ကြေးမီးခြစ်လုပ်ငန်း
ကြေးမီးခြစ်လုပ်ငန်းကို မြန်မာနိုင်ငံ၊ ပဲခူးတိုင်းဒေသကြီး (အရှေ့)၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ ဖလေးကျေးရွာအုပ်စုလုပ်ကိုင်ကြသည်။ ကြေးမီးခြစ်လုပ်ငန်းသည် ဖလေးရွာ၏ သင်္ကေတဖြစ်သည်။ အင်္ဂလိပ်မင်း လက်ထက်ကတည်းက ကြေးမီးခြစ်လုပ်ငန်းကို လုပ်ကိုင်ခဲ့ကြသည်။ ရှေးယခင်က မြန်မာနည်း မြန်မာဟန်ဖြင့် ပြုလုပ်သော ပန်းပွတ်ပညာရှင်တို့ လက်ရာ မီးပွတ်ခုံမှ မီးကို ရယူခဲ့ကြသည်။ ထို့နောက် အင်္ဂလိပ်တို့နှင့်အတူ မီးခြစ်လုပ်ငန်းလည်း ပါလာခဲ့လေသည်။ ဖလေးရွာသည် လူပေါင်းစုံ နေထိုင်ရာ နေရာတစ်ခု ဖြစ်သည့်အတွက် မြို့ပေါ်မှ မီးခြစ်လုပ်သော ပညာရပ်သည်လည်း တောကြိုအုံကြားထိ ရောက်လာခဲ့တော့သည်။
တစ်ချိန်က ဖလေးတံဆိပ်ရိုက်နှိပ်ထားသော ကြေးဖြူ၊ ကြေးနီ၊ ကြေးဝါ မီးခြစ်များသည် အောက်မြန်မာပြည် တစ်ခွင်မှာ နာမည်ကျော်ကြားခဲ့သည်။ ဖလေးရွာတွင် မီးခြစ်ဖို သုံးဆယ်ကျော် ရှိခဲ့ပြီး ကြေးပြား၊ မီးခြစ်ဘီး၊ စပရင်၊ မီးခြစ်ကျောက်၊ ဝက်အူ ရောင်းသော မီးခြစ်အပိုပစ္စည်းဆိုင်များပင် ရှိခဲ့သေးသည်။ ရိုးရိုးမီးခြစ်အပြင် အမြောက်ဆန်ကျည်ဆန်အခွံကို ပြုလုပ်သောမီးခြစ်၊ ပုလင်းအမျိုးမျိုးနဲ့ပြုလုပ်သော မီးခြစ်စသဖြင့် တီထွင်ခဲ့ကြသေးသည်။လူကြီးလူကောင်းများလာလျှင် လက်ဆောင်ပေးသော ငွေမီးခြစ်ဆိုတာရှိသေးသည်။ မီးခြစ်အချောထည်ကို ကျေးငှက်တိရစ္ဆာန်နှင့် ခြူးပန်းခြူးနွယ်များ ပုံဖော်ပြုလုပ်သော ပန်းပညာရှင်များလည်း ရှိခဲ့ဖူးသည်။ မီးခြစ်တင်ဖို့အတွက် ခြင်္သေ့၊ ဆင်၊ နယားရုပ် မီးခြစ်တင်ခုံလေးများ ပြုလုပ်ရောင်းချသော ပန်းပုပညာရှင်လည်းရှိခဲ့ဖူးသည်။ ထို့အပြင် အနယ်နယ်အရပ်ရပ်သို့ လှည့်လည်၍ ကာရန်နဘေဖြင့်ရွတ်ဖတ်ပြောဆိုပြီး မီးခြစ်ရာင်းချသော ကွက်စိပ်ဆရာ ဦးဖိုးလွင် ဆိုသူပင် ရှိခဲ့သေးသည်။
"ဖလေးမီးခြစ် ပြေးပြီးခြစ် သူဌေးကြီးဖြစ်"၊ "ကျောက်ရှိရင်၊ တောက်စေ့ရမယ် ၊ကျောက်ကုန်ရင်တော့ တောက်ပုံမရဘူး" စသဖြင့် ကာရန် နဘေ တို့ဖြင့် ရွတ်ဖတ်ပီး စိတ်ဝင်စားအောင် အော်ဟစ်ရောင်းချခဲ့သည်ဟု ဆိုပါသည်။ ထို ဦးဖိုးလွင်ကြီး မီးခြစ်သွားရောင်းရင် ချော်လဲတော့ ပုဆိုးကျွတ်ကျတာ ပုဆိုးမဝတ်အားဘဲ မီးခြစ်ကလေးတွေ အရင်လိုက်ကောက်တယ်ဆိုတဲ့ ရယ်စရာအဖြစ်ကလေးကိုလည်း အခုထိ ပြောနေကြတုန်း။ မီးခြစ်လုပ်ငန်းကို ဖလေးရွာအပြင် မုဒုံ၊ ဒေးဒရဲ၊ ဓနုဖြူမြို့များတွင်လည်း ပြုလုပ်ကြသေးသည်။ သို့သော် ဖလေးမီးခြစ်လောက် မမှီပေ။ ဖလေးမီးခြစ်သည် ဆယ်နှစ်လောက် အသုံးခံသည်။
မီးခြစ်ပြုလုပ်ပုံ
ပြင်ဆင်ရန်မီးခြစ်ပြုလုပ်ပုံ အကြမ်းဖျင်းမှာ ကြေးပြား သုံးဆိုဒ် ခွေ။ ဂဟေဖြင့် ဘရိုးလင်းဖြင့် ဂဟေဆက်။ ပြီးလျှင် ဆူးကားလို ပုံစံ သံလုံးမှာ အံချ။ မီးခြစ် အဖုံး အပိတ်ကလေးတွေ အံကျ ပြီး ဆိုရင် ထိပ်ပိတ် ဖင်ပိတ်လေးတွေ ဂဟေဆက်။ ပြီးရင် ဒိုးဆူးနဲ့ အပေါက်ဖောက်။ဘီးနဲ့ မီးခြစ်ကျောက်တိုင် စိုက် ဂဟေဆက်။ ဘီးထပ်မယ့် တိုင်ကို ခွဲ။ ဘီးတပ်။ မီးခြစ် ဘီးကို ကြေးချောင်းလေးနဲ့ လိပစ် ရိုက်ပြီးတေယူရပါတယ်။ဝက်အူ အရစ်ချ။ စပရင်ထည့် ကျောက်ထည့်။ ပြီးရင် မီးခြစ်အပြင်ဘက်တွေကို တံဇဉ်းဖြင့် အချောသတ်ပြီး ကော်ပတ် နံပါတ် အမျိုးမျိုးနဲ့ အဆင့်ဆင့် တိုက်စား အချောသတ် အရောင်တင်ပြီးမှ လှပဝင်းဝါသော မီးခြစ် အဖြစ်သို့ ရောက်ရှိပါသည်။ အလုပ်ရှုပ်သော လက်ဝင်သော လုပ်ငန်းတစ်ခုလည်း ဖြစ်ပါသည်။
ရှေးယခင်က ဖလေးမှာ မီးခြစ်ဖို သုံးဆယ်ကျော် ရှိခဲ့သော်လည်း အခုအခါတွင် တစ်ဖိုသာ ကျန်ရှိပါတော့သည်။ ဓနုဖြူ မီးခြစ်၊ မုဒုံ မဝင်းလှ မီးခြစ်တို့ကို အံတုနိုင်ခဲ့သော ဖလေးမီးခြစ်သည် ကုန်ကြမ်းပစ္စည်းရှားပါးခြင်း၊ ပညာအမွေခံမည့်သူမရှိခြင်း၊ တဖက်နိုင်ငံမှလာသော ဂက်စ် မီးခြစ်များကို အစစအရာရာမယှဉ်နိုင်ခြင်းစသော အခက်ခဲများနှင့်ရင်ဆိုင်နေရပါသည်။ ယခုအချိန်မှာ ဆေးတံသောက်သော ကရင်လူမျိုးတို့ နေထိုင်ရာဒေသများသို့ တင်ပို့ရောင်းချသည့် စျေးကွက်တစ်ခုတော့ရှိနေပါသေးသည်။ လက်ဆောင်ပစ္စည်းအဖြစ်လည်း အသုံးပြုလျှက်ရှိပြီး ကမ္ဘာလှည့်ခရီးသည်များ စိတ်ဝင်တစားလာရောက်လေ့လာသော ကဝမြို့နယ်၏ သင်္ကေတ လုပ်ငန်းတစ်ခုဖြစ်သည်။ အခက်ခဲအမျိုးမျိုးရှိသော်လည်း မပျောက်ပျက်အောင်ထိန်းသိမ်းသင့်သော ပညာရပ်တစ်ခု ဖြစ်ပါသည်။