ကွမ်းယာပုံပြင်
တစ်ခါက အမွှာညီအစ်ကိုနှစ်ယောက်ရှိကြသည်။ အစ်ကိုဖြစ်သူမှာ တန် ဖြစ်ပြီး ညီဖြစ်သူမှာ လန် ဖြစ်သည်။ သူတို့ညီအစ်ကိုနှစ်ယောက်သည် ချူချူ အမည်ရှိ တာအိုဝါဒီရသေ့ထံတွင် ပညာသင်ကြား ကြသည်။ ဆရာချူချူတွင် ၁၈ နှစ်အရွယ် သမီးပျိုတစ်ယောက်ရှိသည်။ နောက်ပိုင်းတွင် ဆရာက သမီးဖြစ်သူကို တန် နှင့်လက်ထပ်ပေးရာ ဇနီးမောင်နှံတို့ လင်မယားဘဝ တွင် ပျော်ရွှင်နေကြသည်။ ညီဖြစ်သူလန်အတွက်မှာမူ သူ့အစ်ကိုဖြစ်သူသည် လက်ထပ်ပြီး ကတည်းက သူနှင့်ရင်းနှီးမှု လျော့နည်းလာသည်ဟုခံစားရလာသည်။ သို့ဖြင့် အိမ်မှ ထွက်ခွာပြီး တပြည်လုံးအနှံ့ လျှောက်သွား နေခဲ့သည်။ မြစ်ကြီးတစ်ခုသို့ရောက်လာသောအခါ မဖြတ်နိုင်ပဲ ရှိနေသည်။ လှေတစ်စီးမျှပင်မတွေ့။ လန်သည် ဝမ်းနည်းလှသဖြင့် ငိုရင်းသေဆုံးသွားရာ မြစ်ကမ်းဘေးတွင် ထုံးကျောက်တုံးကြီး ဖြစ်သွားသည်။ ညီဖြစ်သူကြာရှည်စွာပျောက်နေသဖြင့် တန်သည် ရှာဖွေရန်ထွက်လာခဲ့သည်။ မြစ်ကမ်းဘေး ရောက်သောအခါ မောပန်းလှသဖြင့် ထုံးကျောက်တုံးကြီးဘေးတွင် သေဆုံးသွားသည်။ သေပြီးနောက် ကွမ်းပင်ဘဝသို့ပြောင်းလဲသွားသည်။ မိန်းမဖြစ်သူသည် လင်ယောက်ျား ပျောက်နေသည်မှာ ကြာနေပြီဖြစ်သဖြင့်ရှာဖွေရန်ထွက်လာရာ ကွမ်းသီးပင်ပေါက်ရာနေရာသို့ ရောက်လာသည်။ ကွမ်းသီးပင်ကိုကျောမှီရင်းသေဆုံးသွားရာ ကွမ်းသီးပင်တွင် တွယ်ကပ် ပေါက်သော ပူစပ်စပ်အရွက်ဖားဖားနွယ်ပင်ကြီးဖြစ်လာသည်။ ဝမ်းနည်းစရာ ဤဇာတ်လမ်းကို ကြားသိရသူ ဒေသခံများသည် သူတို့အတွက် ဘုရားကျောင်းတစ်ဆောင် ဆောက်လုပ်ပေး ခဲ့ကြသည်။ တစ်နေ့တွင် ဟွန့် အမည်ရှိဘုရင်တစ်ပါးသည် ထိုနေရာသို့ရောက်ရှိလာပြီး ဒေသခံများမှ တစ်ဆင့် အဆိုပါဇာတ်လမ်းအားကြားသိသွားသည်။ သူသည် သူ့လူများအား ကွမ်းရွက်တစ်ရွက်၊ ကွမ်းသီး တစ်လုံး နှင့်ထုံးအနည်းငယ်တို့အားရောနှောပြီးကြိတ်စေသည်။ ရလာသောကြိတ်ဖတ်များအား အရည်ညှစ်လိုက်ရာ သွေးကဲ့သို့ချင်းချင်းနီသောအရည်ကိုရရှိသည်။ ဘုရင်ကြီးသည် ယင်းအရည် ကို မြည်းစမ်းကြည့်ရာ အရသာထူးကဲလှသည်ကိုတွေ့ရသည်။ သို့ဖြင့် မင်္ဂလာ အခမ်းအနား များတွင် ကွမ်းစားခြင်းဓလေ့ကိုစတင်ကျင့်သုံးခဲ့သည်။ ထိုအချိန်မှစ၍ ကွမ်းစားခြင်းဓလေ့သည် ဗီယက်နမ် လူမျိုးတို့၏ စလေ့ထုံးတမ်းဖြစ်လာခဲ့ပြီး စကားဝိုင်းများတွင် ကွမ်းတစ်ယာဖြင့် စတင် လေ့ရှိကြသည်။