ကြိမ်ပင် (အင်္ဂလိပ်: rattan) သည် မျိုးစိတ်ပေါင်း ၆၀၀ ခန့်ရှိပြီး အရှေ့တောင်အာရှ အပူပိုင်းသစ်တောနှင့် အာရှတိုက်၏ အပူပိုင်းသစ်တောများတွင် ပေါက်ရောက်လေ့ရှိသည်။ ရှေးအထက် ကျော်ကာရီကစ၍၊ ကြိမ်သည် မြန်မာလူမျိုးတို့အဖို့ ဝါးနှင့်တန်းတူ အရေးကြီး အသုံးဝင်ခဲ့သောပစ္စည်း ဖြစ်သည်။ အိမ်ဆောက်ရာ၌၎င်း၊ လှေလှည်းလုပ်ရာ၌လည်းကောင်း၊ ဖောင်ဖွဲ့ ရာ၌လည်းကောင်း၊ အထုပ်အပိုးများ ချည်နှောင်ရာ၌လည်းကောင်း၊ ကြိမ်ကို အသုံးပြုကြသည်။ ကျွဲနွားရိုက်ရန် နှင်တံအဖြစ်ဖြင့်လည်း အသုံးချကြသည်။ ကြိမ်ဖြင့် တောင်းပလုံးခြင်း စသည်များကိုလည်း ရက်လုပ်ကြသည်။

အိန္ဒိယနိုင်ငံတွင် တွေ့ရသော ကြိမ်ပင်မျိုးစိတ်

ကြိမ်ပင်သည် အုန်းပင်ထန်းပင်တို့နှင့်အတူ ထန်းမျိုးရင်းတွင် ပါဝင်၍၊ ဆူးနှင့်အဆစ်များ ပါရှိသော နွယ်ယောင်ပင်ယောင် တစ်မျိုးဖြစ်သည်။ ကပေါင်းကြိမ်၊ ကြိမ်ခါး၊ ရေကြိမ်၊ ကြိမ်နီ၊ ထားဝယ်ကြိမ်၊ ယမထာကြိမ်၊ ဝါးပိုးကြိမ်၊ သိုင်းကြိမ် စသည်ဖြင့် ကြိမ်အမျိုးမျိုးရှိ၍၊ အရွယ်မှာ လက်သန်းလုံးတစ်ဝက်ခန့်မှ လက်မ ခြေမအရွယ်တိုင်အောင် အမျိုးမျိုး ရှိကြသည်။ ကမ္ဘာတွင် ကြိမ်ပင်ပေါက်ရာ ဒေသများမှာ အရှေ့အိန္ဒိယကျွန်းစု၊ မလ္လာယုကျွန်းဆွယ်၊ တရုတ်၊ မြန်မာနိုင်ငံထိုင်းနိုင်ငံအိန္ဒိယနိုင်ငံ၊ သီဟိုဠ်နိုင်ငံအပြင် ဩစတြေးလီးယားနှင့် အာဖရိကတိုက်တို့ ဖြစ်ကြသည်။ မြန်မာနိုင်ငံ၌၊ ကွင်းပြင်နှင့် တောင်နိမ့်ပိုင်းရှိ စိုစွတ်သောသစ်တောများတွင် ကြိမ်ပင်ကို အနှံ့အပြား တွေ့နိုင်ပေသည်။

ကြိမ်ပင်သည် နဂိုအတိုင်း အစိမ်းရောင်ရှိ၍၊ ခြောက်လျှင် အဝါရောင်၊ အညိုရောင် ဖြစ်လာသည်။ အဆစ်များ၌ အရွက်ပေါက်သည်။ ကြိမ်ကို အမျိုးမျိုး အသုံးချနိုင်ခြင်းမှာ၊ ပေါ့ပါးခြင်း၊ ရှည်လျားခြင်း၊ ခိုင်ခံ့ခြင်းနှင့် ကွေးညွတ်၍ ရခြင်း စသောဂုဏ်သတ္တိများကြောင့်ပင် ဖြစ်သည်။

ကြိမ်သည် ဆိုခဲ့သည့်အတိုင်း ကြိုး၊ နှီး၊ နှင်တံ စသည် အဖြစ်ဖြင့် အသုံးဝင်ရုံသာမက၊ ကုလားထိုင်ဖင်နှင့် နောက်မှီ များထိုးရန်၊ လက်ကိုင်တုတ်နှင့် ထီးရိုးများ ပြုလုပ်ရန်အတွက်လည်း အသုံးကျသည်။ လက်ကိုင်တုတ် လုပ်ရသော ကြိမ်အမျိုးများအနက် မလ္လာယုကျွန်းဆွယ်မှထွက်သော ကြိမ်သည် ကမ္ဘာတွင် ထင်ရှား၍ မြန်မာနိုင်ငံ၌ မြိတ်ကြိမ်သည် ကျော်ကြား၏။ မြန်မာနိုင်ငံတွင် ရာသီအလိုက် ပေါ်သောကြိမ်သီးကို စားကြ၍၊ ကြိမ်စေ့ကို စိပ်ပုတီးလုပ်ကြ၏။ ကမ္ဘာတွင် ကြိမ်ကို အများဆုံး ဖြန့်ချိရောင်းချသော ဒေသများကား ဗတေးဗီးယားမြို့၊ ဆရားဝပ်နယ်၊ စင်္ကာပူ၊ ပီနန်မြို့ နှင့် ကာလကတ္တားမြို့တို့ ဖြစ်ကြသည်။[]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)