ကြာအေး (အသုံးကွဲများ: ဂြာဧ၊ ဂျာအေး) သည် မြန်မာ သီချင်း ကဗျာတစ်ပုဒ်ဖြစ်၍ အမည်မသိ ရှေးစာဆိုတော်တစ်ဦးက ရေးဖွဲ့ခဲ့သည်။ အချို့က ကြောင်ပမ်းဆရာတော်ရေးဖွဲ့သည်ဟုလည်း ဆိုကြသည်။[ကိုးကားချက်လိုသည်] ဂျာအေးသီချင်းကဗျာသည် ပတ်လည်သီချင်း (သို့) အဆုံးမရှိသော အမျိုးအစားဖြစ်သည်။

ဤကဗျာသည် ခေတ်အဆက်ဆက်၌ မတူညီသော ခေါင်းစဉ်အချို့ဖြင့် ဖော်ပြခြင်းခံရရာ ဂြာဧ၊ ဂျာအေး တို့ဖြစ်ကြသည့်အပြင် ကဗျာ၏ အထက်အောက် စာသားစီစဉ် ဖော်ပြမှုများလည်း မတူခဲ့ပေ။ အောက်ပါကဗျာသည် မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာနက ပြဋ္ဌာန်းသော ဒုတိယတန်းမြန်မာဖတ်စာမှ ဖော်ပြထားခြင်းဖြစ်၍ ယင်းကဗျာစာမျက်နှာတွင် ကြာအေး ကို ဂျာအေးဦး ကို အုံး ဟူ၍ အသံထွက်ရန်လည်း လမ်းညွှန်ဖော်ပြထားသည်။[]

ကြာအေးကို သူ့အမေ ရိုက်လို့
မှောင်မိုက်မှာငို
ကိုလူပျို ထရံပေါက်က
ခြေထောက်ကိုဆွဲ တွဲလဲ
တွဲလဲ နေပါတုန်း
မိုးတောင်ကချုန်း မုန့်လုံး
မုန့်လုံး စက္ကူကပ်ပါလို့
ကြာကလပ်နှင့် ဆွမ်းတော်တင်
ပလ္လင်ပေါ်က မျောက်ကလေး
ဆင်းသက်လို့ပြေး ကြာအေး

အသုံးအနှုန်း

ပြင်ဆင်ရန်

ပတ်လည် (သို့) အဆုံးမရှိသော သီချင်းဖြစ်သဖြင့် တစ်စုံတစ်ခုသည် အဆုံးအစမရှိ၊ အတောမသတ်ဖြစ်နေသည့် အခြေအနေကို ဖော်ပြသောအခါ "မုန့်လုံးစက္ကူကပ်"၊[] "ဂျာအေး သူ့အမေရိုက်" စသည့် စာသားများသည် အသုံးများသော စာသားများဖြစ်ကြသည်။ အချို့သောနယ်ပယ်များစွာတွင်လည်း တစ်ခုခုသည် တဝဲလည်လည်ဖြစ်နေသည်၊ ​ရှေ့သို့မရောက် လုံးလည်ချာလည်ရိုက်နေသည် စသည့် အနက်ဖြင့်လည်း သုံးနှုန်းကြသည်။ ဥပမာအနေဖြင့် "ရခိုင်ပြည်နယ်ရဲ့ လယ်ယာစိုက်ပျိုးရေးက ဂျာအေးသူ့အမေရိုက်ဆိုသလို အလုပ်မဖြစ်ဘူး ဖြစ်နေတယ်။"[] နိုင်ငံရေးနယ်ပယ်တွင်လည်း အသုံးများရာ နမူနာအားဖြင့် "ဂျာအေး သူ့အမေရိုက်၊ မုန့်လုံး စက္ကူကပ် ငြိမ်းချမ်းရေး ဖြစ်စဉ်မျိုးလား" ၊[] "... မြန်မာပြည်၏ ပြည်တွင်းစစ်ရပ်စဲရေးသည် ကမ်းမမြင် လမ်းမမြင် လမ်းပျောက်နေသကဲ့သို့ တစ်ဖက်နှင့် တစ်ဖက် “မုန့်လုံးစက္ကူကပ်၊ ဂျာအေးသူ့အမေရိုက်” နေကြသည့်အတွက် ရွာလည်နေဆဲဖြစ်သည်။..."[] "၂ဝဝ၈ ခုနှစ် အခြေခံဥပဒေဟာလည်း ဂျာအေးကို သူ့အမေရိုက်နေတာမို့ မှောင်မိုက်မှာငိုရမယ့်ကိန်း ဆိုက်နေပါတယ်။"[] စသည့် အသုံးပြုမှုများဖြစ်ကြသည်။


ဘာသာပြန်ဆိုမှုများ

ပြင်ဆင်ရန်

ကြာအေးကဗျာကို ဂျေ အေ စတူးဝပ် (J. A. Stewart) က ၁၉၆၀ ပြည်နှစ်၊ မြန်မာနိုင်ငံသုတေသနအသင်း၏ နှစ်ငါးဆယ်ပြည့် စာစောင် အမှတ် (၂) တွင် "Some Songs and a Riddle" ထဲ၌ "Gya E" အမည်ဖြင့် ပြန်ဆိုထားသည်။[]

  1. ဒုတိယတန်း မြန်မာဖတ်စာ၊ ပညာရေးဝန်ကြီးဌာန၊ ၂၀၁၈-၁၉
  2. ၂.၀ ၂.၁ ဦးသန်းထွတ် (ပညာရေးတက္ကသိုလ်)။ ကျွန်တော်နှစ်သက်မိသောကဗျာများ။ ရွှေဟင်္သာစာပေ။ pp. ၁၄-၁၆။
  3. ရခိုင်ပြည်နယ်အတွင်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်းခွင်၌ အခက်အခဲများစွာရှိ။ 15 September 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 September 2021 တွင် ပြန်စစ်ပြီး။
  4. ဂျာအေး သူ့အမေရိုက်၊ မုန့်လုံး စက္ကူကပ် ငြိမ်းချမ်းရေး ဖြစ်စဉ်မျိုးလား
  5. သုံးပွင့်ဆိုင်ငြိမ်းချမ်းရေးနှင့် လွဲနေဆဲ ဆုံမှတ်များ
  6. ဂျာအေးကို သူ့အမေ ရိုက်ပါလို့ မှောင်မိုက်မှာငို