင့် ကွယ်လွန် အနိစ္စရောက်သည်။

ကျမ်းကိုး ပြင်ဆင်ရန်

  • (၁) ပုပ္ပားဦးကျော်ရင်။ ကဗျာ့ မျက်လုံး ဗျာကရုဏ်း ခေါ် ကဝိဘရတီကျမ်း၊ ပ၊ ဒု။
  • (၂) ငွေဥဒေါင်း။ သီးခြား စာဝင်္ကပါ။ စာ ၃၃၈ - ၃၄၅။
  • (၃) မလိခ။ မြန်မာစာပေ အဘိဓာန် ၃ ။ စာ ၁၃၆။
  • (၄) မလိခ။ မြန်မာစာပေ အဘိဓာန် ၄။ စာ ၁၂၆ - ၁၂၈။

[၁]

ကိုးကား ပြင်ဆင်ရန်

  1. မောင်သုတ အမည်ခံ ဗိုလ်မှူး ဘသောင်း (မဟာ ဝိဇ�္ဇာ၊ ရွှေတံဆိပ်ရ) ပြုစုကာ ဦးခင်အေး (မောင်ခင်မင်၊ ဓနုဖြူ) ပါမောက္ခ၊ မြန်မာစာ ဌာန၊ ရန်ကုန် တက္ကသိုလ် တည်းဖြတ် ဖြည့်စွက်တဲ့ ပဥ္စမအကြိမ် ၁၊ ဩဂုတ်၊ ၂၀၀၂၊ ရာပြည့် စာအုပ်တိုက်ထုတ် 'စာဆိုတော်များ အတ္ထုပ္ပတ္တိ'