၁၉၅၈ ခုနှစ်တွင် မန္တလေးမြို့၌ အဖ ဦးတင်အောင်နှင့် အမိ ဒေါ်ကြည်ကြည်နှင်း တို့မှ မွေးဖွားခဲ့ပြီး ငယ်စဉ်က လွိုင်လင်၊ တောင်ကြီး၊ လားရှိုး၊ ကွတ်ခိုင် စသည့်မြို့များတွင် ပညာဆည်းပူးခဲ့ပါသည်။ ၁၉၇၆ ခုနှစ်တွင် ပုသိမ်မြို့၊ အ.ထ.က (၃) မှ အခြေခံပညာ အထက်တန်း အောင်မြင်ခဲ့သည်။ ၁၉၈၄ ခုနှစ်တွင် ဆေးတက္ကသိုလ် (၂) ရန်ကုန်မှ M.B.,B.S ဘွဲ့ကို ရရှိခဲ့သည်။ ဇနီးမှာ ဒေါက်တာ ခင်ခင်ဌေး ဖြစ်ပြီး သမီး မထက်ထက်အောင် နှင့် သား မောင်စိုးထက်အောင်တို့ ထွန်းကားခဲ့သည်။

           ၁၉၉၅ ခုနှစ်တွင် ဆေးပညာပေး ဆောင်းပါးများ စတင်ရေးသားခြင်းဖြင့် စာပေနယ်အတွင်းသို့ ဝင်ရောက်ခဲ့သည်။  ၂၀၁၀ ခုနှစ်တွင် မြန်မာနိုင်ငံစာရေးဆရာအသင်း၏ အဖွဲ့ဝင်အဖြစ် စတင်ဝင်ရောက်ခဲ့ပြီး လှိုင်သာယာမြို့နယ် စာရေးဆရာအသင်း၏ နာယကတစ်ဦး အဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံဆရာဝန်အသင်း စာရေးဆရာ ဆရာဝန်အဖွဲ့၏ နာယက တစ်ဦးအဖြစ်လည်းကောင်း တာဝန်ယူ ဆောင်ရွက်လျက် ရှိပါသည်။ ကျန်းမာရေး ပညာပေးစာအုပ်များနှင့် ဆောင်းပါးများကို စဉ်ဆက်မပြတ် ရေးသားခဲ့ရာ ၂၀၀၆ ခုနှစ်အတွက် သုတစွယ်စုံစာပေဆု (အသုံးချသိပ္ပံ) ကို “သဘာဝမှရသော ကျန်းမာသုခ” စာအုပ်ဖြင့် လည်းကောင်း၊ (၁၆) ကြိမ်မြောက် ဆရာဝန်တင်ရွှေစာပေဆု (၂၀၁၇) ကို “သစ်သီးများနှင့် ကျန်းမာရေး” စာအုပ်ဖြင့်လည်းကောင်း၊ (၁၃) ကြိမ်မြောက် ထွန်းဖောင်ဒေးရှင်းစာပေဆု (၂၀၁၈) ကို “ဘဝလက်တွဲဖော်အစစ် ပရိုဘိုင်အိုတစ်” စာအုပ်ဖြင့်လည်းကောင်း၊ (၂၅) ကြိမ်မြောက် ပခုက္ကူဦးအုံးဖေ စာကြည့်တိုက်စာအုပ်ဆု (၂၀၁၈) ကို “လူသားအကျိုးပြု ပျားမျိုးစု” စာအုပ်ဖြင့်လည်းကောင်း စုစုပေါင်း စာပေဆု (၄) ဆု ရရှိခဲ့ပါသည်။ ၂၀၁၀ ခုနှစ် ဒီဇင်ဘာတွင်ဆေးဖက်ဝင် အပင်များအား လေ့လာဆည်းပူးလိုသူများအတွက် Gateway တစ်ခုဖြစ်စေမည့် ဆေးဖက်ဝင် အပင်ပေါင်း (၁၄၄၀) ပါဝင်သော “Medicinal Plant List of Myanmar” စာအုပ်အား ရုက္ခဗေဒပညာရှင်ဖြစ်သူ ဒေါက်တာမြတ်ကေသွယ်လွင် နှင့်အတူ ရေးသားပြုစုခဲ့သည်။ ဆေးဖက်ဝင် အပင်များကို သိပ္ပံနည်းကျ လေ့လာဖတ်ရှုနိုင်ရန်အတွက် “Medicinal Plant Series” စာအုပ်များအား အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့သည်။ ယနေ့အထိ ကျန်းမာသုတ စာအုပ်ပေါင်း (၄၃) အုပ်နှင့် ဆေးပညာပေး ဆောင်းပါးများ (၁၈၀) ကျော်ကို ရေးသားခဲ့ပါသည်။

           ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ကျန်းမာရေးဝန်ကြီးဌာနမှ ခန့်အပ် တာဝန်ပေးချက်အရ မန္တလေးမြို့ရှိ တိုင်းရင်းဆေးတက္ကသိုလ်တွင် ဂုဏ်ထူးဆောင်ပါမောက္ခ (Honorary Professor) အဖြစ် Phytochemistry ဘာသာရပ်ကို ကျောင်းသားများအား ၂၀၀၄ ခုနှစ်မှ စတင်ကာ ၂၀၁၅ ခုနှစ်အထိ နှစ်စဉ် သင်ကြားပို့ချပေးခဲ့ပါသည်။

           FAME Pharmaceuticals ဆေးဝါးလုပ်ငန်းကို ၁၉၉၄ ခုနှစ်တွင် စတင်တည်ထောင်၍ လုပ်ကိုင်ဆောင်ရွက်ခဲ့ရာ မြန်မာနိုင်ငံနှင့် နိုင်ငံတကာ အသိအမှတ်ပြု ဆုတံဆိပ်များကို လက်ခံရရှိခဲ့ပါသည်။ စွမ်းအင်ကို အကျိုးရှိရှိ အသုံးပြု၍ နိုင်ငံတကာအဆင့်မီ ဆေးဝါးများ ထုတ်လုပ်နိုင်ခြင်းကြောင့် ၂၀၁၃ ခုနှစ်တွင် အာဆီယံစွမ်းအင်ဆိုင်ရာ ဗဟိုဌာနက ပေးအပ် သော ASEAN Energy Awards 2013 ပထမဆုကိုလည်းကောင်း၊ ၂၀၁၄ ခုနှစ်တွင် အာဆီယံ စီးပွားရေးအကြံပေးကောင်စီက ပေးအပ်ချီးမြှင့်သော ASEAN Business Awards 2014 ဆန်းသစ်တီထွင်ခြင်း ကဏ္ဍအတွက် မြန်မာနိုင်ငံတွင် National Winner ဆုကိုလည်းကောင်း၊ ၂၀၁၆ ခုနှစ်တွင် Corporate Social Responsibilities (CSR) ကဏ္ဍအတွက် ပေးအပ်ချီးမြှင့်သည့် ASEAN Business Awards 2016 CLMV SME Excellence Award Winner ဆုနှင့် အာဆီယံလုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ယက်အဖွဲ့က ပေးအပ်ချီးမြှင့်သည့် ASEAN-OSHNET Excellence Award ကိုလည်းကောင်း၊ ၂၀၁၈ ခုနှစ်တွင် အာဆီယံဒေသအတွင်း ဝန်ထမ်းရေးရာ စီမံခန့်ခွဲမှုအတွက် ASEAN Business Awards 2018 Employment Winner ဆုကိုလည်းကောင်း အသီးသီး လက်ခံရရှိခဲ့ပါသည်။ ၂၀၁၄ ခုနှစ် မေလတွင် နိုင်ငံတော်သမ္မတက ပေးအပ်ချီးမြှင့်သော နိုင်ငံ့စွမ်းဆောင်ရည် ထူးချွန်ဆုကို လည်း လက်ခံရရှိခဲ့ပါသည်။

           ၂၀၀၃ ခုနှစ်မှ စတင်ကာ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ အနီးစခန်း၌ (၄၅) ဧက ကျယ်ဝန်းသော Fame Organic Pharming Project ကို စတင်တည်ထောင် စိုက်ပျိုးခဲ့ပြီး မြန်မာနိုင်ငံ အော်ဂဲနစ်အဖွဲ့နှင့် နိုင်ငံတကာ အော်ဂဲနစ်အဖွဲ့အစည်းတို့မှ ပေးအပ်သော အသိအမှတ်ပြု လက်မှတ်များကိုလည်း ရယူဆောင်ရွက်နိုင်ခဲ့ပါသည်။ ၂၀၁၆ ခုနှစ်တွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ချီးမြှင့်သော ရတနာပုံ စိုက်ပျိုးရေး သုတေသနဆိုင်ရာ ထူးချွန်ဆု (Yadanapon Award for Agricultural Research) နှင့် ၂၀၁၇ ခုနှစ်တွင် အာဆီယံဒေသတွင်း ဆန်းသစ်တီထွင်နိုင်မှုကဏ္ဍအတွက် ASEAN Business Awards 2017 Innovation Winner ဆုတို့ကို လက်ခံရရှိခဲ့ပါသည်။ အရည်အသွေးမြင့်မားသော အော်ဂဲနစ်စိုက်ပျိုးရေး နည်းစနစ်များကို ဆန်းသစ်တီထွင်ခဲ့သည့်အတွက် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် မြန်မာနိုင်ငံ အော်ဂဲနစ်စိုက်ပျိုးရေးအဖွဲ့မှ ပေးအပ်ချီးမြှင့်သည့် Honorary Certificate for Excellent Performance in Organic Farming ဂုဏ်ပြုလက်မှတ်ကိုလည်း လက်ခံရရှိခဲ့ပါသည်။

           နိုင်ငံတကာ အတွေ့အကြုံအနေဖြင့် ယနေ့အထိ ပြည်ပနိုင်ငံပေါင်း (၂၉) နိုင်ငံသို့ သွားရောက်၍ ဆေးပညာ နှီးနှောဖလှယ်ပွဲများ တက်ရောက်ဆွေးနွေးခြင်း၊ အချိန်တိုသင်တန်းများ တက်ရောက်ခြင်း၊ ဆေးဝါးထုတ်လုပ်ရေးနှင့် ဆေးဝါးသုတေသန လုပ်ငန်းများကို အဆက်မပြတ် လေ့လာဆည်းပူး လုပ်ကိုင်လျက်ရှိပါသည်။ ယင်းမှရရှိသော အတွေ့အကြုံ များဖြင့် ကျန်းမာရေး ပညာပေးဆောင်းပါးနှင့် စာအုပ်များရေးသားခြင်း၊ ရုပ်မြင်သံကြားမှ ရိုက်ကူးထုတ်လွှင့်ခြင်း၊ အများပြည်သူသို့ ကျန်းမာသုတ ဟောပြောပွဲများ ကျင်းပပြုလုပ်ခြင်းနှင့် ဆရာဝန်များသို့ CME Programme အဖြစ် ပြောကြားခြင်းတို့ကို ပြုလုပ်လျက်ရှိပါသည်။ ထို့အပြင် တက္ကသိုလ်များမှ ဌာနဆိုင်ရာနှင့် အသင်းအဖွဲ့များ၏ ဖိတ်ကြားချက်အရ ၂၀၁၀ ခုနှစ်မှ စတင်ကာ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ တက္ကသိုလ်ပေါင်း (၄၀) တို့တွင် ကျန်းမာရေးဆိုင်ရာ၊ ပညာရပ်ဆိုင်ရာနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ဟောပြောပွဲများ သွားရောက် ဟောပြောခဲ့ပြီး ဖြစ်ပါသည်။

           ယခုလက်ရှိတွင် FAME Pharmaceuticals ဆေးဝါးလုပ်ငန်း၏ မန်နေးဂျင်း ဒါရိုက်တာအဖြစ် တာဝန်ယူ ဆောင်ရွက်လျက် ရှိပါသည်။