ကြတ်နန်ပင်ကို ကျနပင်၊ ပင်လယ်အုန်းပင်ဟူ၍လည်း ခေါ်ကြသေးသည်။ ထိုအပင်မျိုးကို မြစ်ဝကျွန်းပေါ်ဒေသများနှင့် ရခိုင်ကမ်းရိုးတန်းနှင့် တနင်္သာရီကမ်းရိုးတန်းတလျှောက်၌ လမုပင်၊ လမဲ့ပင်များ ပေါက်ရောက်ရာ စိမ့်မြေအရပ်များတွင် တွေ့မြင်နိုင်သည်။

ကြတ်နန်ပင်သည် ထန်းပင် အုန်းပင်တို့ကဲ့သို့ ပေ ၄ဝ မှ ၅ဝ ခန်အထိ မြင့်၍ ဖြောင့်မတ်သည်။ သို့သော် လုံးပတ်မှာ ၄ ပေမျှသာရှိသဖြင့် ပျဉ်ပြားအနံကျယ်ကျယ်ရအောင် ခွဲစိတ်ရန် မဖြစ်နိုင်ချေ။

ရခိုင်တိုင်းနှင့် မြစ်ဝကျွန်းပေါ်ဒေသတွင် အိမ်တိုင်ထူရန် အတွက် ကြတ်နန်းသားကို အသုံးပြုကြသည်။ အထူးသဖြင့် မြိတ်နယ်အတွင်းရှိ ဝိတိုရိယအငူတဝိုက်မှ ရသော ကြတ်နန်သားသည် ချောမောဖြောင့်စင်းသဖြင့် စံမှီပြီးလျှင် အရွယ်လောတော် ပျဉ်များကိုလည်း ရနိုင်သည်။

ကြတ်နန်သားသည် နီရဲရဲအရောင်ရှိ၍ ခိုင်ခံ့သည်။ လွှဖြင့် ဖြတ်ရန် လွယ်ကူသော်လည်း ရွေပေါ်ထိုးရန် နှင့် ပုံထွင်းရန် ခဲယဉ်းသည်။ အသားသေအောင် ပြုလုပ်ပြီးမှ သုံးစွဲသင့်သည်။ ကြတ်နန်သားကို အိမ်ဆောက်ရန်၊ လှေစပ်ရန်၊ စူးဆောက် တန်ဆာပလာတို့ လက်ကိုင်ရိုးပြုလုပ်ရန်နှင့် လှည်းဘီးထောက်များ ပြုလုပ်ရန် အသုံးချနိုင်သည်။ သေနတ်ဒင်နှင့် ရေယာဉ်ပျံ အောက်ခြေဘောများ ပြုလုပ်ရန်အတွက်လည်း သင့်လျော်သော အသားဖြစ်သည်။ မဟော်ဂနီသားနှင့် အနီးစပ်ဆုံး ဖြစ်သဖြင့် အိမ်သုံးပစ္စည်းများအတွက် အလွန်ကောင်းသော အသား ဖြစ်သည်။

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)