ကြယ်တံခွန်ဥက္ကာပေါက်သော်ကြောင့်

ကြယ်တံခွန်ဥက္ကာပေါက်သော်ကြောင့် ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

အကြောင်းအရာ ပြင်ဆင်ရန်

၁၂၆၉ ခုနှစ်တွင် ဂဠုန်တည်းဟူသော တနင်္ဂနွေဂြိုဟ်သိဟ်ရာသီမှ ကန်ရာသီသို့အကူးတွင် နေမင်းသည် အထူးသဖြင့် အလျှံပြောင်၍ ဝါခေါင်လဆန်း (၁၀) ရက်နေ့တွင် ကြယ်တံခွန်ထွက်ပြီးလျှင် တော်သလင်းလဆန်း (၇) ရက်သောကြာနေ့မှာလည်း ကြယ်ဥက္ကာပျံကြီး ပျံသန်းသည်။ သို့အတွက် ကပ်ရောဂါ ထပ်မံမဖြစ်ရအောင် ရတနာသုံးပါး မိဘ ဆရာသမားတို့ကို ရိုသေလေးမြတ်စွာ ဆည်းကပ်ပူဇော်ကြရန် ဒါန၊ သီလ အစရှိသော ကုသိုလ်တရားများ အားထုတ်ကြရန် ဖွဲ့ဆိုထားသည့် ရတနာသုံးပါးဆည်းကပ်ရန် သံချို ဖြစ်သည်။

ကြယ်တံခွန်ဥက္ကာပေါက်သော်ကြောင့် ပြင်ဆင်ရန်

သက္ကရာဇ် အနှစ်ခြောက်ဆယ့်ကိုးတွင်ပ၊ ခေတ်ဆိုးပုံ ပဒုံပြန်လိမ့်မထင့်၊ ဂဠုန်နံ သိမ်ကန် ဆင်းမှာတဲ့၊ ညချင်းစင် အလျှံပြောင်သည့်၊ လဝါခေါင် ပက္ခလမ်းမှာဖြင့်၊ ဆန်းဆယ်ရက် ကြယ်တံခွန်။

နိမိတ်ကယ် လွန်စွာနှင့်၊ ထောမနာ ဩဘာတောက်နေကြ၊ တောင်မြောက်အရှေ့မှန်းတဲ့ပြင်၊ နောက်လမ်းကို မျှော်ကာငေးသူနှင့်၊ ချင့်တွေးရန် အတန်တန်ပ၊ နောက်ထပ်မံ တော်သလင်းမှာတော့၊ လမင်းပက္ခဆန်းပြန်ခဲ့၊ အစွန်းခုနစ်ရက်တွင်မှ၊ ပေါ်လျက်ပင် အလွန်သာသည့်၊ နေ့သောကြာ ဝါရမိတ်၊ အာဒိစ်ခေါ်ပြဿဒါးပါတဲ့၊ မှတ်သားရန် ကောင်းကင်က ဖြူးသည့်ပြင်၊ ကျော်ကျူးစွာ အမှန်လာ၍၊ ကြယ်ဥက္ကာ − ဖီလာသ်န်းလို့ငယ်၊ မြန်းကြွအလွန်။

များဗိုလ်ခြေသတ္တဝါစု၊ တွေးရှုရန် အဖြာဖြာပ၊ ကပ်ရောဂါ ထပ်မံ၍ဖြစ်ခဲ့လျှင်၊ စိတ်ညစ်ကာ မကြေချမ်းနိုင်ဘု၊ မြန်မာမှာ တခါနွမ်းပြန်တော့မထင့်၊ ညစ်ငြမ်းတွေ့မြန်မာမွန်၊ ကံမချွန်ယိုယွင်း။

သတ္တဝါအစုတ်တို့မှာလှ၊ ဒုဗ္ဘိက္ခန်သတ္တန်ညားသည့်ပြင်၊ အစားအစာပျောက်လို့မို့၊ သေလောက်အောင် မကြုံရစေနှင့်၊ တွေးဆလို့ ကြံစီကာပ၊ စိန္တေယျာမြတ်ဘုရားနှင့်၊ သိကြားကယ်ပါနော်လို့၊ တင်ဆွမ်းတော် အသွယ်သွယ်နှင့်၊ ပန်းစံပယ် ဒေါနဂမုန်းနှင့်၊ ကြက်ရုံးစကဝါနှောက်ပါလို့၊ အံ့လောက်စွာ ခတ္တာဖက်ပါလို့၊ ကရမတ်အထုံလှိုင်၍၊ မြတ်လေးခိုင် ခွာညိုဖူးကိုလ၊ အထူးနော်သဒ္ဓါရွှင်၍၊ ဘုရားတင် ညောင်ရေသွင်းကြတော့၊ လွတ်ကင်းအောင် ပဉ္စသီနှင့်၊ အဋ္ဌင်္ဂီသီလထူးတို့ကို၊ ကြည်နူးစွာ၊ စိတ်သာစောကြမှ၊ ငတ်သောအစာနှင့်၊ ကပ်ရောဂါဘေးရန်ပျောက်လို့မို့၊ သာသနာထိန်ထိန်တောက်မှာကြောင့်၊ ကြယ်ဥက္ကာပေါ်လာပေါက်တာက၊ ကြောက်လောက်အောင် ကိုယ်နေမချုံးကြပါနှင့်၊ သာသနာ ဘာသာအလုံးမှာကွယ်၊ ဘုန်းတောက်ထိန်လင်း။

မှတ်ချက် ပြင်ဆင်ရန်

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် နာမည်ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော နာမည်ကို ပေးထားခြင်း ဖြစ်သည်။

ကိုးကား ပြင်ဆင်ရန်

  1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။