၁။ ကျွန်းရွာတောရ ဆရာတော်ဘုရားကြီး၏ အလောင်းအလျာကို မြင်းခြံခရိုင် တောင်သာမြို့နယ် ကံပေါက်ကျွန်းရွာ ဦးရွှေဖန်+ဒေါ်မိန်းကလေးတို့မှ ၁၂၄၂-ခုနှစ်၊ နှောင်းတန်ခူး လဆန်း ၁၂-ရက် တနင်္ဂနွေနေ့ နံနက် အရုဏ်တက်ချိန်၌ ဖွားမြင်သည်။ (ငယ်မည်တော်-မောင်အောင်ပန်း ဟူ၍ဖြစ်၏။)

၂။ ၁၂၅၂-ခုနှစ် နယုန်လဆန်း ၁၅ - ရက်နေ့တွင် မင်းရွာ ဆရာတော်အထံ၌ သာမဏေအဖြစ်သို့ ရောက်သည်။ (ဘွဲ့ အမည် -ရှင်အဂ္ဂဝံသဟူ၍ ဖြစ်၏။ )

၃။ ၁၂၆၂-ခုနှစ်၊ ဝါဆိုလဆန်း ၁၄-ရက်နေ့တွင် မင်းရွာဆရာတော်ကို ဥပဇ္ဈာယ်ပြု၍ မိဘနှစ်ပါးတို့၏ ပစ္စယာနုဂ္ဂဟ ဖြင့် ရဟန်းအဖြစ်သို့ ရောက်သည်။

၄။ ရဟန်းဖြစ်ပြီးနောက် မန္တလေးမြို့ ရွှေရေးဆောင်ကျောင်း တိုက်၌ သီတင်းသုံး နေထိုင်လျက်၊ မိုင်းခိုင်းဆရာတော်၊ ကျီဝန်ဆရာတော်၊ ဘုရားကြီးတိုက် ဦးရန်ကုန်ဆရာတော်၊ ဒိုင်းဝန်ဆရာတော်၊ ရွှေရေးဆောင်ဆရာတော်၊ ဝိသုဒ္ဓါရုံဆရာတော်၊ မန်လည်သို့ ကြွ၍ မန်လည်ဆရာတော်၊ စလင်းမြို့သို့ ကြွရောက်၍ စလင်းဆရာတော်ဦးပဏ္ဍိစ္စတို့ အထံ၌၊ ပိဋကတ် ကျမ်းစာများကို ဆည်းပူးသင်ယူခဲ့သည်။

၅။ အစိုးရစာမေးပွဲ ပထမကြီးတန်း နှင့် သကျသီဟစာမေးပွဲ၊ပရိယတ္တိသာသနဟိတ ဓမ္မာစရိယဘွဲ့ ရရှိအောင်မြင်တော်မူသည်။

၆။ မန္တလေးမြို့၊ ရွှေရေးဆောင်တိုက်၊ အောင်မြေရတနာကျောင်း၊ ပြည်မြို့ ဇောတိကာရာမတိုက်၊ ကျွန်းရွာ ဓမ္မိကာရာမတိုက်၊ ရန်ကုန်မြို့ ကြားတောရဘင်္ဂလားတိုက်၊ စကားဝါပင်ကျောင်းတို့၌လည်းကောင်း၊ ၁၂၈၇-ခုနှစ်၌ တောင်သာမြို့ တောင်ခြေ ဆည်တွင်းချောင်တောရကို တည်ထောင်၍ ယင်း ဆည်တွင်းချောင်တောရ၌လည်းကောင်း၊ သီတင်းသုံးနေထိုင် လျက် ပရိယတ္တိကျမ်းစာများကို ပို့ချရေးသားတော်မူခဲ့ပေသည်။

၇။ ၁၂၉၂- ခုနှစ်၊ ကဆုန်လ၌ လေးမြို့ဂိုဏ်းချုပ် ကျွန်းရွာတောရ ဆရာတော်ဟူသော ဘွဲ့တံဆိပ်တော်၊

ထိုနှစ် နယုန်လတွင် အင်္ဂလိပ်အစိုးရ ပဉ္စမမြောက် ဂျော့ဘုရင်လက်ထက်၌ အဂ္ဂမဟာပဏ္ဍိတ ကျွန်းရွာတောရ ဆရာတော် ဟူသော ဘွဲ့တံဆိပ်တော်၊

ထိုနှစ် နတ်တော်လ၌ မြစ်ကွေ့ခရိုင် သုဓမ္မာဝင် ကျွန်းရွာတောရ ဆရာတော်ဟူသော ဘွဲ့တံဆိပ်တော်များကို ခံယူရရှိတော်မူပေသည်။

ဂ။ ပါရာဇိကဏ် အဋ္ဌကထာ မဟာနိဿယ၊ ပါစိတျာဒိ အဋ္ဌကထာ မဟာနိဿယ၊ သာသနာ့မျက်မှန်ကျမ်းစသော ကျမ်းပေါင်း ၄၅-ကျမ်း ရေးသားပြုစုတော်မူခဲ့ကြောင်း ပါရာဇိကဏ်အဋ္ဌကထာ မဟာနိဿယကျမ်း နိဂုံး၌ ဖော်ပြပါရှိပေသည်။

၉။ ၁၃ဝ၇-ခုနှစ်၊ ဝါခေါင်လဆုတ်(၉)ရက်၊ နံနက်(၉)နာရီအချိန်)၊ သက်တော် (၆၆)နှစ်၊ (၄)လ၊ (၁၂)ရက်၊ သိက္ခာတော် (၄၅) ဝါတွင် ဘဝနတ်ထံ ပြောင်းကြွ စံလွန်တော်မူလေသည်။

၁၀။ ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်ကို ၁၃၀၈-ခုနှစ်၊ တပို့တွဲလဆန်း (၁၂ ) ရက်နေ့တွင် ဆည်တွင်းချောင် တောရမှ တောင်သာမြို့ အနောက်ဘက် ၅-မိုင်ကွာ ဆရာတော်ဘုရား ကြီး၏ ဇာတိရပ်ရွာဖြစ်သော ကျွန်းရွာအနီးရှိ ကျယ်ဝန်း ပြန့်ပြူးသော ဆင်တဲဝချောင်းဗွေ သဲသောင်ငွေအပြင်၌ ဈာပနပူဇာသဘင် ဆင်ယင်ကျင်းပရာ ဌာနသို့ ခမ်းနားသိုက်မြိုက်စွာ ပင့်ဆောင်၍ တပို့တွဲလဆန်း (၁၃၊ ၁၄၊ ၁၅ ) ရက်တို့၌ ကြီးစွာသော ဈာပနသဘင် ဆင်ယင်ကျင်းပ ပူဇော်ကြလေသည်။

[၁]

  1. ကျွန်းရွာတောရဆရာတော် (၁၉၈၃)။ သိမ်မျိုးစုံမဟာဋီကာကျမ်း |title= ရှိ ပြင်ပလင့်ခ် (အကူအညီ)