ကြည်ဝေ၊ (ယုဝတီ) စာရေးဆရာမ
ယုဝတီကြည်ဝေကို ပဲခူးခရိုင်၊ ပိန်းဇလုတ်မြို့နယ် ကင်မွန်းခြုံရွာနေ အဖ ဦးကြာခိုင်နှင့် အမိ ဒေါ်အုံးယဉ်တို့က ၁၉၂၅ ခုနှစ်၊ အောက်တိုဘာလ ၂ဝ ရက်နေ့တွင် မွေးဖွားခဲ့သည်။ ငယ်စည်က 'မကြည်ဝေ' ဟု ဖခင်ဖြစ်သူက ပညတ်ခဲ့သော်လည်း မိခင်ကြီးကမူ ချစ်စနိုးဖြင့် 'အလတ်မ' ဟု ခေါ်ပြီး 'ကျော်စံရွှေ' ဟုလည်း အမည်တွင်ခဲ့သည်။
ယုဝတီကြည်ဝေသည် ငယ်ရွယ်စဉ် ငါးနှစ်၊ ခြောက်နှစ်သမီး အရွယ်ကပင် စာတတ်ချင်သောသူ တဦး ဖြစ်သည်။ မိဘများ ပြောဆိုသော စကားများကိုလည်း တလုံးမကျန် မှတ်သားထားပြီး သူငယ်ချင်း အပေါင်းအသင်းများကို ပုံဝတ္ထုများသဖွယ် ပြောပြတတ်သော ဝါသနာ ရှိခဲ့သည်။ မိဘရိုးရာမှာ လယ်ယာတောင်သူများ ဖြစ်သော်လည်း သူသည် စာပေပညာ တတ်လိုစိတ် ပြင်းပြလွန်းသည်။ စာသင်ချင်လွန်းသဖြင့် မိဘများထံ ပူဆာတောင်းပန်၍ အသက်ဆယ်နှစ် အရွယ်မှ ကျောင်းစနေရသည်။ ထိုစဉ်က ကင်မွန်းခြုံရွာတွင် ဘုန်းကြီးကျောင်းမှ လွဲ၍ သိပ္ပံစာသင်ကျောင်းများ မရှိသဖြင့် ဘုန်းတော်ကြီး ဦးကုသလထံတွင် ပညာ သင်ယူခဲ့သည်။ ယုဝတီကြည်ဝေသည် အတန်းပညာကို ခုနစ်တန်းအထိ ပညာ သင်ကြားခဲ့သည်။
ယုဝတီကြည်ဝေ၏ စာပေဘဝ အစကို ဖော်ပြရလျှင် မိခင်ဖြစ်သူ မြို့ဈေးမှ ဈေးဝယ်အပြန် ပစ္စည်းများကို ထုပ်ထည့် ပေးလိုက်သော သတင်းစာစက္ကူအဟောင်း၊ မဂ္ဂဇင်း၊ ဂျာနယ်အဟောင်းများကို ယုဝတီကြည်ဝေသည် စုဆောင်းကာ ဖတ်တတ်သော အကျင့် ရှိခဲ့သည်။ ထိုသို့ ဖတ်သည့်အထဲမှ 'နေရီရီ နဒီတွင်းမှာလ၊ သီချင်းလေယူလာတော့၊ ငွေဖြူလွှာ သောင်ယံဘေးမှာလ၊ စာဆိုမောင် ရွှင်ကြည်အေးခါပ၊ ငေးတယ်လို့ မျှော်မိပါ၊ လှေကလေး ရွှေသွေး ဧရာပြင်မှ၊ နေဝင်ကို အဖော်ပြုပါလို့' ဟူသည့် ကဗျာ အပိုင်းအပြတ်လေးကို ဖတ်လိုက်မိသော အခါ သူ၏ စိတ်များ ရွှင်လာခဲ့သည်။ တခေါက်မှ ဆယ်ခေါက်သို့တိုင် ဖတ်ကြည့်ရာ ချက်ချင်း အလွတ်ရခဲ့သည်။ ထိုကဗျာကို ဖတ်ရသည့်နေ့မှ စ၍ စာရေးချင်သော စိတ်သည် တားမနိုင် ဆီးမရ ဖြစ်ခဲ့သည်။
ထိုစဉ်က ယုဝတီကြည်ဝေသည် ကဗျာရေးသူ မည်သူမှန်း မသိခဲ့ပေ။ ဤကဗျာမှာ ဒုတိယကမ္ဘာစစ် မတိုင်မီခေတ်က ဒဂုန်မဂ္ဂဇင်းနှင့် တက္ကသိုလ်ကျောင်းတိုက် မဂ္ဂဇင်း (၁၉၄ဝ ပြည့်နှစ်၊ မေလ) တွင် ပါရှိခဲ့သော ကဗျာ ဖြစ်သည်။ ထို့အပြင် ယုဝတီကြည်ဝေသည် မြို့မှ အစ်ကိုဖြစ်သူ တခါတရံလာလျှင် ပါလာသော ဒဂုန်ခင်ခင်လေး (မမခင်) ၏ ဂုဏ်မြင့်သူ၊ ရွှေစွန်ညို စသော ဝတ္ထုများကို အစ်ကို ဖြစ်သူ အလစ်တွင် ခိုးဖတ်ခဲ့သည်။ သူသည် စာကြီးပေကြီးများကို မဖတ်ခဲ့ရသော်လည်း လက်လှမ်းမီသမျှ စာပေများကို လေ့လာခဲ့သည်။
အလတ်မ (ခေါ်) ကျော့ရွှေစံ (ခေါ်) ဒေါ်ယုဝတီကြည်ဝေသည် မုန်တိုင်းထန်သော ကြောက်မက်ဖွယ် ညများကို လျှောက်ခဲ့ရသည့် အဖြစ်ကိုသော် လည်းကောင်း၊ လရောင်အောက်မှ ပန်းပွင့်ကလေးများကို လှပစွာ တွေ့မြင်ခွင့် ရလျှင်သော် လည်းကောင်း၊ သူ၏ ဦးနောက်တွင်းဝယ် ချစ်စရာ၊ ဝမ်းနည်းစရာ၊ ဇာတ်လိုက်များ ပါဝင်သော ဇာတ်လမ်းလေးများကို မွေးဖွားလာရသည်ဟု ဆိုသည်။
ယုဝတီကြည်ဝေသည် ယုဝတီဂျာနယ်၊ တိုင်းရင်းမေဂျာနယ်၊ ငွေတာရီနှင့် မြဝတီ မဂ္ဂဇင်းတို့တွင် ဝတ္ထုတို၊ ဝတ္ထုရှည်များ ရေးသားခဲ့လေသည်။ စာပေ ရေးသားခြင်းကြောင့် ကြုံတွေ့ရသော ဒုက္ခသည် သူ၏ စာပေ ဝါသနာကြောင့်ပင် ဖြစ်သည်ဟု ဆရာမ ယုဝတီကြည်ဝေက မှတ်ယူထားခဲ့သည်။
ဆရာမ ယုဝတီကြည်ဝေသည် ခင်ပွန်းသည် ကိုခင်မောင်နှင့် မောင်စမ်းဝေ၊ မောင်ကျော်နိုင်၊ မောင်အောင်ကျော်ဦး ဟူသော သားသမီး သုံးယောက် ထွန်းကားခဲ့သည်။ ယုဝတီကြည်ဝေသည် စာပေ တာဝန်များကို ထမ်းဆောင်ရင်း ၁၉၉ဝ ပြည့်နှစ်၊ ဇွန်လ ၃ဝ ရက်နေ့တွင် ရန်ကုန်မြို့၊ အမှတ် ၁၄၈၊ ၄၈ နေအိမ်တွင် ကွယ်လွန်အနိစ္စ ရောက်ခဲ့သည်။
ရေးသားပြုစုခဲ့သော စာအုပ်များ
ပြင်ဆင်ရန်၁။ မြူနှင်းဝေမှောင်ခြယ် ၁၉၅၂
၂။ ရိပ်ငြိမ် ၁၉၆၁
၃။ တပွင့်ရွှေကြာ ၁၉၆၅
၄။ မေတ္တာကို တံတားခင်း၍ ၁၉၆၆
၅။ အရှေ့ဘက်ကမ်းပါး ၁၉၆၆
၆။ ကျော့ကျော့စံ ၁၉၆၇
၇။ အမျက်တော်ပြေပါစေ ၁၉၆၇
၈။ မိုး၏တည ၁၉၆၈
၉။ နားခိုရာ ၁၉၆၈
၁၀။ ခရီးစဉ် ၁၉၆၈
၁၁။ ကြေရာကြေကြောင်း တောင်းပန်ချင် ၁၉၆၉
၁၂။ လက်ဆန့်တန်း၍ ကမ်းပါသည် ၁၉၇၀
၁၃။ မေတ္တာကို စိန်ခေါ်ခက်ပါဘိ ၁၉၇၀
၁၄။ ကရုဏာ ၁၉၇၁
၁၅။ အနီးနှင့်အဝေး၊ အပြေးနှင့်အလိုက် ၁၉၇၁
၁၆။ ချစ်ဖူးချစ်ငုံ ၁၉၇၁
၁၇။ ငွေနှင်းမှုံမှုံ ၁၉၇၁
၁၈။ မအေးချမ်း ၁၉၇၁
၁၉။ ကြိုးပြတ်လျက်ရှိသောစောင်း ၁၉၇၂
၂၀။ ကြိုးဝိုင်းထဲမှာ အလဲထိုးခံရခြင်း ၁၉၇၂
၂၁။ ခရီးကြုံ ၁၉၇၂
၂၂။ လေးခင်ခင် ၁၉၇၃
၂၃။ ကြင်နာခြင်းတဝက်၊ ရက်စက်ခြင်းတပိုင်း ၁၉၇၄
၂၄။ ခြောက်လှန့်တတ်သော လွမ်းအိပ်မက် ၁၉၇၄
၂၅။ ပန်းဆံမြိတ်တို့ ကြွေမှာလားကွယ် ၁၉၇၅
၂၆။ မိငြိမ်းချမ်း ၁၉၇၅
၂၇။ မေတ္တာနှင်းနံ့မပြယ်မီ ၁၉၇၆
၂၈။ လှပသော ပန်းကလေးများသော်မှ ၁၉၇၆
၂၉။ အရှေ့ဘက်ကမ်းပါးမှသည် ၁၉၇၆
၃၀။ အေးအေးငြိမ့် ၁၉၇၆
၃၁။ မမအိ ၁၉၇၇
၃၂။ လှပသော အရုဏ်ဦးများ ၁၉၇၈ [၁]
ကိုးကား
ပြင်ဆင်ရန်- ↑ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန (ရုံးချုပ်)၊ စာတည်းအဖွဲ့ စုဆောင်း ပြုစုပြီး ရွှေဟင်္သာ စာအုပ်တိုက်မှ ၂၀၀၆ နိုဝင်ဘာမှာ ပထမအကြိမ် ထုတ်ဝေ ဖြန့်ချိခဲ့တဲ့ 'နှစ်ဆယ်ရာစု မြန်မာ စာရေး ဆရာများနှင့် စာစုစာရင်း (ဒုတိယတွဲ)