ကြက်မခွတ်တမ်း ကစားခြင်းကိုလည်း မြန်မာ ကလေးများ နှစ်ခြိုက်ကြလေသည်။ ကစားရာတွင် အရေအတွက်ကို မကန့်သတ်ချေ။ ကစားသူများသည် ရပ်နေကြပြီးလျှင် ခြေတဘက်ကို တလှည့်စီ မြှောက်ပြီးလျှင်-

ကြက်ဖတိန်ညင် တောကိုဝင်
မောင်ရင်လာ လေးနှင့်ပစ်
မပစ်ပါနှင့် မောင်ရင်ရယ်
ကြက်တက်စူးပမယ်
ဘယ်ဘက်က စူစူး
ညာဘက်က စူးစူး
ခွပ်လိုက်ကြစို့ သူငယ်ချင်း
အောက်အစ်အစ်အွတ်

ဟူ၍ သံပြိုင်သီဆိုကြသည်။ နောက်ဆုံး စကားလုံးဖြစ်သော အွတ်ဆိုသည့် စကားလုံးသို့ ရောက်သော အခါတွင် အားလုံး ဆောင့်ကြောင့်ထိုင်လိုက်ကြပြီးသော် ခြေတဘက်ကို တလှည့်စီ ရှေ့သို့ထိုးလိုက် ပြန်သိမ်းလိုက် လုပ်ပြီးလျှင် အခြားတဘက်ကိုလည်း ရှေ့သို့တိုးလိုက် ပြန်၍သိမ်းလိုက်လုပ်ကာ ကစားကြသည်။ လက်များကိုမူ ခါးတွင်ထောက်ထားလေ့ရှိ ကြသည်။ ထိုသို့ခွပ်နေကြစဉ်တွင် ကြက်သွန်ဖြူ၊ ခုနစ်တက် နင်နှင့်ငါနှင့် တချက်ချက်ဟူ၍ လက်ညှိုးကလေးများကို ထောင်ကြပြီးလျှင် လက်ညှိုးချင်းကို ထိအောင် လုပ်ပေးကြလေသည်။ ထိုသို့ ကြက်ခွပ်ကြသည်မှာ တစ်စုံတစ်ယောက်က မောပန်းသဖြင့် မခွပ်နိုင်တော့သည်အထိ ဖြစ်သည်။

တစ်ခါတရံတွင် ကလေးများစု၍ တစ်ဘက်စီတွင် လူဦးရေချင်းတူအောင် နှစ်ဘက်ခွဲပြီးလျှင် တယောက်ချင်းကို ယှဉ်ပြိုင်၍ ခွပ်စေကြသည်။

ထိုသို့တစ်ဘက်စီမှ တစ်ယောက်ချင်းယှဉ်ပြိုင်ကြ သောအခါတွင် အားလုံးက ဝိုင်းဖွဲ့ကာ

ငါတို့ဘက်က နိုင်နိုင်
ရွှေဖလားနှင့် ကြက်သားကိုင်
သူတို့ဘက်က ရှုံးရှုံး
ကြေးဖလားနှင့် ကြက်သားတုံး

ဟူ၍ သီဆိုလေ့ရှိကြလေသည်။ ထိုသို့ လူခွဲ၍ ကစားကာ တစ်ဦးချင်းယှဉ်ပြိုင်ရာ၌ အနိုင်များသည့်ဘက်မှ အနိုင်ရရှိလေသည်။ တစ်ခါတစ်ရံတွင် တစ်ယောက်တည်းက ဆက်၍ လာပြိုင်သမျှကို မလျှော့တမ်း ခွပ်လေ့ ရှိသည်ကိုလည်း တွေ့ရလေသည်။

ထို့ပြင် ပေါ်လာသည်မှာ များစွာမကြာလှသေးဟုထင်ရသော အင်္ဂလိပ်ကြက်ဖခွပ်တမ်းကစားနည်းကိုလည်း မြန်မာကလေးများ နှစ်ခြိုက်စွာကစားကြသည်ကို တွေ့နိုင်သေးသည်။ ထိုကစားနည်းတွင် ကစားသူများသည် ရပ်၍ နေကြပြီးမှ အင်္ဂလိပ် ကြက်ဖ၊ ဗိုလ်ကြက်ဖ၊ အင်္ဂလိပ်ကြက်ဖ၊ ဗိုလ်ကြက်ဖ ဟုဆိုကာ ခုန်ကြယင်း ခြေတစ်ဘက်စီကို တစ်လှည့်စီရှေ့သို့ ထိုးထုတ်ကြလေသည်။[]


  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)