ပခုက္ကူဝိပဿနာသင်တန်းနည်းပြ ဖြစ်သော ဦးကြင်ရွှေသည် ဧရာဝတီတိုင်းဟင်္သာတခရိုင်အင်္ဂပူမြို့နယ်၊ လူတော်စုရွာ၌ အဖဦးသာပေါ်၊ အမိဒေါ်မေခင်တို့မှ သက္ကရာဇ် (၁၂၆၁) ခုနှစ်တွင် ဖွားမြင်ခဲ့သည်။ ငယ်နာမည်မှာ "မောင်ကြင်" ဖြစ်သည်။ မောင်ကြင်သည် အသက် ခုနစ်နှစ်သားအရွယ်တွင် လူတော်စုရွာ ကျောင်းဆရာမကြီး ဒေါ်သိန်းလှိုင်၏ မူလတန်းကျောင်း၌ အခြေခံမူလတန်းပညာရပ်များ သင်ယူခဲ့သည်။


သက္ကရာဇ် (၁၂၇၆) ခုနှစ်မှစ၍ ပြည်မြို့ ကန်တွင်းကျောင်းတိုက် ဆရာတော် အရှင်သုဘာသိတ ထံတွင် "ရှင်သာဓုဝတ" ဘွဲ့အမည်ဖြင့် သာမဏေဝတ်ကာ လောကုတ္တရာစာပေများကို သင်ယူခဲ့သည်။ အသက် (၂၀) ပြည့်မြောက်ရာ သက္ကရာဇ် (၁၂၈၁) ခုနှစ်တွင် မအူပင်မြို့ ဒီပဲရင်းကျောင်းတိုက် သိမ်တော်၌ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်သည်။ ရဟန်းသိက္ခာ ခြောက်ဝါအရတွင် ပခုက္ကူမြို့ မဟာဝိဇယာရာမ ပါဠိတက္ကသိုလ်ကျောင်းတိုက်ကြီး၌ ပိဋကတ်စာပေများကို သင်ယူသည်။ ရဟန်းသိက္ခာ (၁၈) ဝါအရတွင် သာသာနာ့ဘောင်မှ လူထွက်ခဲ့ပြီး "ဦးကြင်ရွှေ" အမည်ဖြင့် လေးနှစ်ကြာပြီးနောက် ဒေါ်စိန်ဥနှင့် အိမ်ထောင်ပြုခဲ့သည်။ သမီးတယောက်ထွန်းကားပြီးနောက် ဇနီးရောသမီးပါ ဆုံးပါးသွားခဲ့ပြီး သောကမီး တောက်လောင်ခဲ့ရသည်။ ယင်းသောကမီးငြိမ်းရာငြိမ်းကြောင်း ဆေးကောင်းကို ဘုရားမြတ်စွာ၏ ပိဋကကျမ်းစာများတွင် ရှာဖွေခဲ့သည်။

ယင်းသို့ စာပေကျမ်းဂန်အရပ်ရပ်ကို ကြည့်ရှုလေ့လာ သုံးသပ်ရှုမှတ် ကြံစည်ရင်း လောကကြီးတွင် ခန္ဓာငါးပါး၊ ရုပ်နာမ်နှစ်ပါးမှတပါး ဘာမှမရှိ သုည၏ အဖြစ်ကိုလည်းကောင်း၊ ငါ, သူတပါး, ယောက်ျား, မိန်းမ မရှိဘဲ ပရမတ်အပေါ်တွင် ပညတ်ဖုံးနေသည့်အဖြစ်ကိုလည်းကောင်း ပိုင်ပိုင်မိမိ သိရှိ၍ မိမိသိသည့်အတိုင်း အများတကာသိကြပါစေဟူသော ရည်ရွယ်ချက်ဖြင့် (၁၃၀၉) ခုနှစ် တန်ဆောင်မုန်းလမှ စတင်ကာ "ပခုက္ကူဝိပဿနာသင်တန်း" ဟူသော အမည်ဖြင့် စတင်တည်ထောင် ဖွင့်လှစ်ခဲ့သည်။ မြန်မာနိုင်ငံ တဝှမ်းရှိ အမြို့မြို့အရွာရွာများတွင်လည်း ဆရာကြီး၏ ဝိပဿနာသင်တန်းခွဲများ ရှိကြသည်။[၁]

ဆရာကြီးသည် အသက် (၈၅) နှစ်အရွယ် (၁၃၄၆) ခုနှစ် ဝါဆိုလကွယ်နေ့တွင် ကွယ်လွန်အနိစ္စရောက်ခဲ့သည်။

ကိုးကား ပြင်ဆင်ရန်

  1. ဝိပဿနာနည်းပြ ဆရာကြီးဦးကြင်ရွှေ ၏ ပခုက္ကူဝိပဿနာသင်တန်းဟောစဉ် (၁) "ပညတ် ပရမတ် တရားတော်"